မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝစဉ်သင်ယူရန် ဖန်ဆင်းခံရ

ထာဝစဉ်သင်ယူရန် ဖန်ဆင်းခံရ

ထာဝစဉ်​သင်ယူ​ရန် ဖန်ဆင်း​ခံရ

“ဦးခေါင်း​တိုင်း​မှာ ကျွန်ုပ်​တို့​လေ့လာ​လေ​လေ၊ အကန့်အသတ်မဲ့ တိုးချဲ့​နိုင်စွမ်း​ရှိ​လေ​လေ​ဖြစ်​တဲ့ အံ့ဖွယ်​စွမ်းအင်၊ ကျစ်လျစ်​သိပ်​သည်း​ပြီး စွမ်းဆောင်ရည်​ရှိတဲ့ အင်္ဂါ​တစ်ခုစီ​ရှိကြတယ်။”—သိပ္ပံ​စာရေး​ဆရာ တိုနီ​ဘူ​ဇန်​နှင့် ထဲ​ရ​င့်ဒစ်​ဇန်။

လူ့​ဦးနှောက်​သည် မည်မျှ​သင်ယူ​လေ့လာ​နိုင်​သနည်း။ ယင်း​မေးခွန်း​သည် သုတေသီ​များ​အတွက် စိတ်ဝင်စားစရာ​နှင့် အကြံအိုက်​စ​ရာ​ဖြစ်​နေဆဲ​ပင်။ ဦးနှောက်​စာအုပ်​တွင် ပီတာ​ရပ်စယ်က ဤသို့​ရေးသားခဲ့​၏– “လူ့​ဦးနှောက်​အကြောင်း လေ့လာ​လေ​လေ၊ ယင်း​၏​စွမ်းပကား​သည် အစောပိုင်း​မှန်းဆ​ထား​သည်ထက် ပို​များ​လေ​လေ​ဖြစ်သည်။”

ဥပမာ၊ မှတ်ဉာဏ်​နှင့်​ပတ်သက်ပြီး ကျွန်ုပ်​တို့၏​ဦးနှောက်​တွင် ဧရာမ​စွမ်းပကား​ရှိ​ထား​သည်။ “မှတ်ဉာဏ်​ဟူသည် တဖြည်းဖြည်း​ပြည့်​လာ​သည့် ဘူး​တစ်​ဘူး​နှင့်​မတူ​ပါ၊ မှတ်ဉာဏ်​များ​ကို တွဲလောင်း​ချိတ်​ပေး​သော ချိတ်​များ​ထွက်​လာ​သည့်​သစ်ပင်​တစ်ပင်​နှင့် ပို​တူ​၏။ သင့်​မှတ်ဉာဏ်​တိုင်း​လို​လို​တွင် မှတ်ဉာဏ်​အသစ်များ တွယ်ကပ်​နိုင်​ရန် နောက်ထပ်​ချိတ်​များ​ရှိ​နေသည်။ ထို့​ကြောင့် မှတ်ဉာဏ်​၏​စွမ်းပကား​မှာ တိုးပွား​မြဲ​တိုးပွား​နေရ​ခြင်း​ဖြစ်၏။ သင် ပိုမို​သိရှိ​ထား​လေ​လေ၊ ပို​သိရှိ​နိုင်​လေ​လေ​ဖြစ်သည်” ဟု​ရပ်​စ​ယ်​ပြော​ခဲ့​သည်။ ယင်းက လူ့​ဦးနှောက်​သည် အဘ​ယ့်​ကြောင့် စွမ်းပကား​ကြီးမား​ရသနည်း​ဟူ​သည့် အစပိုင်း​မေးခွန်း​ကို ပြန်​ပေါ်​စေ​သည်။

ဆင့်ကဲ​သီအိုရီ​သည် ကျိုးကြောင်း​ခိုင်လုံ​သော အဖြေပေး​မထား​ချေ။ ယင်းသည် အသင့်တော်ဆုံး​သာ ကြွင်းကျန်​တည်ရှိ​သည်​ဟူသော အယူအဆ​အပေါ် များစွာ​အခြေပြု​ထား​ရာ လူ့​ဦးနှောက်ကို အဘယ်အရာက ဧရာမ​စွမ်းပကား​ရှိစေသည်​နှင့်​ပတ်သက်​၍ ဆင်ခြင်​ဉာဏ်​ရှိ​လူသားများ​အား စဉ်းစား​ရ​ခက်​စေ​သည်။ ဥပမာ၊ သင်သည် သဲ​တစ်​ဂေါ်​စာ​မျှ​သာ အမြဲ​သယ်​စ​ရာ​အကြောင်း​ရှိ​မည်​ဆိုလျှင် ကုန်တင်ကား​ကြီး​တစ်စီး လို​ပါ​မည်​လော။

သို့သော် သမ္မာကျမ်းစာ​တွင် အားသစ်လန်းစေ​သည့် ယုတ္တိ​ရှိသော​ရှင်းပြချက်​ရိုးရိုးလေး ဖော်ပြ​ထား​သည်။ ပထမ​အချက်​မှာ၊ ကျွန်ုပ်​တို့၏​ကနဦး​မိဘ အာဒံ​နှင့်​ဧဝ​တို့သည် ဘုရားသခင်​၏​ပုံသဏ္ဌာန်​နှင့်​အညီ ဖန်ဆင်း​ခံရ​ပြီး ဘုရားသခင်​၏​အံ့ဖွယ်​ဂုဏ်ရည်တော်​များ​ကို ရောင်ပြန်ဟပ်​နိုင်​ကြ​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​ထား​သည်။ ဒုတိယ​အချက်​မှာ၊ သူတို့သည် ထာဝစဉ် အသက်ရှင်ပြီး သင်ယူ​လေ့လာ​ရန် ဖန်ဆင်း​ခံရ​သည်​ဟု ရှင်းပြ​ပေး​ထား​သည်။ (ကမ္ဘာဦး ၁:၂၇; ၂:၁၆၊ ၁၇) လူ့​မိသားစု​ထဲ​သို့ အပြစ်​တရားဝင်​ရောက်လာ​သောကြောင့် လက်ရှိ​အချိန်တွင် မစုံလင်​ကြသော်လည်း လူ့​ဦးနှောက်​သည် ဘုရားသခင်​၏​ရည်ရွယ်ချက်ကို စဉ်းစား​တွေးတော​နိုင်​သည်။—ရောမ ၅:၁၂

သို့သော် ပရဒိသု​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​သူ စုံလင်သော​လူသားများ​နှင့် ပြည့်စေ​မည်​ဟူ​သည့် ကမ္ဘာ​မြေ​အတွက် ဘုရားသခင့်​မူလ​ရည်ရွယ်ချက်မှာ အမှန်တကယ်​ဖြစ်လာ​ပါ​လိမ့်​မည်။ မှန်ပါသည်၊ ယေဟောဝါ​သည် ကျွန်ုပ်​တို့ ထာဝရ​အသက်​ရရှိ​ရေး​အတွက် မိမိ၏​တစ်ပါး​တည်း​သော​သားတော် ယေရှု​ခရစ်​ကို ရွေးနုတ်ဖိုး​ပူဇော်ရာ​အဖြစ် ပေး​တော်​မူ​ခဲ့​သည်။—မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆

အကောင်းဆုံး စိတ်ဓာတ်​အစာ

ယေဟောဝါ​သည် ကိုယ်တော်​၏​မှုတ်သွင်းခံ သန့်ရှင်းသော​ကျမ်းစာ​ကိုလည်း ပေး​ထား​သည်။ (၂ တိမောသေ ၃:၁၆; ၂ ပေတရု ၁:၂၁) ဤ​အဖိုးတန်​စာအုပ်​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်​ဖြစ်လာ​ကြောင့် လူသားများ​အတွက် အကောင်းဆုံး စိတ်ဓာတ်​အစာ​နှင့် ဝိညာဉ်​အစာ​ပါရှိ​သည်​ဟု​ဆို​ခြင်း​မှာ ချဲ့ကား​နေခြင်း​မဟုတ်ပါ။ (ဆာလံ ၁၉:၇-၁၀) မှန်ပါသည်၊ ယေရှု​ခရစ်​ကိုယ်တိုင် ဤသို့​မိန့်ဆိုခဲ့​၏– “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်။”—မဿဲ ၄:၄

ထို့​ကြောင့် သင်သည် လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ ဘုရားသခင်​၏​အဖိုးတန်​လှ​သော ‘နှုတ်ထွက်​စကား​များ’ ကို နေ့စဉ်​ဖတ်ရှု​ရန် အချိန်​အနည်းငယ်​ဖယ်​ထား​ပါ​လေ။ ယင်း​သို့​ဖတ်ရှု​ကာ လေ့လာ​သိရှိ​ထား​ရာ​ကို ကျင့်သုံး​သူတို့သည် ယခု​နှင့် နောင်​အနာဂတ်​တွင်​ပါ အကျိုး​ခံစား​ကြ​ရ​ပါ​လိမ့်​မည်။ သူတို့သည် ဘုရားသခင်​၏ ကနဦး​ရည်ရွယ်ချက်​အတိုင်း ထာဝစဉ် အသက်ရှင်ပြီး သင်ယူ​နိုင်​မည့်​အလားအလာ ရရှိနိုင်​ကြသည်။ အလွန်​ကောင်း​သည့် မျှော်လင့်ချက်​ပင်​တည်း!—ဒေ. ၃:၁၁; ယောဟန် ၁၇:၃

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

လူ့​ဦးနှောက်​သည် ထာဝစဉ်​သင်ယူ​ရန် ဖန်တီး​ခံရ​ကြောင်း ဘုရားသခင့်​ရည်ရွယ်ချက်​က ပေါ်လွင်​စေ

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​တွင် သင့်အတွက် အကောင်းဆုံး စိတ်ဓာတ်​အစာ​ပါရှိ