မိုးရေသိုလှောင်ခြင်း—ခေတ်ဟောင်းနှင့် ခေတ်သစ်
မိုးရေသိုလှောင်ခြင်း—ခေတ်ဟောင်းနှင့် ခေတ်သစ်
အိန္ဒိယနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
ရေသည် ကမ္ဘာမြေနှင့် ပင်လယ်တို့မှ အငွေ့ပြန်လိုက်၊ မိုးတိမ်ဖွဲ့စည်းလိုက်၊ မိုးရွာချလိုက်နှင့် ထောင်စုနှင့်ချီ၍ သဘာဝအတိုင်း သံသရာလည်လျက်ရှိသည်။ ဤချွေတာရေးစနစ်က ကမ္ဘာမြေပေါ်ရှိ လူတိုင်းအတွက် ရေအလျှံပယ်ရရှိစေသည်။ သို့ဆိုလျှင်၊ လူသားတို့ကို ကပ်ဆိုက်စေသည့် ဆိုးရွားလှသော ရေပြဿနာများ အဘယ်ကြောင့် ရှိနေရသနည်း။ ဖြစ်နိုင်သောဖြေရှင်းနည်းများကား အဘယ်နည်း။ အဖြေရရန် အိန္ဒိယနိုင်ငံရှိ ရေအခြေအနေကို လေ့လာကြည့်ကြစို့။
လူဦးရေ သန်းတစ်ထောင်ကျော်သော အိန္ဒိယနိုင်ငံတွင် ရေအရင်းအမြစ်များသည် စိုးရိမ်မှတ်သို့ ရောက်ရှိနေကြောင်း တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံ၏ရေသည် အဘယ်အရပ်မှ လာသနည်း။ မြောက်ဘက်စွန်းပိုင်းတွင် ဟိမဝန္တာတောင်တန်းရှိ နှင်းများနှင့် ရေခဲပြင်ကြီးများ အရည်ပျော်ရာမှ နွေဦးရာသီ၌ မြစ်ရေများ ပြည့်နေတတ်သည်။ သို့သော် အိန္ဒိယတိုက်ငယ်၏အများစုသည် ခြောက်သွေ့သောမြေကို စိုစွတ်စေရန်၊ ရေတွင်းရေကန်များကို ရေဖြည့်ပေးရန်၊ နိုင်ငံတစ်လျှောက် သွယ်ယှက်နေသောမြစ်ကြီးများ ရေတိုးလာစေရန် နှစ်စဉ်ကျရောက်သည့် မုတ်သုံမိုးများကို အားထားနေရသည်။ အိန္ဒိယနိုင်ငံ၏မုတ်သုံမိုးသည် ကြိုတင်ခန့်မှန်း၍မရသောရာသီဖြစ်သည်၊ “ဂြိုဟ်တုများမှသည် စွမ်းအားမြင့်စူပါကွန်ပျူတာများအထိ ခေတ်သစ်နည်းပညာ တိုးတက်မှုများရှိနေသည့်ကြားမှ စိတ်နောက်ရလောက်အောင်ခန့်မှန်းရအခက်ဆုံးဖြစ်အင်တစ်ခု . . . အံ့ဩစရာကောင်းလောက်အောင် ခန့်မှန်းရခက်သည့်ရာသီ” အဖြစ် ဖော်ပြကြသည်။
ပုံမှန်မုတ်သုံရာသီသည် သုံးလေးလအထိ ကြာတတ်သည်၊ သို့သော် ထိုရာသီတစ်လျှောက်လုံး မိုးမှန်မှန်ရွာသွန်းခြင်းမရှိချေ၊ မိုးအများစုသည် အချိန်တိုလေးအတွင်း သဲကြီးမဲကြီး ရွာချတတ်သည်။ ယင်းကြောင့် ဆည်များ ရေပြည့်လျှံလာကာ ရေလွှတ်ပေးရသည်။ မြစ်ရေများလျှံတက်ပြီး လယ်ကွင်းများနှင့် အိမ်များကို ရေလွှမ်းမိုးတတ်သည်။ ခေတ်မီစက်မှုလုပ်ငန်းထွန်းကားလာခြင်းနှင့် မြို့ပြဖြစ်စေခြင်းတို့ကြောင့် နေရာအနှံ့သစ်တောပြုန်းတီးလာရာ အဖိုးတန်မိုးရေကို ၎င်းတို့၏အမြစ်များတွင် ကာဆီးကာ မြေကြီးထဲ တဖြည်းဖြည်းစိမ့်ဝင်စေသည့် သစ်ပင်များသည် အများအားဖြင့် အလုံအလောက်မရှိတော့ချေ။ ထို့ကြောင့် အပေါ်ယံမြေဆီလွှာသည် ချောင်းရေများနှင့်အတူ မျောပါသွားပြီး မြေကြီးကို တိုက်စားပစ်၏။ ရေကန်များ၊ ရေအိုင်များတွင် နုန်းများသဲများ စုပြုံလာကာ တိမ်စေသဖြင့် ရေဝင်ဆံ့မှု နည်းစေသည်။ သို့နှင့် အဖိုးတန်မိုးရေအများစုမှာ အလဟဿဖြစ်ကုန်သည်။
ဤသို့ဖြင့် မုတ်သုံရာသီ ကုန်လွန်သွား၏။ ကျန်ရှိသောရာသီတစ်လျှောက်လုံးတွင် ချစ်ချစ်တောက်ပူပြင်းသောလများရောက်လာပြီး နေ့စဉ်နေ့တိုင်း နေသာနေတတ်သည်။ မြေကြီးမှာ ချက်ချင်းခြောက်သွေ့လာပြီး လယ်ကွင်းများ မာကျောလာကာ ကွဲအက်ကုန်ကြသည်။ ရေစီးသန်သောမြစ်ချောင်းများမှာ ပြန့်ပြူး၍ သဲသောင်ထူသောမြစ်ကြမ်းပြင်များတွင် ရေစီးနည်းလာကြသည်။ ရေတံခွန်များလည်း ကွယ်ပျောက်ကုန်၏။ ရေအောင်းလွှာမှ ရေကို နက်သည်ထက်နက်အောင် တူးယူရသဖြင့် မြေအောက်ရေပြင်မှာလည်း နိမ့်ဆင်းသွားသည်။ မိုးရေ နည်းပါးလာသည်နှင့် မိုးခေါင်ရေရှားဖြစ်လာကာ သီးနှံများ မအောင်တော့၊ ကျွဲနွားတိရစ္ဆာန်များ သေဆုံးကြ၏၊ ကျေးလက်နေသူများသည် မြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်လာကြရာ မြို့ပြရေပြဿနာများ ထပ်ဆင့်တိုးများစေပြန်သည်။
သို့သော် ဤအတိုင်း အမြဲတမ်း ဖြစ်မနေခဲ့ပါ။ ရှေးအချိန်ကတည်းက အိန္ဒိယနိုင်ငံတစ်ဝန်းလုံးရှိ လူတို့သည် မုတ်သုံမိုးကုန်သည်နှင့် ခြောက်သွေ့လာသည့် မြစ်များနှင့် ကန်များကိုသာ လုံးလုံးလျားလျား အားထားမနေခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သိရှိခဲ့ကြသည်။ သူတို့သည် မိုးရွာသည့်နေရာတွင် မိုးရေခံနည်း၊ ယင်းရေကို လတ်တလောလိုအပ်ရာများအတွက် အသုံးပြုနည်း၊ မိုးကုန်ချိန်အတွက် ရေသိုလှောင်နည်းတို့ကို ကြံဆတီထွင်ခဲ့ကြသည်။ ယင်းနည်းမှာ မိုးရေသိုလှောင်ခြင်းတည်း။
ယနေ့ မိုးရေသိုလှောင်ရေးအတွက် လိုအပ်ချက်
ခေတ်မီနည်းပညာနှင့် ဆည်ကြီးများ၊ တမံများနှင့် ဆည်မြောင်းများ—အိန္ဒိယနိုင်ငံတွင် အလွန်များပြားစွာရှိသည်—ကိုထောက်ရှု၍ ရှေးခေတ်ရေသိုလှောင်နည်းစနစ်များကို စိတ်ဝင်စားမည့်သူရှိမည်မဟုတ်ဟု စဉ်းစားမိပေမည်။ စင်စစ်အားဖြင့် လူတို့သည် အိမ်များ သို့မဟုတ် ရွာများတွင် ပိုက်ခေါင်းမှ ရေရနိုင်သည်နှင့် ထိုနည်းပညာအများစုကို အသုံးမပြုတော့ဘဲ နေလာကြသည်။ သို့သော် စိတ်ဝင်စားစရာအကြောင်း ရှိနေသည်။ လွန်ခဲ့သော အနှစ် ၅၀ ကျော်က ရေသုံးစွဲခြင်းနှင့်ပတ်သက်သော စီမံကိန်းကြီးများသည် တိုးများလာနေသော လူဦးရေ၏ လိုအပ်ချက်များ၊ စိုက်ပျိုးရေးကို လုံးဝနီးပါးအခြေခံသည့် လူ့အဖွဲ့အစည်းမှ စက်မှုကိုအခြေခံသည့် လူ့အဖွဲ့အစည်းသို့ တစ်မုဟုတ်ချင်း ပြောင်းလဲမှုတို့ကို လိုက်မမီနိုင်တော့ချေ။ နိုင်ငံ၏ရေလိုအပ်မှုကို ဖြည့်ဆည်းပေးဖို့ ရေအလုံအလောက် မသိုလှောင်ထားနိုင်ခဲ့ချေ။
ယခုအခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် စိတ်ဝင်တစားရှိသော အာဏာပိုင်များက ရေထိန်းသိမ်းရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ကြရန် နှိုးဆော်ဖို့လိုအပ်သည်ဟု ယူဆကြသည်။ အိမ်များ၊ စက်ရုံများ၊ ကျောင်းများတွင် မိုးရေသိုလှောင်ကြရန် ဆော်သြလျက်ရှိကြကာ ရေကိုအနည်းငယ်အတိုင်းအတာဖြင့် သိုလှောင်ထားသည့် နေရာမှန်သမျှသည် လက်တွေ့ကျသည်။ သို့ဖြစ်၍ မြို့ကြီးများနှင့် ပြည်နယ်များစွာရှိ အဆောက်အအုံသစ်များတွင် မိုးရေသိုလှောင်သည့်နည်းစနစ်များ မဖြစ်မနေထားရှိရန် လုပ်ဆောင်လျက်ရှိသည်!
ဂါလံသန်းနှင့်ချီသော မိုးရေများသည် ရေသိုလှောင်၍မရသည့်ဒေသများတွင် ရွာချကြသဖြင့် အငွေ့ပြန်ရုံ သို့မဟုတ် ပင်လယ်ထဲ စီးဝင်ရုံသာရှိတော့သည်။ သို့သော် မိုးရေသိုလှောင်ခြင်းသည် မိုးရွာသည့်နေရာ၌ ရေခံပါ ဟူသည့် အယူအဆအပေါ် အခြေခံထားသည်။ မိုးရေကို လူတိုင်း သိုလှောင်ကြရသည်။ အဖိုးအခပေးရ၍ ဆင်းရဲသားများအတွက် စရိတ်များလှသည့် တမံရေများ၊ တူးမြောင်းရေများနှင့်မတူသည့် ဤရေကို အခမဲ့ရနိုင်သည်!
ဦးဆောင်ဦးရွက်ပြုခြင်း
ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် စိတ်ဝင်တစားရှိသည့် လူများစွာသည် ရေထိန်းသိမ်းသိုလှောင်ရေးတွင် ပါဝင်လာကြသည်။ တချို့သည် နိုင်ငံတကာ ဆုတံဆိပ်များ ချီးမြှင့်ခြင်းခံခဲ့ကြရသည်၊ ရာဂျင်ဒရာစင်းဆိုလျှင် ၂၀၀၁ ခုနှစ်တွင် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂုဏ်ထူးဆောင် မဂ္ဂစီစီ ဆုကို ရရှိခဲ့သည်။ သူတည်ထောင်ခဲ့သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခု၏ လုပ်ကိုင်ဆောင်ရွက်မှုကြောင့် စင်းသည် ရာဂျာစတန်ပြည်နယ်ရှိ ခန်းခြောက်လုနီးပါးဖြစ်နေသော အရာဗာရီမြစ်ကို ပြန်လည်အသက်ဝင်လှုပ်ရှားစေခဲ့ရာ နိုင်ငံ့လူဦးရေ၏ ၈ ရာခိုင်နှုန်းခန့်ရှိသော ပြည်နယ်တစ်ခုမှာ ယင်း၏ ၁ ရာခိုင်နှုန်းခန့်သာရှိသောရေအရင်းအမြစ်မှ အကျိုးခံစားခဲ့ရသည်။ စင်းတို့အုပ်စုသည် ၁၅ နှစ်ကာလအတွင်း သစ်ပင်များကို စိုက်ပျိုးခဲ့ပြီး ရေတိုင်ကီ ၃၅၀၀ လုံး၊ ရေသိုလှောင်ဖို့ ရိုးရာဂျိုဟဲဒ်ပုံးများ တည်ဆောက်ပေးကြသဖြင့် ဒေသခံရွာသားများ ကြီးပွားအဆင်ပြေလာကြသည်။ ရေသိုလှောင်ရေးလုပ်ငန်းများ လုပ်ဆောင်ကြသည့် အခြားသူများမှာ လူအများစု၏သတိပြုခြင်းကို မခံရကြသော်လည်း အခြားသူများကို သူတို့ကူညီပေးနေသည်ဟူသည့် အသိကြောင့် ကျေနပ်မှုရရှိကြသည်။
စက်မှုလုပ်ငန်းရှင်များသည် မြို့ရေဖြန့်ဝေမှုများကို ဖြည့်ဆည်းပေးဖို့ မိုးရေသိုလှောင်ခြင်း၏ အကျိုးကျေးဇူးများကို သိမြင်လာကြပြီဖြစ်သည်။ အိန္ဒိယတောင်ပိုင်း၊ ဘင်္ဂလောမြို့ဆင်ခြေဖုံးရှိ စက်ရုံတစ်ရုံတွင် ရိုးရိုးလေးဖြစ်သော၊ စရိတ်မများသည့် အိမ်ခေါင်မိုးရေသိုလှောင်နည်းစနစ်ကို တည်ထောင်ခဲ့သည်။ ယခင်က အဝေးပြေးလမ်းမကြီးပေါ်ရွာချပြီး ဆုံးရှုံးခဲ့သည့်မိုးရေကို ရေဂါလံ ၁၀,၀၀၀ ဆံ့သည့် ရေစည်ကြီးဆီသို့ သွယ်ပို့ခဲ့သည်။ မုတ်သုံရာသီအတွင်း တစ်နေ့လျှင် သိုလှောင်ရေဂါလံ ၁,၃၀၀ ကို စက်ရုံစားသောက်ဆိုင်နှင့် အစားအစာအသုံးအဆောင်ပစ္စည်းများ ဆေးကြောဖို့အတွက် စစ်ထုတ်ခဲ့သည်။ ဤရည်ရွယ်ချက်များအတွက် မြို့ရေဖြန့်ဝေမှုစနစ်မှ ရေတစ်စက်ပင် မသုံးစွဲခဲ့ချေ။
‘ရေစက်တစ်စက်’ ဟု သင်ဆိုပေမည်။ သို့သော် သင့်တွင် တစ်နှစ်တစ်ကြိမ် ပိုက်ဆံထည့်သော ဘဏ်စာရင်းတစ်ခုရှိသည်ဆိုကြပါစို့။ နေ့စဉ်လိုအပ်ရာများအတွက် သင့်စာရင်းထဲမှ ထုတ်ယူနေရသဖြင့် တဖြည်းဖြည်းနှင့် ထည့်ထားသည်ထက်ပို၍ ထုတ်ယူလိုက်မိ၏။ တစ်နေ့တွင် ပိုထုတ်ငွေစာရင်းရောက်လာပါလိမ့်မည်။ သို့ရာတွင် လအနည်းငယ်မျှ နေ့စဉ်လိုအပ်ရာများအတွက် ပို၍လောက်ငသည့်အလုပ်ရမည်ဆိုလျှင် သင့်ငွေစာရင်းကို ပြန်ဖြည့်ပေးစရာရှိလာမည်။ ယခု ဤသဘောတရားကို ရေသိုလှောင်ရေးတွင် အသုံးပြုကြည့်ပါ။ စုဆောင်းသိုထားရာလေးကို အကြိမ်သန်းနှင့်ချီ၍ မြှောက်ကြည့်ပါ၊ မည်မျှရှိလာမည်နည်း။ မိုးရေမရတော့သည့်အခါ ပြန်ဖြည့်ထားသောရေအရင်းအမြစ်၊ မြင့်တက်လာသောမြေအောက်ရေပြင်၊ ပြည့်လျှံလာသောရေအောင်းလွှာတို့ကို ပြန်မှီခိုလာနိုင်မည်။ ရရှိနိုင်သောရေသည် အကန့်အသတ်သာရှိကြောင်း သတိရပါ၊ ရေမရှိတော့လျှင် ရေပိုထုတ်ယူစရာမရှိပါ။
တည်မြဲသောဖြေရှင်းနည်း
ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် မှီတင်းနေထိုင်သူများအတွက် အလျှံပယ်ထောက်ပံ့ပေးထားသည်။ သို့ရာတွင် ရာစုနှစ်များတစ်လျှောက် လူ့လောဘနှင့် အမြော်အမြင်နည်းမှုတို့က သန်းနှင့်ချီသော ကမ္ဘာသူကမ္ဘာသားများအတွက် ပျက်စီးယိုယွင်းသော နေထိုင်မှုအခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။ စိတ်ရိုးမှန်သူများ၏ ကြိုးစားအားထုတ်မှုများရှိသော်ငြားလည်း ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို လုံးဝ,ပပျောက်သွားစေရန် လူသားများတွင် အစွမ်းအစမရှိကြောင်း ထင်ရှားပါသည်။ ဝမ်းသာစရာမှာ မြေကြီးဖန်ဆင်းရှင်က “မြေကြီးကိုဖျက်ဆီးသောသူတို့အား ဖျက်ဆီးတော်မူ” ပြီး မျှတသည့်ရေသံသရာကို ပြန်လည်ဖြစ်ပေါ်စေမည်ဟု ကတိပေးထားသဖြင့် “တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ်ရေစီးလာ” ပါလိမ့်မည်။ မှန်ပါသည်၊ “တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။” လန်းဆန်းဖွယ် မိုးရေသိုလှောင်မှုပင်!—ဗျာ. ၁၁:၁၈; ဟေရှာယ ၃၅:၆၊ ၇။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
ရှေးခေတ်ရေသိုလှောင်နည်းစနစ်များ ပြန်လည်ထွန်းကားလာခြင်း
အိမ်ခေါင်မိုးရေ– ရိုးရိုးလေးနှင့် အကုန်အကျသက်သာသည်။ အနည်းငယ်လျှောသောအိမ်မိုးများက မိုးရေကို ရေတံလျှောက်များ၊ ထိုမှတစ်ဆင့် ပိုက်လုံးများ၊ အထူးစီမံထားသော စည်များထဲသို့ စီးဝင်စေသည်။ ဆန်ခါ၊ သဲ၊ ကျောက်စရစ်၊ မီးသွေးတို့ဖြင့် ရေကိုစစ်ပြီး သန့်ရှင်းစေသည်။ မြေအောက်ရေကျင်းများ သို့မဟုတ် ရေစည်များထဲသို့ သွယ်ပို့ပေး၏။ ရေစည်များကို လေ၊ နေနှင့် ဇီဝပစ္စည်းတို့ မဝင်နိုင်ရန် အသေအချာပိတ်ထားရသည်၊ ကျောက်ချဉ်ထည့်၍ ရေနောက်သက်သာစေ၏၊ ချွတ်ဆေးမှုန့်ဖြင့် ပိုးသတ်ပေးသည်။ ဤရေကို ဥယျာဉ်စိုက်ပျိုးခြင်း၊ အိမ်သာများ ရေဆေးခြင်း၊ အဝတ်အစားများ လျှော်ဖွပ်ခြင်းတို့အတွက် အသုံးပြုနိုင်သည်။ ထပ်ဆင့်သန့်စင်ပေးလျှင် သောက်ရေအဖြစ် အသုံးပြုနိုင်သည်။ ပိုလျှံသောရေများကို ရေတွင်းများထဲ စုဆောင်းနိုင်သည်၊ သို့မဟုတ် မြေအောက်ရေကို ဖြည့်ဆည်းရန် မြေအောက်သို့ စီးဝင်စေနိုင်သည်။ ယင်းသည် လူကြိုက်အများဆုံး မြို့ပြနည်းစနစ်ဖြစ်သည်။
နိုလာများ– ချောင်းကို ဖြတ်ပြီး တမံတုတ်ရသည်။ အငွေ့ပြန်သက်သာစေရန် ဘေးတစ်ဖက်တစ်ချက်တွင် အရိပ်ရအပင်များ စိုက်ပျိုးသည်၊ ရေကိုသန့်ရှင်းစေရန် ရေလှောင်ကန်ငယ်များတွင် ဆေးဖက်ဝင်အပင်များ ပစ်ချပေးသည်။
စိမ့်ဝင်ကန်များ၊ ရားပတ်များ– မိုးရေ သိုလှောင်ရန် သဲမြေ သို့မဟုတ် ကျောက်မြေတို့တွင် ကန်ငယ်များ တည်ဆောက်သည်။ ရေတချို့ကို အသုံးပြုကြ၏၊ ကျန်ရေများကိုမူ တွင်းရေဖြည့်ပေးသော ရေအောင်းလွှာများထဲသို့ စိမ့်ဝင်စေသည်။
ဘန္ဒရာများ– စိမ့်စမ်းများမှ ရေကိုကြားဖြတ်သွယ်ယူရန် မြေအောက်ကန်ငယ်များကို တည်ဆောက်ပြီး မြို့သုံးရေအတွက် ရေစည်များသို့ သွယ်ပို့ပေးသည်။
ကားနတ်များ– တောင်ကုန်းဒေသများရှိ တွင်းချိုင့်များတွင် မိုးရေအိုင်ထွန်းသဖြင့် ယင်းရေကို မြေအောက်မြောင်းများတွင် စုဆောင်းကာ သိုလှောင်တွင်းများရှိရာအဝေးသို့ ဆွဲယူသွယ်ပို့ပေးသည်။
စုပေါင်းရေစည်များ– ရေတံလျှောက်များမှတစ်ဆင့်ရသော မိုးရေကိုသိုလှောင်ရန် အောက်ပိုင်းရှိ ရေစည်များသို့ စီးဝင်သွားသော ရေပိုရေလျှံများရှိရာ ရေစည်များ ဖြစ်သည်။
[Credit Line]
Courtesy: S. Vishwanath, Rainwater Club, Bangalore, India
[Picture Credit Line on page 19]
UN/DPI Photo by Evan Schneider
[Picture Credit Line on page 20]
UN/DPI Photo by Evan Schneider