ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
မိကျောင်းဖြူများကိုတွေ့ရှိ
“အော်ရစ္စာပြည်နယ်ရှိ ဗစ်အာကာနီကာ အမျိုးသားဥယျာဉ်မှ သစ်တောအရာရှိများသည် မိချောင်းနှစ်ချုပ်စာရင်းကောက်ယူချိန်တွင် . . . ရှားပါးသည့် မိကျောင်းဖြူ ၁၅ ကောင်ကို တွေ့ ရှိခဲ့သည်” ဟုအိန္ဒိယနိုင်ငံ၏ သည် ဟင်ဒူ သတင်းစာက ဖော်ပြသည်။ မိကျောင်းဖြူများသည် အလွန်ရှားပါးပြီး “ကမ္ဘာပေါ်ရှိ အခြားမည်သည့်နေရာ၌မျှ မတွေ့ရချေ။” အတောမသတ်နိုင်အောင် တရားမဝင်ဖမ်းဆီးမှုကြောင့် ထိုနယ်မြေရှိ ပင်လယ်မိကျောင်းများသည် ၁၉၇၀ ပြည့်လွန်နှစ်များတွင် မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့သော်လည်း ပြည်နယ်အစိုးရက ကုလသမဂ္ဂအစီအစဉ်၏အကူအညီဖြင့် ဥယျာဉ်အတွင်း မိကျောင်းမွေးမြူရေးစီမံကိန်းတစ်ခုကို စတင်ခဲ့သည်။ လမုပင်များပေါခြင်း၊ ရေမညစ်ညမ်းခြင်း၊ အစာရေစာပေါများခြင်းနှင့် လူတို့၏နှောင့်ယှက်မှုနည်းခြင်းတို့ကြောင့် မွေးမြူရေးအစီအစဉ်အောင်မြင်ခဲ့သည်။ သည် ဟင်ဒူ အရ ယခုအခါ ဥယျာဉ်တွင် ရှားပါးသောမိကျောင်းဖြူများနှင့်အတူ ပုံမှန်အရောင်ရှိသည့် မိကျောင်း ၁,၅၀၀ ခန့် ရှိသည်။
ဆေးလိပ်၊ ဆင်းရဲမွဲတေခြင်းနှင့် ဖျားနာခြင်း
“ဆေးလိပ်သောက်သူ ၈၄ ရာခိုင်နှုန်းနီးပါးသည် ဆင်းရဲသောနိုင်ငံများတွင် နေထိုင်ကြောင်း၊ ထိုနိုင်ငံများတွင် ဆေးလိပ်သောက်ခြင်းနှင့် ဆင်းရဲမွဲတေခြင်းတို့သည် ရုန်းမထွက်နိုင်သည့်သံသရာတစ်ခုဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) ကသတိပေးသည်” ဟုစပိန်သတင်းစာ ဒီအာယို မီဒီကိုး ကဖော်ပြ၏။ ထို့ပြင် နိုင်ငံတိုင်းတွင် “ဆေးလိပ်အများဆုံးသောက်သူများနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ပြဿနာအများဆုံးကြုံရသူများသည် အဆင်းရဲဆုံးသူများအဝင်ဖြစ်သည်။” ဖွံ့ ဖြိုးပြီးနိုင်ငံအများစုတွင် ဆေးလိပ်သောက်သုံးမှု လျော့နည်းလာသော်လည်း ကမ္ဘာတစ်ဝန်းတွင်မူ “၎င်းသည် ဖျားနာစေသော စတုတ္ထအကြီးဆုံးအန္တရာယ်ဖြစ်လာပြီ” ဟုသတင်းစာက ဖော်ပြသည်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် နှစ်စဉ်သေဆုံးမှုနှုန်း ၆၀,၀၀၀ အထိရှိပြီဖြစ်သော စပိန်နိုင်ငံတွင် ဆေးလိပ်သောက်ခြင်းသည် “ဖျားနာမှု၊ မသန်မစွမ်းမှုနှင့် မသေသင့်ဘဲသေဆုံးရမှုတို့၏ အဓိကအကြောင်းရင်း” ဖြစ်လာသည်။
သိုးများသည် မျက်နှာများကိုမှတ်မိ
ဦးနှောက်နှင့် အာရုံကြောပါရဂူ ကိသ် ကင်ဒရစ်ခ် က “သိုးများသည် အနည်းဆုံး အခြားသောသိုး ၅၀ နှင့် လူ ၁၀ ယောက်တို့၏မျက်နှာများကို မှတ်မိနိုင်ကြောင်း ကျွန်ုပ်တို့တွေ့ရှိခဲ့ပြီ” ဟု နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ကင်ဒရစ်ခ်နှင့် သူ၏အဖွဲ့က သိုးများသည် ရက်သတ္တပတ်အနည်းငယ် အတွင်း မျက်နှာ ၆၀ ကို မြင်တွေ့ရပြီးနောက် “အနည်းဆုံး နှစ်နှစ်အထိ” ၎င်းတို့အားလုံးကို မှတ်မိကြကြောင်း တွေ့ရှိခဲ့သည်။ သိုးများသည် မျက်နှာလောက်ကိုသာ မှတ်မိကြသည်မဟုတ်၊ လူများကဲ့သို့ပင် သူတို့သည်လည်း “မျက်နှာတွင်ပေါ်လွင်သည့် စိတ်ခံစားမှုများကိုသိရှိ” နိုင်သည်။ သိုးများသည် “လူတို့၏ ကွဲပြားသောမျက်နှာထားများကို ခွဲခြားနိုင်ကြောင်း၊ သူတို့သည် စိုးရိမ်နေသောသိုးများ၏ မျက်နှာထားပြောင်းလဲမှုများကို သတိပြုမိနိုင်ကြောင်း၊ လူတို့၏ စိတ်ဆိုးနေသောမျက်နှာထားထက် ပြုံးရွှင်နေသောမျက်နှာထားများကိုလည်း ပို၍နှစ်သက်” ကြကြောင်း ဂျာနယ်က ဖော်ပြသည်။ “သိုးများသည် သိုးထိန်းများ၏မျက်နှာကို သိုးအုပ်ထဲမှ သူတို့အလွန်အကျွမ်းတဝင်ရှိသောသိုးတစ်ကောင်အနေဖြင့် မြင်နိုင်” ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ကင်ဒရစ်ခ် က ဤသို့ဆိုသည်– “စင်စစ်အားဖြင့် ဖော်ရွေသောလူများသည် သိုးချင်းအဖြစ် ယူမှတ်ခံရသည်။ ယင်းက သိုးများသည် ၎င်းတို့၏သိုးထိန်းများနှင့် ရင်းနှီးမှုရှိကြောင်း ဖော်ပြသည်။”
ဩစတြေးလျနိုင်ငံ၏ ဖန်လုံအိမ် ညစ်ညမ်းမှု
“စက်မှုနိုင်ငံအားလုံးတွင် ဩစတြေးလျနိုင်ငံသားတစ်ဦးစီ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းမှာ အများဆုံးဖြစ်သည်” ဟုသြစတြေးလျသုတေသနဌာနက ဖော်ပြသည်။ ဩစတြေးလျနိုင်ငံသည် ၂၀၀၁ ခုနှစ်အတွင်း၌ လူတစ်ဦးလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဖန်လုံအိမ်ဓာတ်ငွေ့ ပျမ်းမျှ ၂၇.၂ တန်ထုတ်လုပ်ခဲ့သည်။ သုတေသနဌာနမှ မှတ်တမ်းတစ်ခုက ဤသို့ကိန်းဂဏန်းမြင့်တက်လာခြင်းမှာ ဩစတြေးလျနိုင်ငံသည် ကျောက်မီးသွေးဖြင့်ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား၊ မော်တော်ကားများနှင့် အလူမီနီယံထုတ်လုပ်မှုတို့အပေါ် အားထားနေရခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြ၏။ လူတစ်ဦးကျ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်း နောက်ထပ်အများဆုံးဖြစ်သည့်နိုင်ငံများမှာ ကနေဒါ (၂၂ တန်) နှင့် အမေရိကန်ပြည်ထောင်စု (၂၁.၄ တန်) တို့ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့အနည်းဆုံး ထုတ်လွှတ်သည့်နိုင်ငံမှာ လတ်ဗီးယားနိုင်ငံဖြစ်၏၊ ၎င်းနိုင်ငံတွင် လူတစ်ဦးလျှင် ဖန်လုံအိမ်ဓာတ်ငွေ့ ၀.၉၅ တန်ထုတ်လွှတ်သည်။ ဩစတြေးလျနိုင်ငံသည် လူဦးရေအတော်အသင့်သာရှိသော်လည်း ယင်း၏စုစုပေါင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ “(တစ်နိုင်ငံစီတွင် ဩစတြေးလျလူဦးရေ၏ သုံးဆခန့်ရှိသည့်) ပြင်သစ်နှင့် အီတလီ ကဲ့သို့သော အဓိကကျသည့် ဥရောပစီးပွားရေးနိုင်ငံများထက် ပိုများသည်” ဟုမှတ်တမ်းက ဖော်ပြခဲ့သည်။
ယာဉ်အသွားအလာဆူညံသံနှင့်အပြိုင် နိုက်တင်ဂေးငှက်များ၏ တွန်ကျူးသံများ
“ဆူညံသံများတိုးများလာလေ နိုက်တင်ဂေးငှက်များ၏တွန်ကျူးသံများ ပို၍ကျယ်လောင်လာလေဖြစ်သည်” ဟုဂျာမန်သတင်းစာ ဘာလီနာ စိုင်တွန်း က ဖော်ပြသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘာလင်တက္ကသိုလ် ဇီဝဗေဒဌာနမှ ဟင်န်ရစ်ခ် ဘရူးမ် ၏ လေ့လာချက်အရ ငှက်တစ်ကောင်၏ နယ်မြေကိုဖော်ပြရန်နှင့် အမများကိုဆွဲဆောင်ရန်အတွက် တွန်ကျူးသည့် အသံပမာဏသည် ပတ်ဝန်းကျင်ဆူညံသံအဆင့်ပေါ်မူတည်၍ ၁၄ ဒယ်ဆီဘယ်အထိ ကွာခြားကြောင်း တွေ့ရှိခဲ့သည်။ “၎င်းပမာဏသည် များပုံမပေါက်သော်လည်း အသံဖိအားငါးဆ တိုးလာခြင်းနှင့်ညီမျှသည်၊ ဆိုလိုသည်မှာ ငှက်၏အဆုတ်များတွင် ဖိအားငါးဆ ပိုများလာရမည်ဖြစ်သည်။” ဆိတ်ငြိမ်သောဒေသများတွင် ငှက်များ၏တွန်ကျူးသံသည် ၇၅ ဒယ်ဆီဘယ်ကျယ်၏။ ယာဉ်အသွားအလာများသောနေရာများတွင်မူ ငှက်များသည် ၈၉ ဒယ်ဆီဘယ်အသံပမာဏဖြင့် တွန်ကျူးကြသည်။ “အထူးသဖြင့် သုတေသီများကို အံ့အားသင့်စေသောအရာမှာ ငှက်များသည် နေ့စဉ် အသစ်သောအခြေအနေများနှင့်အညီ ပြောင်းလဲနေပုံရခြင်းဖြစ်၏။ စနေ၊ တနင်္ဂနွေနေ့များတွင် ပုံမှန်ခရီးဝေးအလုပ်ဆင်းသည့် ယာဉ်များအသွားအလာမရှိသောကြောင့် ငှက်များသည် အလုပ်ဆင်းရက်များတွင်ထက် ပို၍ညင်သာစွာ တွန်ကျူးလေ့ရှိကြသည်” ဟုသတင်းစာက ဖော်ပြသည်။
ပိုလန်နိုင်ငံရှိ ကျောင်းများမှ ရာဇဝတ်မှု
၂၀၀၃ ခုနှစ်တွင် “[ပိုလန်နိုင်ငံရှိ] ကျောင်းများ၌ ဓားပြမှုနှစ်သောင်းကို ကျူးလွန်ခဲ့ကြသည်။ [ပိုလန်] ကျောင်းသား/သူငယ် ၈၀ ရာခိုင်နှုန်းသည် အထီးကျန်သလို ခံစားရခြင်း၊ ဆရာ/မများနှင့်၊ အခြားကျောင်းသားများနှင့် အဆင်မပြေခြင်းတို့ကြောင့် သူတို့၏ကျောင်းကို မနှစ်မြို့ကြပါ” ဟု ပိုလန်နိုင်ငံ၏ ဂျာနယ် ဇွီယာချာဒ်ဝေါ က ဖော်ပြသည်။ အဘယ်ကြောင့် ပြဿနာ ဤမျှများရသနည်း။ “ကျောင်းများသည် ပြင်ပလောကနှင့်သီးခြားတည်ရှိမနေပါ။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ဖြစ်ပျက်နေရာများကို ထင်ဟပ်နေကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကျောင်းများကို ပုံသွင်းပေးသည့် လူမှုရေးစံနှုန်းများနှင့် မူများကို ဖန်တီးကြသည်” ဟု စိတ်ကျန်းမာရေးလုပ်သား ဗောချက်ခ် အိုင်ချယ်ဘာဂါ ကဆို၏။ ပြဿနာကိုတိုက်ဖျက်ရန် မိဘတို့သည် သားသမီးများကို အချိန်ပေးကာ မိမိတို့၏ကလေးများသည် အရေးပါသည်ဟု မိမိတို့ခံစားရကြောင်း ကလေးများအား သွန်သင်ပေးဖို့ အိုင်ချယ်ဘာဂါ က အကြံပြုသည်။
ခန္ဓာကိုယ်ပုံပန်းအသွင်အပြင်အတွက် ရုန်းကန်မှု
“လူငယ်များ—နှင့် အထူးသဖြင့် မိန်းကလေးများ—သည် သူတို့၏ခန္ဓာကိုယ်ပုံပန်းအသွင်အပြင်အတွက် ငယ်ငယ်ရွယ်ရွယ်နှင့် ရုန်းကန်နေကြသဖြင့် ကျန်းမာရေးကို များစွာထိခိုက်စေနိုင်သည်” ဟုကနေဒါနိုင်ငံ၏ ဂလုပ်ဘ်အဲန်မေးလ် သတင်းစာက ဖော်ပြသည်။ အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ် မိန်းကလေးများအား အစာစားခြင်းနှင့်စပ်လျဉ်းသည့် သူတို့၏သဘောထားများကို စုံစမ်းမေးမြန်းကြည့်ရာ ၂,၂၀၀ ကျော်က ဖြေဆိုပေးကြသည်။ ဂလုပ်ဘ် က ဤသို့ဖော်ပြသည်– “အဝလွန်သော မိန်းကလေးများမှာ ၇ ရာခိုင်နှုန်းပင် မပြည့်သော်လည်း ၃၁ ရာခိုင်နှုန်းကျော်က သူတို့ကိုယ်ကို ‘ဝလွန်း’ သည်ဟုဆိုကာ ၂၉ ရာခိုင်နှုန်းကမူ လောလောဆယ်တွင် အစားအစာကို အတိုင်းအချင့်နှင့်စားနေသည်ဟု ပြောပြကြသည်။” ကျန်းမာသန်စွမ်းသော ဤမိန်းကလေးများသည် အဘယ်ကြောင့် ကိုယ်အလေးချိန်လျှော့လိုကြသနည်း။ သတင်းစာအရ များသောအားဖြင့် အစားအစာကို အတိုင်းအချင့်နှင့် အမြဲစားပြီး အဝလွန်သူများအား ပြက်ရယ်ပြုကြသည့် အရွယ်ရောက်သူ မော်ဒယ်များကြောင့်ဖြစ်သည်။ “လူထုဆက်သွယ်ရေးသည်လည်း အလွန်ပိန်သောမော်ဒယ်များကို အမြဲအသားပေးဖော်ပြခြင်းဖြင့် ဆယ်ကျော်သက်တို့၏အပြုအမူအပေါ် ဩဇာလွှမ်းမိုးရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်သည်” ဟု ဂလုပ်ဘ် ကဆို၏။ တိုရန်တိုကလေးဆေးရုံမှ သုတေသန သိပ္ပံပညာရှင် ဒေါက်တာဂေးလ် မက်ခ်ဗေး က “ကိုယ်အလေးချိန်တိုးလာခြင်းသည် ကလေးများ မြီးကောင်ပေါက်အရွယ်ထိ ကြီးထွားလာရန်အတွက် သာမန် လိုအပ်ရာဖြစ်” ကြောင်း ကလေးများ၊ မိဘများနှင့် ဆရာ/မများပါ သဘောပေါက်ဖို့လိုသည်ဟု ထောက်ပြသည်။