လုံးပါးပါးလာသည့် မြေသယံဇာတများ
လုံးပါးပါးလာသည့် မြေသယံဇာတများ
“သဘာဝတရားတွင် အရာရာဆက်စပ်နေကြသဖြင့် ယခုအခါ ကျွန်ုပ်တို့၏အတိတ်က အမှားများအတွက် တာဝန်ယူဖြေရှင်းနေကြရသည်။”—အာဖရိက တောရိုင်းတိရစ္ဆာန် မဂ္ဂဇင်း။
ဂေဟဗေဒခြေရာဟူသည် လူသားတို့သုံးစွဲနေသော သဘာဝသယံဇာတများနှင့် ယင်းတို့အား ကမ္ဘာမြေက ပြန်လည်ဖြည့်တင်းနိုင်စွမ်းကို နှိုင်းယှဉ်သည့် လေ့လာဆန်းစစ်မှုတစ်ရပ်ဖြစ်၏။ သဘာဝထိန်းသိမ်းရေးကမ္ဘာ့ရန်ပုံငွေအရ ကမ္ဘာချီဂေဟဗေဒခြေရာက ၁၉၈၀ ပြည့်လွန်နှစ်များကတည်းမှ သုံးအားသည် ပြန်လည်ဖြည့်တင်းအားထက် သွက်နေကြောင်း ဖော်ပြသည်။ * သို့သော် ယင်းက ကျွန်ုပ်တို့၏ပတ်ဝန်းကျင် အလွန့်အလွန် အကျပ်ရိုက်နေကြောင်း ဖော်ညွှန်းသည့် အညွှန်းတစ်ခုမျှသာဖြစ်သည်။
အညွှန်းနောက်တစ်မျိုးမှာ ကမ္ဘာ့ဂေဟစနစ်များ၏အခြေအနေဖြစ်သည်။ “ဂေဟစနစ်” ဟူသည့်ဝေါဟာရမှာ သက်ရှိသက်မဲ့ဒြပ်ဝတ္ထုများအပါအဝင် သဘာဝပတ်ဝန်းကျင်အတွင်းရှိ သက်ရှိအားလုံး၏ ရှုပ်ထွေးလှသောအပြန်အလှန်အကျိုးပြုမှုကို ရည်ညွှန်းသည်။ သစ်တော၊ ရေချိုနှင့် အဏ္ဏဝါမျိုးစိတ်တို့၏အရေအတွက်များက ဖော်ပြနေသော ဤဂေဟစနစ်များ၏ ယေဘုယျအခြေအနေကို သဘာဝထိန်းသိမ်းရေးကမ္ဘာ့ရန်ပုံငွေအဖွဲ့က သက်ရှိဂြိုဟ်အညွှန်းဟု အမည်ပေးထားသည်။ ၁၉၇၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း ဤအညွှန်းသည် သတ္တဝါကောင်ရေ ၃၇ ရာခိုင်နှုန်းခန့် ရုတ်တရက်ထိုးကျသွားခဲ့သည်။
လောက်ငပါမည်လော
သင်သည် ၂၄ နာရီဝယ်ယူနိုင်သည့် ကုန်စည်အပြည့်ရှိသော စတိုးဆိုင်များရှိရာ အနောက်နိုင်ငံတွင်နေထိုင်ပါက သဘာဝသယံဇာတများ ပြတ်လပ်တော့မည်ဟူသည့်အချက်ကို စဉ်းစားရခက်နေပေမည်။ မည်သို့ဆိုစေ၊ ကမ္ဘာသူကမ္ဘာသားအနည်းစုသာ ကြွယ်ဝချမ်းသာသည့်ဘဝမျိုး စံစားရကြ၏။ အများစုမှာမူ ဆက်လက်ရှင်သန်ရေးအတွက် နေ့စဉ်လုံးပန်းနေရသည့်ဘဝတွင် ချောင်ပိတ်မိနေကြသည်။ ဥပမာ၊ လူသန်းနှစ်ထောင်ကျော်သည် တစ်နေ့လျှင် သုံးဒေါ်လာ သို့မဟုတ် ထို့ထက်နည်းသည့်ငွေဖြင့် ရှင်သန်နေကြပြီး လူသန်းနှစ်ထောင်ကျော်မှာ လျှပ်စစ်ဓာတ်အား မရရှိကြောင်း ခန့်မှန်းရသည်။
လူအချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဆင်းရဲနွမ်းပါးမှုအတွက် ကြွယ်ဝချမ်းသာသောနိုင်ငံများ၏ ကုန်သွယ်ရေးစနစ်များကို အပြစ်ဖို့ကြသည်။ “ကမ္ဘာ့စီးပွားရေးသည် နွမ်းပါးသူတို့၏အကျိုးစီးပွားကို နည်းမျိုးစုံဖြင့် တိုက်ခိုက်နေသည်” ဟု ၂၀၀၃ အရေးပါသောလက္ခဏာများစာအုပ်က ဖော်ပြထားသည်။ နည်းသည်ထက်နည်းပြီး ပိုမိုဈေးကြီးလှသော ပတ်ဝန်းကျင်ဆိုင်ရာ “သယံဇာတများ” ကို သူ့ထက်ငါ အလုအယက်ကြိုးစားရယူနေသူ များသည်ထက်များလာသည်နှင့်အမျှ စီးပွားရေးအရ ဆုံးရှုံးနစ်နာနေသူတို့မှာ မိမိတို့ရသင့်ရထိုက်ရာအတွက် မယှဉ်ပြိုင်နိုင်ဘဲ ဖြစ်လာကြသည်။ ယင်းကြောင့် တတ်နိုင်သောကြွယ်ဝချမ်းသာသူတို့မှာ သဘာဝသယံဇာတများ ပိုမိုရရှိလာကြပြန်သည်။
ကွယ်ပျောက်လျက်ရှိသည့် သစ်တောများ
အာဖရိကတိုက်သား ၈၀ ရာခိုင်နှုန်းသည် ထင်းကိုအသုံးပြု၍ ချက်ပြုတ်နေကြသည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် တောင်အာဖရိကဂတ်အဝေးမဂ္ဂဇင်းက “အာဖရိကသည် ကမ္ဘာပေါ်တွင် လူဦးရေတိုးနှုန်းနှင့် မြို့ပြတိုးပွားမှုနှုန်း အမြင့်မားဆုံးနိုင်ငံဖြစ်သည်” ဟုဖော်ပြထား၏။ ယင်းကြောင့် ဆဟာရကန္တာရတောင်ဘက်စွန်းပိုင်းရှိ အပြောကျယ်သော မိုးနည်းရပ်ဝန်းဖြစ်သည့် ဆဟဲလ်ဒေသ၏ မြို့ကြီးတချို့အနီးအနားတွင် မြို့ပတ်လည်မိုင် ၆၀ ကျော်အတွင်း သစ်ပင်များပြောင်တလင်းခါသွားခဲ့ပြီဖြစ်သည်။ ထိုသစ်ပင်များကို စိတ်ရူးပေါက်၍ ခုတ်လှဲလိုက်ခြင်းမဟုတ်ပါ။ ‘အာဖရိကနိုင်ငံသားအများစုသည် အသက်ဆက်ရေးအတွက်မျှနှင့် မိမိတို့၏ပတ်ဝန်းကျင်ကို ဖျက်ဆီးနေကြသည်’ ဟု ပါမောက္ခဆယ်မြူယယ် နာနာစင်ကမ်က ပြောခဲ့၏။
တောင်အမေရိကရှိအခြေအနေမှာမူ အတော်လေးကွာခြားပါသည်။ ဥပမာ၊ ဘရာဇီးမိုးသစ်တောတွင် မှတ်ပုံတင်ထားသောသစ်ကုမ္ပဏီပေါင်း ၇,၆၀၀ နီးပါးရှိသည်။ ၎င်းတို့ထဲမှများစွာကို နိုင်ငံတကာကုမ္ပဏီစုကြီးများက ပိုင်ဆိုင်ထားကြသည်။ မဟော်ဂနီသစ်တစ်ပင်သည် သစ်ထုတ်ကုမ္ပဏီတစ်ခုအတွက် ဒေါ်လာ ၃၀ ခန့်တန်ဖိုးရှိသည်။ သို့ရာတွင် အချိန်တန်သော် ပွဲစားများ၊ ကုန်သည်များနှင့် ထုတ်လုပ်သူများက မိမိတို့အတွက် အမြတ်အစွန်းရအောင်လုပ်ဆောင်ကြရာ ပရိဘောဂပြခန်းသို့ရောက်ရှိသည်နှင့် ထိုသစ်ပင်မှာ ဒေါ်လာ ၁၃၀,၀၀၀ တန်သွား၏။ ယင်းကြောင့် မဟော်ဂနီကို ရွှေစိမ်းဟု ခေါ်ကြခြင်းသည် အံ့ဩစရာမဟုတ်ပါ။
ဘရာဇီးမိုးသစ်တောဖျက်ဆီးခြင်းအကြောင်း များစွာထုတ်ပြန်ခဲ့ပြီ။ ၁၉၉၅ နှင့် ၂၀၀၀ ပြည့်နှစ်ကြားတွင် ဘရာဇီးသစ်တော၏စတုရန်းမိုင် ၇,၀၀၀ ကျော်သည် နှစ်စဉ်ဖျက်ဆီးခံနေရကြောင်း ဂြိုဟ်တုဓာတ်ပုံများက ဖော်ပြသည်။ “ရှစ်စက္ကန့်တိုင်းတွင် ဘောလုံးကွင်းအရွယ်အစားရှိ သစ်တောဧရိယာ ကွယ်ပျောက်နေသည်ဖြစ်ရာ ဖျက်ဆီးနှုန်းမှာ ကြောက်ခမန်းလိလိဖြစ်သည်” ဟု ဘရာဇီးဗီဂျာ မဂ္ဂဇင်းက ဖော်ပြသည်။ ၂၀၀၀ ပြည့်နှစ်က အမေရိကန်ပြည်ထောင်စုတစ်ခုတည်းသို့ ဘရားဇီးမဟော်ဂနီ ၇၀ ရာခိုင်နှုန်းကျော် တင်သွင်းခဲ့ကြောင်း သတင်းပို့ခြင်းမှာ စိတ်ဝင်စားစရာဖြစ်သည်။
ကမ္ဘာ့အခြားနိုင်ငံများ၏ သစ်တောပြုန်းတီးမှုမှာလည်း ထိုနည်းနှင်နှင်ပင်။ ဥပမာ၊ မက္ကဆီကိုနိုင်ငံရှိ သစ်တောနှင့် တောတောင်ထက်ဝက်သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ပျောက်ကွယ်သွားခဲ့ပြီ။ ဖိလစ်ပိုင်သစ်တောများပျောက်ကွယ်မှုမှာ ပို၍ပင် ဆိုးရွားသည်။ ထိုနိုင်ငံတွင် သစ်တော၏စတုရန်းမိုင် ၃၈၀ ကျော်မှာ နှစ်စဉ်ကွယ်ပျောက်နေပြီး ဖိလစ်ပိုင်သစ်တော၏သုံးပုံနှစ်ပုံနီးပါးမှာ ဆယ်နှစ်အတွင်း ပျက်သုဉ်းသွားမည်ဟု လွန်ခဲ့သော ၁၉၉၉ ခုနှစ်က ခန့်မှန်းခဲ့ကြသည်။
သစ်မာပင်တစ်ပင်ကြီးရင့်လာရန် နှစ်ပေါင်း ၆၀ မှ ၁၀၀ အထိကြာနိုင်သော်လည်း ယင်းကို မိနစ်ပိုင်းအတွင်း ခုတ်လှဲပစ်နိုင်သည်။ ကျွန်ုပ်တို့၏သစ်တောများ ခုတ်အားနှင့်စိုက်အား အလျင်မမီနိုင်ခြင်းကို အံ့သြသင့်ပါသလော။
ဆိတ်သုဉ်းနေသည့်မြေ
မြေပေါ်မှအပင်များကို ဖယ်ပစ်သည်နှင့် ဟင်းလင်းဖြစ်နေသောအပေါ်ယံမြေဆီလွှာမှာ မကြာမီ ခြောက်သွေ့သွားကာ လေ၊ ရေတို့၏ တိုက်စားခြင်းခံရသည်။ ဤဖြစ်စဉ်ကို တိုက်စားခြင်းဟုခေါ်၏။
တိုက်စားခြင်းသည် သဘာဝဖြစ်ပြီး လူသားတို့၏မြေယာစီမံခန့်ခွဲမှု မညံ့ဖျင်းလျှင် အများအားဖြင့် ပြဿနာကြီးကြီးမားမားဖြစ်လေ့မရှိပါ။ ဥပမာ၊ သစ်တောပြုန်းတီးခြင်းနှင့် တိုက်စားလွန်းခြင်းစသည့် အကြောင်းရင်းများနှင့်အတူ သဲမုန်တိုင်းများသည် ကန္တာရနယ်ပယ်ကို “ပိုမိုကျယ်ပြန့်စေကြောင်း” ချိုင်းနားထူဒေးမဂ္ဂဇင်းတွင် ဖော်ပြထားသည်။ မကြာသေးမီနှစ်များက တရုတ်နိုင်ငံအနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများတွင် အလွန်ခြောက်သွေ့လွန်းသောကြောင့် ဆိုက်ဘေးရီးယားလေအေး ဖြတ်သန်းတိုက်ခတ်ခဲ့သည်။ တန်ချိန်သန်းနှင့်ချီသော သဲဝါများနှင့် ဖုန်များသည် နေရာရွှေ့သွားကြပြီး ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံအထိ ရောက်ရှိသွားကြသည်။ တရုတ်နိုင်ငံ၏ကုန်းမြေစိုင် ၂၅ ရာခိုင်နှုန်းနီးပါးမှာ ယခု လွင်တီးခေါင်ဖြစ်နေလေပြီ။
အာဖရိက၏မြေဆီလွှာပြုန်းတီးမှုသည်လည်း ထိုနည်းအတိုင်းပင်။ “ကောက်ပဲသီးနှံများစိုက်ပျိုးရန် တောရှင်းခြင်းဖြင့် လယ်သမားများသည် ပါးလွှာသောမြေဆီလွှာများကို အဖတ်ဆယ်မရအောင် ပျက်စီးစေခဲ့ကြသည်” ဟု အာဖရိကဂျီအိုဂရပ်ဖစ်တွင် ဖော်ပြထားသည်။ ချုံတစ်ခုရှင်းလင်းပြီးနောက် သုံးနှစ်အတွင်း မြေဩဇာ ၅၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးသည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် “ဟက်တာသန်းနှင့်ချီသောမြေများသည် အဖတ်ဆယ်မရအောင် မြေသြဇာဆုံးရှုံးနေပြီး ဒေသတချို့ရှိ စိုက်ပျိုးရေးသီးထွက်ပမာဏမှာ တစ်နှစ်ပြီးတစ်နှစ်ကျဆင်းလာရာ မြေဟတ်တာသန်းပေါင်းများစွာမှာလည်း ထိုအတိုင်း မြေသြဇာဆုံးရှုံးသွားတော့မည်” ဟုထိုမဂ္ဂဇင်းက ထပ်ဆင့်ဖော်ပြထားသည်။
ဘရာဇီးတွင် မြေဆီတန်ချိန်သန်းပေါင်း ၅၀၀ သည် နှစ်စဉ်တိုက်စားခံနေရသည်ဟူ၏။ မက္ကဆီကိုနိုင်ငံတွင် ချုံထနောင်းတော ၅၃ ရာခိုင်နှုန်း၊ တောဂနိုင် ၅၉ ရာခိုင်နှုန်း၊ သစ်တော ၇၂ ရာခိုင်နှုန်းတို့သည် မြေဆီလွှာတိုက်စားခံနေရကြောင်း ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများဌာနက ဖော်ပြသည်။ စုစုပေါင်း “ကမ္ဘာ့လယ်ယာစိုက်ပျိုးမြေ၏ သုံးပုံနှစ်ပုံကျော်မှာ မြေတိုက်စားခံရနိုင်သည်။ ယင်းကြောင့် စိုက်ပျိုးကုန်ထုတ်လုပ်နိုင်စွမ်းမှာ သိသိသာသာကျဆင်းလာနေသော်လည်း ကျွေးမွေးရမည့်ပါးစပ်ပေါက်မှာမူ ဆက်လက်တိုးများလာနေသည်” ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရေ—အခမဲ့ဖြစ်သော်လည်း တန်ဖိုးမဖြတ်နိုင်
လူတစ်ဦးသည် အစာမစားဘဲ တစ်လခန့်အသက်ရှင်နိုင်သော်လည်း ရေမသောက်ပါက တစ်ပတ်အတွင်း သေသွားနိုင်သည်။ ထို့ကြောင့် ရေချိုရရှိမှုများ လျော့နည်းလာခြင်းက နောင်လာမည့်နှစ်များအတွင်း ဆက်ဆံရေးတင်းမာမှုတိုးများလာစေမည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ပညာရှင်များက ဆိုကြ၏။ ၂၀၀၂ ခုနှစ်၊ တိုင်းမ်မဂ္ဂဇင်းဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်းတစ်ထောင်ကျော်သည် သောက်ရေသန့် အလွယ်တကူမရနိုင်ကြပါ။
အကြောင်းရင်းအမျိုးမျိုးကြောင့် ရေပြတ်လပ်နေသည်။ ပြင်သစ်နိုင်ငံတွင် ညစ်ညမ်းမှုသည် စိုးရိမ်ကြောင့်ကြမှုတိုးပွားစေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ “ပြင်သစ်နိုင်ငံ၏မြစ်ချောင်းများသည် အလွန်ညစ်ညမ်းလှသည်” ဟု လာဖီဂါရိုက ပြောခဲ့၏။ လယ်ယာစိုက်ပျိုးရေးတွင်အသုံးပြုသော ဓာတ်မြေသြဇာများကြောင့်ဖြစ်ရသည့် နိုက်ထရိတ်စီးထွက်မှုကို သိပ္ပံပညာရှင်များ ခြေရာကောက်နိုင်ခဲ့သည်။ “၁၉၉၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိ မြစ်ချောင်းများသည် နိုက်ထရိတ်တန်ချိန် ၃၇၅,၀၀၀ ကို အတ္တလန္တိတ်သမုဒ္ဒရာထဲသို့စွန့်ပစ်ခဲ့ကြရာ ၁၉၈၅ ခုနှစ်ကထက် နှစ်ဆနီးပါးပိုများကြောင်း” ထိုသတင်းစာတွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံရှိအခြေအနေမှာလည်း အလားတူပင်။ ထိုနိုင်ငံတွင် စားနပ်ရိက္ခာမှန်မှန်ထွက်ရှိဖို့ “လယ်သမားများသည် လူထု၏ဝယ်လိုအားကို ဖြည့်ဆည်းရန် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို အားထားရုံမှတစ်ပါး အခြားရွေးစရာလမ်းမရှိကြောင်း” အမြတ်အစွန်းမဲ့ လယ်ယာဘေးကင်းရေးအဖွဲ့၏ခေါင်းဆောင် ယူတာကာ အူနီက ပြောခဲ့၏။ ယင်းသည် မြေအောက်ရေကို ညစ်ညမ်းစေပြီး “ဂျပန်နိုင်ငံ၏အဓိကပြဿနာ” ဖြစ်သည်ဟု တိုကျိုအိုင်အိပ်ခ်ျတီအဆာဟိရှင်ဘွန်းက ဆိုခဲ့သည်။
မက္ကဆီကိုနိုင်ငံတွင် ဖျားနာမှု၏ ၃၅ ရာခိုင်နှုန်းသည် “ပတ်ဝန်းကျင်အကြောင်းတရားများကြောင့် ဖြစ်သည်” ဟု ရီဖော်မာသတင်းစာက ဖော်ပြသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၏လေ့လာချက်အရ “လူ ၄ ဦးလျှင် ၁ ဦးတွင် မိလ္လာစနစ်မရှိကြပါ၊ လူ ၈ သန်းကျော်သည် ရေတွင်း၊ ရေကန်၊ မြစ်၊ စမ်းချောင်းတို့မှ ရေကိုရရှိကြသည်၊ လူတစ်သန်းမှာ ရေစည်လှည်းများမှ ရေရရှိကြ၏။” မက္ကဆီကိုနိုင်ငံရှိ ဝမ်းလျှောဝမ်းပျက်ရောဂါ ၉၀ ရာခိုင်နှုန်းသည် ညစ်ညမ်းသောရေကြောင့်ဖြစ်ခြင်းမှာ အံ့ဩစရာမဟုတ်ပါ!
“ရီယိုကမ်းခြေများတွင် နေရောင်၊ ငွေသောင်နှင့် ပင်လယ်ပြာတို့သာရှိသည်မဟုတ်ချေ၊ မစင်နေ လီဖောင်းပိုးများစွာနှင့် တစ်ခါတစ်ရံ ယိုစိမ့်ဆီများလည်း ပါဝင်နေသည်” ဟု ဘရာဇီးဗီဂျာ မဂ္ဂဇင်းက ဖော်ပြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဘရာဇီးနိုင်ငံ၏မိလ္လာစနစ် ၅၀ ရာခိုင်နှုန်းကျော်သည် သန့်စင်မခံရဘဲ မြစ်ချောင်းများ၊ ရေကန်များနှင့် သမုဒ္ဒရာထဲသို့ တိုက်ရိုက်စီးဝင်သွားကြသောကြောင့်ဖြစ်သည်။ ယင်းကြောင့် ရေရှည်ရေသန့်ပြတ်လပ်နေသည်။ ဘရာဇီးနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သော ဆောပိုလိုမြို့အနီးတစ်ဝိုက်ရှိ မြစ်များသည် အလွန်ညစ်ညမ်းသောကြောင့် သောက်ရေကို မိုင် ၆၀ ခန့်ဝေးသောနေရာမှ သယ်ယူနေရသည်။
ကမ္ဘာ့တစ်ဘက်ခြမ်းရှိ ဩစတြေးလျနိုင်ငံ၏ရေပြတ်လပ်မှုသည် ဆားငန်သတ္တိများလာခြင်းကြောင့်ဖြစ်သည်။ မြေပိုင်ရှင်များသည် သီးနှံများစိုက်ပျိုးရန် ၎င်းတို့၏မြေများကို ခုတ်ထွင်ရှင်းလင်းဖို့ ဆယ်စုနှစ်ချီ၍ တိုက်တွန်းခံခဲ့ရသည်။ မြေအောက်ရေကို စုပ်ယူပစ်ရန် သစ်ပင်၊ ချုံပင်နည်းသွားသောကြောင့် မြေအောက်ရေပြင်မြင့်တက်လာပြီး ၎င်းရေတွင် တန်နှင့်ချီသောမြေအောက်ဆားများ ပါလာသည်။ “မြေဟက်တာ ၂.၅ သန်း [ဧက၆.၂ သန်း] ခန့်မှာ ဆားငန်မှုဒဏ်ခံနေရပြီး ယင်းမြေအများစုသည် ဩစတြေးလျနိုင်ငံ၏ အဖြစ်ထွန်းဆုံးစိုက်ပျိုးမြေဖြစ်သည်” ဟု ဩစတြေးလျ ဓနသဟာယသိပ္ပံနှင့် စက်မှုသုတေသနအဖွဲ့အစည်း (စီအက်စ်အိုင်အာရ်အို) က ဆိုသည်။
ဩစတြေးလျနိုင်ငံ၏ဥပဒေပြုအမတ်များက အမြတ်အစွန်းထက် လူထုအကျိုးစီးပွားကို ဦးစားပေးခဲ့လျှင် ဆားငန်မှုပြဿနာကို ရှောင်နိုင်ခဲ့မည်ဟု အချို့ကယူဆကြသည်။ ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့ရှိ အက်ဒစ်သ်ခေါင်အန်တက္ကသိုလ်မှ ဟူဂို ဘက်ကာလ်က “အထူးသဖြင့် ဂျုံစိုက်ပျိုးမြေများသည် ဆားငန်မှုဖြစ်နိုင်စရာရှိကြောင်း ၁၉၁၇ ခုနှစ်အစောပိုင်းလောက်ကတည်းက အာဏာပိုင်များကို အသိပေးခဲ့ပြီးဖြစ်သည်။ ၁၉၂၀ ပြည့်လွန်နှစ်များတွင် အပင်များရှင်းလင်းပစ်ခြင်းက မြစ်ချောင်းဆားငန်ခြင်းအပေါ် အကျိုးသက်ရောက်မှုကို လူသိရှင်ကြားကြေညာခဲ့ပြီး ယင်းကြောင့် မြေအောက်ရေပြင်မြင့်တက်လာကြောင်း ၁၉၃၀ ပြည့်လွန်နှစ်များတွင် စိုက်ပျိုးရေးဌာနက သဘောတူလက်ခံခဲ့၏။ ၁၉၅၀ ပြည့်နှစ်တွင် စီအက်စ်အိုင်အာရ်အိုက [ဩစတြေးလျ] အစိုးရအတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်မှုကို ဆောင်ရွက်ခဲ့သည်၊ . . . သို့တိုင် အာဏာပိုင်များသည် ယင်းသတိပေးချက်များကို လျစ်လျူရှုမြဲရှုနေကြပြီး သိပ္ပံပညာရှင်များကို စိတ်စွန်းကွက်မှုရှိသူများဟုယူဆကာ ပလပ်ပစ်လိုက်ကြသည်။”
ဆက်လက်ရှင်သန်ရေး ခြိမ်းခြောက်ခံရ
လူ့လုပ်ဆောင်မှုများစွာတွင် ရည်ရွယ်ချက်ကောင်းရှိကြသည်မှာ သံသယရှိစရာမလိုပါ။ သို့သော် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း ကျွန်ုပ်တို့လုပ်ရပ်များ၏အကျိုးဆက်တို့ကို အတိအကျကြိုပြောနိုင်လောက်အောင် ပတ်ဝန်းကျင်အကြောင်းကို ကျွန်ုပ်တို့ကောင်းစွာမသိကြချေ။ ယင်းကြောင့် ပြုတ်ပြုတ်ပြုန်းခဲ့ရပြီ။ “ကျွန်ုပ်တို့သည် ဤသက်ရှိလောက၏ဟန်ချက်ညီမှုကို မည်မျှ ကမောက်ကမဖြစ်စေခဲ့သနည်းဟူမူ မိမိတို့ဆက်လက်ရှင်သန်ရေးအတွက် ထောက်ပံ့ပေးနေသည့်မြေကိုပင် ကျွန်ုပ်တို့ ပြန်လည်ခြိမ်းခြောက်နေကြလေပြီ” ဟု တောင်ပိုင်းသြစတြေးလျ ပြတိုက်ဒါရိုက်တာ တင်မ် ဖလန်နရီက ဆို၏။
ဖြေရှင်းနည်းကားအဘယ်နည်း။ လူသားတို့သည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် နေထိုင်တတ်ပါမည်လော။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်ပါမည်လော။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ဥပမာ၊ ယင်းသည် ၁၉၉၉ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း ကွာဟကြောင်း ခန့်မှန်းရ၏။ ၁၂ လတာကာလအတွင်း လူတို့သုံးစွဲခဲ့သည့် သဘာဝသယံဇာတ,ပမာဏကို ပြန်လည်ဖြည့်ဆည်းရန် ၁၄ လကျော် ကြာသည့်သဘောတည်း။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
ရေစက်တိုင်း အရေးပါ
ရိုးရိုးလေးလုပ်ဆောင်ရုံမျှဖြင့် ရေဂါလံနှင့်ချီ စုဆောင်းနိုင်သည်။
● ယိုစိမ့်နေသည့်ရေပိုက်ခေါင်းများကို ပြုပြင်ပါ။
● ရေအကြာကြီး မချိုးပါနှင့်။
● မုတ်ဆိတ်ရိတ်နေစဉ်၊ သွားတိုက်နေစဉ် ရေကိုပိတ်ထားပါ။
● မျက်နှာသုတ်ပဝါများကို နှစ်ကြိမ်၊ သုံးကြိမ်သုံးပြီးမှ လျှော်ပါ။
● အဝတ်လျှော်စက်အပြည့် အဝတ်အစားရှိသည့်အထိ စောင့်ပါ။ (ဤမူသည် အော်တိုပန်ကန်ဆေးစက်များနှင့်လည်း သက်ဆိုင်သည်။)
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
မဖြုန်းလျှင် မချို့ငဲ့
● ဩစတြေးလျသည် ကမ္ဘာ့အခြောက်သွေ့ဆုံးတိုက်ဖြစ်လင့်ကစား ယင်း၏ဆည်ရေ ၉၀ ရာခိုင်နှုန်းကျော်ကို “ရိုးရိုးမြောင်းပေးရေသွင်းစနစ်ဖြင့် စိုက်ပျိုးရန် အသုံးပြုနေကြောင်း” ကင်ဘာရာတိုင်းမ်စ်က သတင်းပို့သည်။ ယင်းသည် “ဖာရိုဘုရင်မင်းတို့ ပစ်ရမစ်များတည်ဆောက်ခဲ့ချိန်က အသုံးပြုသောနည်းပညာ” ပင်ဖြစ်သည်။
● ကမ္ဘာတစ်ဝန်းတွင် လူတစ်ဦး၏ ပျမ်းမျှရေသုံးစွဲမှုမှာ (စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းတို့တွင်အသုံးပြုသော ရေအပါအဝင်) တစ်နှစ်လျှင် ဂါလံပေါင်း ၁၄၅,၀၀၀ ခန့်ရှိသည်။ သို့သော် မြောက်အမေရိကတွင် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ရေဂါလံ ၄၂၃,၀၀၀ နီးပါးသုံးစွဲနေသည်။ ယခင်ရုရှားသမ္မတနိုင်ငံသည် ရေအများဆုံးသုံးသောနိုင်ငံဖြစ်ပြီး နှစ်စဉ် လူတစ်ဦးလျှင် ပျမ်းမျှရေဂါလံ ၁.၄ သန်းကျော် သုံးစွဲနေသည်။
● စိုက်ပျိုးမြေဟူသည် နိုင်ငံတစ်နိုင်ငံစားသုံးမည့် သီးနှံများအားလုံးကို စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည့်မြေဖြစ်၏။ အာဖရိကဂျီအိုဂရပ်ဖစ်အရ “ပျမ်းမျှအားဖြင့် တောင်အာဖရိကနိုင်ငံသည် တစ်နှစ်လျှင် လူတစ်ဦးအတွက် နိုင်ငံ၏ ၂.၄ ဟက်တာခွင်ထွက်သီးနှံပမာဏသာ ပေးနိုင်သော်လည်း ယင်းနိုင်ငံသားတစ်ဦးသည် တစ်နှစ်လျှင် ၄.၀ ဟက်တာခွင်ထွက်သီးနှံပမာဏကို သုံးစွဲနေသည်။”
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဘာကီနာဖာဆိုရှိ ဆဟဲလ်မြိုင်ဟေဝန် ဖျက်ဆီးခံခဲ့ရ။ ဤဒေသသည် လွန်ခဲ့သော ၁၅ နှစ်က သစ်ပင်များအုပ်ဆိုင်းနေခဲ့
[Credit Line]
© Jeremy Hartley/Panos Pictures
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကြောင့် ကင်မရွန်းနိုင်ငံရှိ မိုးသစ်တောများ ဖျက်ဆီးခံနေရ
[Credit Line]
© Fred Hoogervorst/Panos Pictures
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အမေရိကန်ပြည်ထောင်စုတွင် မော်တော်ယာဉ်လေထု ညစ်ညမ်းမှုသည် စိုးရိမ်ကြောင့်ကြစရာဖြစ်နေဆဲ
၁၉၉၅ နှင့် ၂၀၀၀ ပြည့်နှစ်အတွင်း ဘရာဇီးမိုးသစ်တော၏စတုရန်းမိုင် ၇,၀၀၀ ခန့် နှစ်စဉ်ဖျက်ဆီးခံရ
[Credit Line]
© Ricardo Funari/SocialPhotos.com
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
လူသန်းနှစ်ထောင်ကျော်သည် တစ်နေ့လျှင် သုံးဒေါ်လာ သို့မဟုတ် ထိုထက်နည်းသည့်ငွေဖြင့် အသက်မွေးနေကြ
[Credit Line]
© Giacomo Pirozzi/Panos Pictures
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
အိန္ဒိယနိုင်ငံရှိ ကျေးရွာတွင်းရေကို ထောက်ပံ့ပေးနေသည့် မြေအောက်ရေသည် ဒေသတွင်း ပုဇွန်မွေးမြူရေးလုပ်ငန်းများကြောင့် ညစ်ညမ်းခဲ့ရ
[Credit Line]
© Caroline Penn/Panos Pictures