အေ့ဒ်စ်ရောဂါ အဘယ်အချိန်တွင် ပပျောက်သွားမည်နည်း
အေ့ဒ်စ်ရောဂါ အဘယ်အချိန်တွင် ပပျောက်သွားမည်နည်း
လူငယ်များသည် ငယ်ရွယ်စဉ်ကတည်းက စည်းလွတ်ဝါးလွတ်လိင်ဆက်ဆံခြင်းကို အားပေးအားမြှောက်ပြုသည့် ရာဂစိတ်နှိုးဆော်မှုများ၏ နှောင့်ယှက်မှုကို မပြတ်ခံနေကြရသည်။ အရေးပါသော အိပ်ခ်ျအိုင်ဗွီကူးစက်လမ်းကြောင်း နောက်တစ်မျိုးဖြစ်သော အကြောတွင်းမူးယစ်ဆေး ထိုးသွင်းခြင်းသည်လည်း ပျံ့နှံ့နေသည်။ မျက်မှောက်ခေတ်တွင် ပျံ့နှံ့လျက်ရှိသည့် တာဝန်မဲ့ပြုမူသည့်လုပ်ရပ်များကို သုံးသပ်ကြည့်သော် အေ့စ်ဒ်ရောဂါသည် အဆုံးတိုင်နိုင်ပါဦးမည်လောဟူ၍ သင်စဉ်းစားမိပေမည်။
ကျန်းမာရေးပညာရှင်များက အပြုအမူပိုင်း အပြောင်းအလဲများသည် အေ့စ်ဒ်ရောဂါတိုက်ဖျက်ရေးတွင် အရေးပါသည့် နည်းဗျူဟာတစ်ခုဖြစ်ကြောင်း သင့်လျော်စွာ ထောက်ပြကြသည်။ “လူငယ်မျိုးဆက်မှန်သမျှသည် အိပ်ခ်ျအိုင်ဗွီကူးစက်မှုသို့ ဦးတည်စေနိုင်သည့် အပြုအမူများကို ရှောင်ကြဉ်ရန် ရာသက်ပန် စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေသည့် ကျယ်ပြန့်၍ တည်တံ့သော ကျန်းမာရေးသတင်းနှင့် ကြားဝင်ဆောင်ရွက်မှုများ လိုအပ်ကြသည်။ ထိုသို့သော ကျယ်ပြန့်သည့် အစီအစဉ်များတွင် မိဘများနှင့် ပညာသင်ကြားပေးသူများကိုလည်း ပါဝင်စေသင့်သည်” ဟု ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာနမှ ထုတ်ဝေသည့် သတင်းတစ်ပုဒ်က ဆိုသည်။
သားသမီးများကို ၎င်းတို့၏ရွယ်တူချင်းများ သို့မဟုတ် အခြားသူများက သတင်းမှားမပေးမီ ယင်းအန္တရာယ်များအကြောင်းကို သူတို့လေးများအား မိဘများက ပညာပေးဖို့လိုသည်မှာ ရှင်းနေပါသည်။ ယင်းသည် အမြဲမလွယ်ကူချေ။ သို့သော် သင့်ကလေး၏အသက်ကို ကယ်တင်နိုင်၏။ သားသမီးများအား လိင်နှင့် မူးယစ်ဆေးဝါးများအကြောင်း အသိပညာပေးရာတွင် သူတို့လေးများ၏ အသိအမြင်နည်းပါးမှုကို နှိမ်ဖို့မလိုချေ။ ယင်းသို့ပညာပေးခြင်းသည် ၎င်းတို့၏ ပကတိရိုးသားမှု ပျောက်ဆုံးမသွားရန် အမှန်ပင်ကာကွယ်ပေးနိုင်ပါသည်။
မိဘများ၏လေ့ကျင့်ပေးမှုသည် အရေးပါ
ဘုရားသခင်၏ ရှေးခေတ်လူမျိုးတော်အလယ်တွင် မိဘများသည် မိမိတို့၏သားသမီးများကို လိင်ဆက်ဆံမှုများအကြောင်းနှင့် မိမိတို့၏ကျန်းမာရေးကို မည်သို့ကာကွယ်ရမည်အကြောင်း သွန်သင်ပေးကြရသည်။ စိတ်ဝင်စားစရာမှာ၊ ရှေးဣသရေလလူမျိုးတို့၏ ပညတ်တရားများတွင် ရှင်းလင်းသော ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အမူအကျင့်များပါဝင်လေရာ ကူးစက်ရောဂါများမှ ကာကွယ်ပေးခဲ့လေသည်။ (ဝတ်ပြုရာ ၁၈:၂၂၊ ၂၃; ၁၉:၂၉; တရားဟောရာ ၂၃:၁၂၊ ၁၃) အဆိုပါပညတ်တရားများကို ယင်းလူမျိုးတို့အား မည်သို့သွန်သင်ပေးခဲ့သနည်း။ ဣသရေလလူမျိုးများအား ယေဟောဝါဘုရားသခင်က “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်” ဟုမိန့်ဆိုခဲ့၏။ မိဘများသည် အဆိုပါပညတ်တရားများအား လိုက်နာခြင်း၏ အကျိုးကျေးဇူးများနှင့် မလိုက်နာခြင်း၏ဆိုးကျိုးများကို အရင်နားလည်ထားရသည်။ ထို့နောက် သူတို့သည် “ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်” ဟု ညွှန်ကြားခံခဲ့ကြရသည်။—တရားဟောရာ ၆:၆၊ ၇။
ထိုသို့ကြိုးစားသွန်သင်ပေးရာတွင် အချိန်ပေးရမည်မှာ ထင်ရှားပါသည်။ မူးယစ်ဆေးဝါးအလွဲသုံးခြင်းနှင့် တရားမဝင် လိင်ဆက်ဆံခြင်းတို့၏ အန္တရာယ်များအကြောင်း သားသမီးများအား သွန်သင်ပေးရန် အချိန်ဖယ်ထားကြသည့်မိဘများသည် အိပ်ခ်ျအိုင်ဗွီနှင့် အခြားသောရောဂါများ စွဲကပ်စေနိုင်သည့် အမူအကျင့်ပုံစံများကို သားသမီးများ ရှောင်ကြဉ်သည်ကို မြင်တွေ့ရဖို့ အခွင့်အလမ်း အမှန်တကယ် ပိုရှိပေသည်။ *
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စွဲကပ်နေသည့် လူသန်းပေါင်းများစွာအတွက် တင်ကြိုကာကွယ်ရေး ကြိုးပမ်းမှုများက သိပ်နှစ်သိမ့်မှုဖြစ်စေမည်မဟုတ်ပေ။ ထို့အပြင် ရောဂါကိုယ်နှိုက်၏ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ ခံစားရသည့်အပြင် ၎င်းတို့၏အခြေအနေကြောင့် သူတို့သည် မကြာခဏ ရှုတ်ချခံရ၊ ငြင်းပယ်ခံရလေ့ရှိကြသည်။ မည်သို့အားဖြင့်နည်း။ မှားယွင်းနေသော်လည်း အများလက်ခံသည့်အယူအဆတစ်ခုမှာ ထိတွေ့ရုံနှင့် အိပ်ခ်ျအိုင်ဗွီကူးစက်နိုင်သည် ဟူသည့်အယူအဆဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်သည် ကူးစက်တတ်ပြီး သေစေနိုင်သောကြောင့် ယင်းရောဂါစွဲကပ်မည်ကို ကြောက်လည်းကြောက်ထိုက်ပါသည်။ ယင်းရောဂါကို ကြောက်ရွံ့သူတချို့သည် ယင်းရောဂါရှိသူတို့ကိုပင် အကြောင်းမဲ့ကြောက်ရွံ့လာကြတော့သည်။ ဝေဒနာသည်များသည် ဆေးကုသပေးခြင်း မခံရကြတော့၊ ချာ့ခ်ျမှမောင်းထုတ်ခံရပြီး အကြမ်းပတမ်းပင် ရန်မူတိုက်ခိုက်ခံရကြ၏။
တချို့လူတို့က အေ့ဒ်စ်ရောဂါသည် လူဆိုးများအပေါ် ကျရောက်သည့် ဘုရားသခင်ထံမှကျိန်စာတစ်ခုဟု အခိုင်အမာဆိုကြသည်။ ဝန်ခံရမည်မှာ လိင်ဆိုင်ရာကိုယ်ကျင့်တရားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ သွေးတို့နှင့်ပတ်သက်သည့် ကျမ်းစာစံနှုန်းများကို လိုက်နာခြင်းက ဝေဒနာသည်များစွာအား ရောဂါစွဲကပ်မှုမှ ထိန်းချုပ်ပေးမည်ဖြစ်သည်။ (တမန်တော် ၁၅:၂၈၊ ၂၉; ၂ ကောရိန္သု ၇:၁) သို့ရာတွင် ဖျားနာမှုသည် သီးခြားအပြစ်တစ်ခုအတွက် ဘုရားသခင်၏ပြစ်ဒဏ်ဖြစ်သည်ဟူသည့် အထောက်အထားမဟုတ်ကြောင်း ကျမ်းစာ၌ ဖော်ပြထားသည်။ သို့အစား၊ သမ္မာကျမ်းစာက “မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ” ဟုဆိုသည်။ (ယာကုပ် ၁:၁၃; ယောဟန် ၉:၁-၃) ကျမ်းစာစံနှုန်းများကို မလိုက်နာသောကြောင့် အိပ်ခ်ျအိုင်ဗွီ သို့မဟုတ် အေ့ဒ်စ်ရောဂါရသွားသော်လည်း မိမိအပြုအမူကို ပြောင်းလဲသူတစ်ဦးသည် ဘုရားသခင်၏စွန့်ပစ်ခြင်း ခံရမည်မဟုတ်ကြောင်း စိတ်ချနိုင်ပါသည်။
ဘုရားသခင်သည် နာတာရှည်ဖျားနာနေသူတို့အပေါ် စာနာမှုရှိပြီး မေတ္တာရှိကြောင်းကို ကိုယ်တော့်သားတော်ယေရှု မြေကြီးပေါ်ကြွလာစဉ်က ထင်ရှားခဲ့သည်။ ခရီးလှည့်လည်စဉ်အတွင်း နူနာစွဲသူတစ်ဦးနှင့် ယေရှုပက်ပင်းတိုးသောအခါ “သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့” ထိခဲ့သည်။ ယေရှုသည် မိမိ၏အံ့ဖွယ်တန်ခိုးကို အသုံးပြု၍ အဆိုပါနူနာစွဲသူကို ကုသပေးခဲ့လေသည်။ (မာကု ၁:၄၀-၄၂) ဖျားနာနေသူတို့ကို ယေရှုအထင်မသေးခဲ့ချေ။ သူတို့အားပြသခဲ့သည့် ကိုယ်တော်၏မေတ္တာသည် မိမိကောင်းကင်ခမည်းတော်၏ မေတ္တာကို စုံလင်စွာရောင်ပြန်ဟပ်ခဲ့ပါသည်။—လုကာ ၁၀:၂၂။
အေ့ဒ်စ်ရောဂါကုထုံး—မကြာတော့!
ယေရှု၏အံ့ဖွယ်ကုသမှုများသည် ဘုရားသခင်၏မေတ္တာကို ကျွန်ုပ်တို့အား စိတ်ချစေရုံထက်မကပါ။ ယေရှုခရစ်သည် ကောင်းကင်ဘုရင်တစ်ပါးအဖြစ် ယခုစိုးစံနေပြီဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ (ဗျာ. ၁၁:၁၅) လူသားတို့ကို ဖိစီးနှိပ်စက်နေသည့် အဘယ်ရောဂါကိုမဆို ကုသပေးလိုသည့်ဆန္ဒနှင့် ကုပေးနိုင်သည့်တန်ခိုး ကိုယ်တော်၌ရှိကြောင်း ကိုယ်တော်၏ မြေကြီးဓမ္မအမှုက ဖော်ပြခဲ့သည်။ ကိုယ်တော်သည် ထိုအတိုင်း အတိအကျပြုပါလိမ့်မည်။
များမကြာမီ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တော့ဟု ကျမ်းစာပရောဖက်ပြုချက်က အာမခံသည်။ (ဟေရှာယ ၃၃:၂၄) လူသားတို့သည် အေ့ဒ်စ်ရောဂါပြန့်ပွားမှုကို ရပ်တန့်သွားအောင် သို့မဟုတ် ဝေဒနာသည်အားလုံးအတွက် ထိထိရောက်ရောက် မကုသပေးနိုင်ခဲ့ကြသော်လည်း အေ့ဒ်စ်ရောဂါသည် ပျောက်ပျက်သွားတော့မည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ကြပါသည်။ ‘အို၊ ငါ့ဝိညာဉ် ထာဝရဘုရားသခင်ကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့မလျော့နှင့်၊ သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါ ရှိသမျှ တို့ကိုလည်း ပျောက်စေတော်မူ၏’ ဟူ၍ ဘုရင်ဒါဝိဒ်ဆိုခဲ့သည်။—ဆာလံ ၁၀၃:၂၊ ၃။
အဘယ်အချိန်တွင် ယင်းသို့ဖြစ်ပျက်လာမည်နည်း။ ထိုသို့သော ကောင်းချီးများကို ခံစားရရန် မျှော်လင့်နေသူတို့အား ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း။ သမ္မာကျမ်းစာ၏ အံ့ချီးဖွယ်ကတိတော်အကြောင်း ပိုမိုသိရှိရန် ယေဟောဝါသက်သေများနှင့် ဆက်သွယ်ဖို့ သင့်အား ဖိတ်ခေါ်ပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ကလေးငယ်များအား လိင်နှင့် အခြေခံကိုယ်ကျင့်တရားစံနှုန်းများအကြောင်း အဆင့်ဆင့်သွန်သင်ပေးရာတွင် ယေဟောဝါသက်သေများ ထုတ်ဝေသည့် ကြီးမြတ်သောဆရာထံမှ သင်ယူလော့ စာအုပ်က အထောက်အကူပေးကြောင်း မိဘများစွာ တွေ့ရှိခဲ့ကြပြီ။
[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]
များမကြာမီ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တော့ကြောင်း ကျမ်းစာပရောဖက်ပြုချက်က အာမခံ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
မိမိ၏သားသမီးများကို လိင်နှင့် မူးယစ်ဆေးဝါးအလွဲသုံးမှုအကြောင်း သွန်သင်ပေးခြင်းက သူတို့လေးများအတွက် အကာအကွယ်ဖြစ်စေနိုင်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဖျားနာသူတို့ကို ယေရှု၏ကုသပေးနိုင်စွမ်းနှင့် ကုသပေးလိုစိတ် ရှိခြင်းက အနာဂတ်တွင် ကိုယ်တော်ပြုမည့်အရာကို ဖော်ပြခဲ့