မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဝလွန်ခြင်း တကယ့်ပြဿနာလော

အဝလွန်ခြင်း တကယ့်ပြဿနာလော

အဝ​လွန်​ခြင်း တကယ့်​ပြဿနာ​လော

“မြီး​ကောင်​ပေါက်​များ အဝ​လွန်​ခြင်း​သည် ကပ်ရောဂါ​အသွင်ဆောင်​နေပြီ။”—အက်စ်. ကေ. ဝဲ​န်​နူး၊ အတိုင်ပင်ခံ အတွင်း​စိမ့်ဂလင်း​ဗေဒ ပညာရှင်​ကြီး၊ အင်​ဒ​ရာ​ပ​ရက်စ်​သာ အပို​လို ဆေးရုံ၊ ဒေ​လီ၊ အိန္ဒိယ။

အထက်ပါ​မှတ်ချက်​အရ အလယ်အလတ်​တန်း​စား အိန္ဒိယ​မိသားစု​များစွာ​သည် ဆယ်ကျော်သက် အဝ​လွန်​မှု​ဖြစ်စေ​သည့် ဘဝ​ပုံစံ​သို့ ပြောင်းလဲ​သွား​ကြောင်း​ဖော်ပြ​သည်။ ဤ​ကပ်ရောဂါ​သည် ကိုယ်လက်​လှုပ်ရှားမှု​နည်း​ပြီး အကျိုးမဲ့​အစာကို သာ၍​ခုံခုံမင်မင်​စားသုံး​လာ​သည်​နှင့်​အမျှ နိုင်ငံ​များစွာ​တွင် ပျံ့နှံ့​နေသည့် ကူးစက်​မြန်​ရောဂါ​တစ်ခု ဖြစ်လာ​နေ​ပေ​ပြီ။ မြီး​ကောင်​ပေါက်​ဆေးပညာ​မှ အတိုင်ပင်ခံ​တစ်ဦး​က ဤသို့​ထုတ်ဖော်​ပြောဆို​ခဲ့​သည်– “[ဗြိတိန်​နိုင်ငံ​တွင်] နောက်​လာ​မည့်​မျိုးဆက်​သည် . . . လူ့​သမိုင်း​တွင် အဝ​လွန်​ဆုံး​မျိုးဆက်​ဖြစ်​လိမ့်​မည်။” ဂါ​ဒီ​ယန် ပတ်စဉ်​သတင်းစာ​က ဤသို့​ဖော်ပြ​ခဲ့​၏– “တစ်ချိန်က အဝ​လွန်​ခြင်း​သည် အရွယ်ရောက်​သူ​တစ်ဦး၏ အဓိက​ပြဿနာ​ဖြစ်​ခဲ့​သည်။ ယခု​မူ စားသောက်ခြင်း​အလေ့အထ​များနှင့် အထိုင်​များသော​ဘဝ​ပုံစံ​ရှိကြ​သည့် ဗြိတိန်​နိုင်ငံ​၏ လူငယ်​မျိုးဆက်​သည် အမေရိကန်​ပြည်ထောင်စု​တွင် ဦးဆုံး​တွေ့ရှိ​ခဲ့​သည့် ပြဿနာ​များ​ဆီ​သို့ ဦးတည်​လျက်​ရှိ၏။ ရေရှည် အဝ​လွန်​ခြင်း​က ဆီး​ချို​သွေး​ချို​ရောဂါ၊ နှလုံး​ရောဂါ​နှင့် ကင်ဆာ​ရောဂါ​အစ​ရှိသည့် ရောဂါ​ဝေဒနာ​များ​အတွက် ကြိုတင်​လမ်းခင်း​ပေး​သည်။”

အစာ​နှင့်​ပစ်ပေါက်​ကစား​ခြင်း​ဟူ​သည့်​စာအုပ်​ကို ရေးသား​ပြုစု​ကြ​သည့် စာရေး​ဆရာ​တို့​က ဤသို့​ဆို​သည်– “အစား​ကြူး​ခြင်း​သည် အာဟာရချို့​တဲ့​ခြင်း​ကို အစားထိုး​နေရာ​ဝင်​ယူ​ကာ ကမ္ဘာ့​အဓိက အစားအသောက်​ပြဿနာ​ဖြစ်လာ​နေပြီ။” ဒွန် ပက်​ခ်​က အတ္တ​လ​န်​တစ် လစဉ်​တွင် ဤသို့​ရေးသား​ဖော်ပြ​၏– “အမေရိကန်​လူမျိုး ကိုး​သန်း​ခန့်​သည် ယခု​အခါ ‘အဝ​လွန်​မည်​ကို စွဲ​ကြောက်’ နေကြပြီ၊ ယင်းက သူတို့သည် ကိုယ်​အလေးချိန် ပေါင်​တစ်​ရာ​ဝန်းကျင် ပို​နေသည့်​သဘော​ပင်။” ကိုယ်​အလေးချိန်​နှင့်​ဆက်နွှယ်​နေသည့် အခြေအနေ​များ​က ထို​နိုင်ငံ​တွင် တစ်နှစ်​လျှင် လူပေါင်း ၃၀၀,၀၀၀ အား အသေစော​စေ​ရာ “ဆေးလိပ်​သောက်​၍ သေဆုံး​ခြင်း​ပြီး​လျှင် ဒုတိယ​သေဆုံးမှု အများဆုံး​ဖြစ်သည်။” ပက်​ခ်​က ဤသို့​ကောက်ချက်​ချ​ခဲ့​၏– “အဝ​လွန်​ခြင်း​သည် မကြာမီ ငတ်မွတ်မှု​နှင့် ကူးစက်​ရောဂါ​တို့ကို ကျော်လွှား​ကာ ကမ္ဘာ​သူ​ကမ္ဘာ​သားတို့ အထူး​ဂရုပြု​ရမည့် လူထု​ကျန်းမာ​ရေး​ပြဿနာ​ဖြစ်လာ​နိုင်​ပေ​သည်။” ထို့​ကြောင့်၊ အဝ​လွန်​ခြင်း​၏ အန္တရာယ်ကို မည်သူ လျစ်လျူရှု​၍​နေနိုင်​မည်​နည်း။ စား​ပါ၊ သောက်​ပါ၊ ကျန်းမာ​စေပါ​ဟူသော​စာအုပ်​တွင် ဒေါက်တာ ဝေါ်လ်​တာ စီ. ဝီးလ်​လတ်​က “သင်​ဆေးလိပ်​သောက်​သည်​ဖြစ်စေ၊ မ​သောက်​သည်​ဖြစ်စေ အခန်း​သုံး ပေါင်ချိန်​စက်​မှ သင့်​အား​ပြူး​ကြည့်​နေသည့် ဂဏန်း​သည် သင့်​အနာဂတ်​ကျန်းမာ​ရေး​အတွက် အရေးအပါဆုံး​အတိုင်းအတာ​ဖြစ်၏” ဟု ရေးသား​ထား​သည်။ ဤ​တွင်​ရှိ အဓိက​စကားလုံး​မှာ အနာဂတ်​ကျန်းမာ​ရေး​ဖြစ်၏။

အဝ​လွန်​ခြင်း​ကို သင်​မည်သို့​အနက်ဖွင့်​မည်​နည်း

အဘယ်​အချိန်တွင် လူတစ်ဦးကို ကိုယ်​အလေးချိန်​ပို​နေ​ရုံ​မ​က အဝ​လွန်​နေသည်​ဟု သတ်မှတ်​သနည်း။ ယူ.အက်စ်.အေ.၊ မင်နီစိုတာ​ပြည်နယ်၊ ရာ​ချက်​စ​တာ​မြို့ရှိ မေ​ရို​ဆေးခန်း​က ဤသို့​ဖော်ပြ​ပေး​သည်– “အရိုးရှင်းဆုံး​ပြော​ရ​လျှင် အဝ​လွန်​ခြင်း​သည် ကိုယ်ခန္ဓာ​အဆီ​ပို​လာ​သည့်​အတွက် ကိုယ်​အလေးချိန် အလွန်အမင်း​ပို​နေခြင်း​ဖြစ်သည်။” သို့သော် လူတစ်ဦး​သည် ကိုယ်​အလေးချိန်​ပို​နေ​မနေ မည်သို့​သတ်မှတ်​ဆုံးဖြတ်​မည်​နည်း။ လူတစ်ဦး ကိုယ်​အလေးချိန်​ပို​မ​ပို၊ အဝ​လွန်​သည့်​အဆင့်​သို့ ရောက်​မ​ရောက်​နှင့်​ပတ်သက်​၍ အနီးစပ်ဆုံး​ကို အရပ်နှင့် ကိုယ်​အလေးချိန်​ပြ​ဇယား​များ​က လမ်းညွှန်​ပေး​နိုင်​ပါ​သည်။ (စာမျက်နှာ ၅ ရှိ ဇယား​ကို​ရှု။) သို့သော် ဤ​ဇယား​သည် ကိုယ်ခန္ဓာ​ဖွဲ့စည်းပုံ ကွဲပြားမှု​များ​ကို ထည့်​မ​တွက်​ထား​ပေ။ “ကိုယ်​အလေးချိန်​ထက် ကိုယ်ခန္ဓာ​အဆီ​ပမာဏ​သည် ကျန်းမာ​ရေး​အတွက် ပို​၍​ကောင်းသော ညွှန်​တံ​ဖြစ်သည်” ဟု မေ​ရို​ဆေးခန်း​က ဆို​သည်။ ဥပမာ၊ အားကစားသမား​တစ်ဦး​သည် ကြွက်သား​ထု သို့​မဟုတ် အရိုး​ကြီးသော​ကြောင့် ကိုယ်​အလေးချိန် ပို​၍​များနေ​နိုင်​သည်။ ကိုယ်​အလေးချိန်​ပို​ခြင်း သို့​မဟုတ် အဝ​လွန်​ခြင်း​ဖြစ်​ရသည့် အခြေခံ​အကြောင်းရင်း​များ​ကား အဘယ်နည်း။ ဤ​အမေး​ကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​သွား​မည်။