အထီးကျန်ဖြစ်မှုကို အနိုင်ယူခြင်း
အထီးကျန်ဖြစ်မှုကို အနိုင်ယူခြင်း
အထီးကျန်ဖြစ်မှုကို အနိုင်ယူဖို့မလွယ်ပါ။ အင်အားကြီးမားသည့် စိတ်လှုပ်ရှားမှုများ ပါဝင်ပတ်သက်နေ၍ဖြစ်၏။ အထီးကျန်ဖြစ်မှုကို မည်သို့ဖြေရှင်းနိုင်သနည်း။ အင်အားကြီးမားလှသည့် ဤခံစားမှုမျိုးကို အနိုင်ယူကျော်လွှားရန် လူတချို့ အဘယ်အရာလုပ်ဆောင်ခဲ့ကြပြီနည်း။
အထီးကျန်ဖြစ်မှုကို အနိုင်ကြဲ
ဟယ်လဲန် * သည် အချို့သောဆုံးဖြတ်ချက်များ ချရာတွင် တစ်ကိုယ်တည်းဆုံးဖြတ်လိုသည်။ သို့သော် အထီးကျန်မှုက အန္တရာယ်ရှိကြောင်း သူသိသည်။ သူကလေးဘဝက မိဘများနှင့် ဆက်သွယ်ပြောဆိုခြင်းကား မရှိပေ။ သူတို့အာရုံစိုက်လာရန် မည်သို့လုပ်ယူရမည်ကို မသိသောကြောင့် အခန်းအောင်း၍နေလိုက်လေသည်။ သူက ဤသို့ပြန်ပြောပြသည်– “အစားအသောက်မူမမှန်တဲ့ရောဂါ စဖြစ်လာတယ်။ စိတ်ဓာတ်လည်းကျလာတယ်။ ‘ငါ့ရဲ့ပြဿနာတွေအတွက် သူတို့မှစိတ်မပူတာ၊ ငါက ဘာလို့ သူတို့အတွက် စိတ်ပူပေးရမှာလဲ’ လို့ ကျွန်မကိုယ်ကျွန်မ ပြောမိတယ်။ အိမ်ထောင်ပြုခြင်းက လစ်ဟာနေတဲ့ ကျွန်မရဲ့အထီးကျန်ဖြစ်နေမှုကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်မထင်ခဲ့တာ။ ထွက်ပေါက်ရှာတဲ့အနေနဲ့ အိမ်ထောင်ပြုဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မကြာပါဘူး ‘တစ်ဖက်သားရဲ့ဘဝကို ငါမဖျက်ဆီးသင့်ဘူး။ ငါ့ရဲ့အတွေးတွေကို အရင်ဆုံး တည့်မတ်ပြုပြင်ဖို့လိုတယ်!’ လို့ ဆင်ခြင်ခဲ့တယ်။ ယေဟောဝါရဲ့အကူအညီရဖို့ ဆုတောင်းပြီး ကျွန်မရဲ့ မချိမဆံ့ဝေဒနာကို ဖွင့်ချခဲ့တယ်။
“‘မစိုးရိမ်နှင့်၊ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်၊ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့ဖြောင့်မတ်ခြင်းလက်ယာလက်ဖြင့် ထောက်ပင့်မည်’ ဆိုတဲ့ ဟေရှာယ ၄၁:၁၀ မှာပါတဲ့စကားလိုမျိုး အလွန်စိတ်သက်သာဖွယ်ကောင်းတဲ့စကားတွေကို သမ္မာကျမ်းစာထဲမှာ တွေ့လိုက်ရတယ်။ ကျွန်မမှာ ဖခင်မရှိသလိုမျိုး ခံစားနေရတဲ့အတွက် အဲဒီစကားတွေက ကျွန်မကို အများကြီး ကူညီပေးခဲ့တယ်။ အခုဆိုရင် ကျမ်းစာကို မှန်မှန်ဖတ်ရှုလေ့လာနေပြီး ကျွန်မရဲ့ကောင်းကင်ခမည်းတော်ဆီ ဆုတောင်းစကားပြောဆိုနေပါပြီ။ ကျွန်မရဲ့အထီးကျန်ဖြစ်မှုကို အနိုင်ယူတတ်သွားပြီ။”
ချစ်မြတ်နိုးရသူတစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းက ဝမ်းနည်းပူဆွေးစေသည်၊ တစ်ဖန် ယင်းက အထီးကျန်စိတ်ဝင်စေနိုင်၏။ မိမိ၏မချိတင်ကဲဝေဒနာအကြောင်း အသက် ၁၆ နှစ်အရွယ်ရှိ လူအီဆာက ဤသို့ရှင်းပြသည်– “ငါးနှစ်သမီးအရွယ်မှာ ကျွန်မအဖေ အသတ်ခံလိုက်ရတယ်။ အဘွားဆီကနေ စိတ်သက်သာမှုရဖို့ မျှော်ကိုးခဲ့ပေမဲ့ ကျွန်မကို အဘွားချစ်တယ်လို့ တစ်ခါမှမခံစားခဲ့ရဘူး။ ကလေးဘဝမှာ အလိုအပ်ဆုံးအရာဖြစ်တဲ့ တွယ်တာခံရတာမျိုး သိပ်မရှိလှဘူး။ အသက် ရှစ်နှစ်နဲ့ ကိုးနှစ်အကြားမှာ ကိုယ့်ကိုယ်ကိုသတ်သေဖို့ သုံးကြိမ် ကြိုးစားခဲ့တယ်။ အမေဟာ ကျွန်မနဲ့ အစ်မသုံးယောက်ကို ကျွေးမွေးထောက်ပံ့ဖို့ ကြိုးစားရုန်းကန်နေရတဲ့အတွက် ကျွန်မသေလိုက်တာမှ မိသားစုအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်ခဲ့တယ်။ အဲဒီနောက် ကျွန်မတို့ ယေဟောဝါသက်သေတွေနဲ့ စပြီးပေါင်းသင်းခဲ့တယ်။ ကျွန်မကို ငယ်ရွယ်တဲ့ ဇနီးမောင်နှံတစ်စုံက တကယ်ပဲ စိတ်ဝင်တစားကူညီပေးကြတယ်။ ကျွန်မကို သူတို့က ‘မင်းကို ငါတို့တန်ဖိုးထားတယ်၊ မင်းဟာ ငါတို့အတွက် မရှိမဖြစ်ပါ’ လို့ ပြောတတ်ကြတယ်။ ‘မင်းဟာ ငါတို့အတွက် မရှိမဖြစ်ပါ’ ဆိုတဲ့ စကားတွေက ကျွန်မကို အရမ်းအားတက်စေတယ်။ တစ်ခါတလေကျတော့ ကျွန်မရဲ့ခံစားချက်တွေ ဒီပြင်လူတစ်ယောက်ယောက်ကို ပြောပြလို့မရပေမဲ့ ကင်းမျှော်စင်နဲ့ နိုးလော့!ထဲမှာပါတဲ့ ဆောင်းပါးတွေ ဖတ်လိုက်ရတဲ့အခါ အဲဒီစာပေတွေကနေတစ်ဆင့် ယေဟောဝါရဲ့မေတ္တာ ခံစားရရှိတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ အတော်များများ ပြုပြင်ပြောင်းလဲခဲ့ရတယ်။ ကနေ့ဆိုရင် ကျွန်မပြုံးပျော်နိုင်ပြီ၊ ပြီးတော့ ကျွန်မရဲ့အမေနဲ့ ဝမ်းနည်းစရာ၊ ရွှင်လန်းစရာအကြောင်းတွေ ကျွန်မပြောပြနိုင်ပြီ။ တစ်ခါတလေ အတိတ်ကဖြစ်ရပ်တွေ ပြန်ပြန်ပေါ်လာပေမဲ့ အရင်လို ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားတာမျိုး၊ ကျွန်မချစ်ရတဲ့သူတွေနဲ့ စကားမပြောဘဲနေတာမျိုး မရှိတော့ပါဘူး။ ဆာလံဆရာပြောခဲ့တဲ့ ဒီစကားတွေကို ကျွန်မအမြဲအမှတ်ရနေပါတယ်– ‘ “သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသော” ဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းအတွက် ပြောဆိုပါမည်။’” —ဆာလံ ၁၂၂:၈။
ကွာရှင်းခဲ့သည်မှာ ၂၂ နှစ်ကြာပြီဖြစ်သော မာသသည် ထိုအချိန်အတောအတွင်း ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခဲ့ရသည်။ “တစ်ခုခု မအောင်မြင်တဲ့အခါတိုင်း တန်ဖိုးမရှိဘူး၊ အထီးကျန်တယ်ဆိုတဲ့ ခံစားချက်တွေ ပြန်ပြန်ပေါ်လာတယ်” ဟု သူကဆို၏။ ယင်းခံစားချက်များကို သူမည်သို့အနိုင်ယူလိုက်သနည်း။ သူဤသို့ရှင်းပြသည်– “အဲဒီခံစားချက်တွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ယေဟောဝါဘုရားသခင်နဲ့ ချက်ချင်း စကားပြောဆိုဖို့ ဖြစ်တယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။ ကျွန်မဆုတောင်းတဲ့အခါ ကျွန်မဟာ တစ်ကိုယ်တည်းမဟုတ်ဘူးဆိုတာ သိထားတယ်။ ကျွန်မကိုယ်ကို ကျွန်မနားလည်တာထက် ယေဟောဝါက ပိုပြီးနားလည်ပေးတယ်။ ဒါ့အပြင် တခြားသူတွေအပေါ် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြနိုင်တဲ့ နည်းလမ်းတွေလည်း ကြိုးစားပြီးရှာဖွေတယ်။ အထူးသဖြင့် ကျွန်မရဲ့အချိန်ပြည့် ခရစ်ယာန်ဓမ္မအမှုဟာ အပြုသဘောမပါတဲ့ ခံစားချက်တွေကို တိုက်ထုတ်ပစ်နိုင်တဲ့ အစွမ်းထက်တဲ့ လက်နက်တစ်ခုပဲ။ ဘုရားသခင့်နိုင်ငံတော် ကောင်းချီးတွေအကြောင်း တခြားသူတွေကို ပြောပြတော့ နားထောင်သူတွေဟာ လုံးဝမျှော်လင့်ချက်မဲ့နေကြပြီး သူတို့ရဲ့ပြဿနာတွေကို အမြဲတည်ရှိသွားမယ့်အရာတွေအဖြစ် ရှုမြင်ကြတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ကိုယ့်မှာတော့ အသက်ဆက်ရှင်ပြီး အပျက်သဘောတွေကို ဆက်တိုက်လှန်သွားလိုတဲ့ ခြေမြစ်ခိုင်လုံတဲ့ အကြောင်းရင်းတွေ ရှိတယ်ဆိုတာ တွေ့ရတယ်။”
အယ်လ်ဘာသည် အသက် ၉၃ နှစ်အရွယ်ရှိပြီး သူ၏တစ်ဦးတည်းသောသမီးမှာ ခရစ်ယာန်သာသနာပြုအဖြစ် အခြားနိုင်ငံတစ်နိုင်ငံတွင် အမှုဆောင်နေသည်ဖြစ်ရာ အထီးကျန်ဖြစ်မှုကို သူမည်သို့အနိုင်ယူကြောင်း ပြောပြသည်– “ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်းကို တက်ရောက်ဖို့ ကျွန်မသမီးနဲ့ သူ့ခင်ပွန်းတို့ ဖိတ်ခေါ်ခံရတဲ့အခါ သူတို့ရဲ့မျက်နှာမှာ ရွှင်မြူးနေတာ အထင်းသား တွေ့လိုက်ရပြီး ကျွန်မလည်း ထပ်တူထပ်မျှ ဝမ်းမြောက်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ တိုင်းတစ်ပါးမှာ အမှုဆောင်ပါဆိုတဲ့ တာဝန်လည်း သူတို့ရရော ကျွန်မ တစ်ကိုယ်ကောင်းစိတ် နည်းနည်းဝင်လာမိတယ်။ သူတို့နဲ့ အနီးကပ်နေလို့မရတော့ဘူးလို့ ကျွန်မသိလိုက်ရပြီး ဝမ်းနည်းသလိုလို ခံစားလာရတယ်။ အခြေအနေက တရားသူကြီး အခန်းကြီး ၁၁ မှာ ဖော်ပြထားတဲ့ ယေဖသနဲ့ သူရဲ့တစ်ဦးတည်းသောသမီးတို့ရဲ့ အခြေအနေနဲ့ ခပ်ဆင်ဆင်ပဲ။ ယေဟောဝါဆီ မျက်ရည်စက်လက်နဲ့ ဆုတောင်းပြီး ခွင့်လွှတ်ပါလို့ အသနားခံခဲ့တယ်။ ကျွန်မကို ကလေးတွေက အဆက်အသွယ်အမြဲလုပ်ပါတယ်။ သူတို့ အရမ်းအလုပ်များကြတယ်ဆိုတာကို ကျွန်မသိတယ်၊ ဒါပေမဲ့ သူတို့ဘယ်မှာပဲ အမှုဆောင်နေပါစေ ကျွန်မဆီကို စာထည့်ဖို့ အချိန်ဖယ်ထားကြတယ်၊ သူတို့ရဲ့ လယ်ကွင်းဓမ္မအမှု အတွေ့အကြုံတွေကို ပြောပြကြတယ်။ သူတို့ရဲ့စာတွေကို အပြန်ပြန်အလှန်လှန် ကျွန်မဖတ်ရှုတယ်။ အဲလိုလုပ်တာဟာ ကျွန်မနဲ့သူတို့ အပတ်တိုင်း စကားပြောနေသလိုပဲလေ၊ အဲဒီအတွက် အရမ်း ကျေးဇူးတင်မိတယ်။ ဒါ့အပြင် ကျွန်မရဲ့အသင်းတော်က ခရစ်ယာန်အကြီးအကဲတွေကလည်း ကျွန်မတို့လို အိုမင်းမစွမ်းတွေ၊ မကျန်းမမာတဲ့သူတွေကို သင့်တော်သလို ဂရုစိုက်ပေးကြတယ်၊ အသင်းတော်အစည်းအဝေးတွေအတွက် ကြိုပို့ပေးတာတွေ၊ တခြားလိုအပ်ရာ ထောက်ပံ့ပေးတာတွေကအစ သေချာအောင် စစ်ဆေးပေးကြတယ်။ ကျွန်မရဲ့ ဝိညာဉ်ရေး ညီအစ်ကိုညီအစ်မတွေဟာ ယေဟောဝါဆီကလာတဲ့ ဆုကျေးဇူးလို့ မြင်ပါတယ်။”
အထီးကျန်ဖြစ်မှုကို အသင်လည်း အနိုင်ယူနိုင်
သင်သည် အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ၊ မိဘများရှိသည့် ကလေးတစ်ဦးဖြစ်စေ၊ မိဘမဲ့တစ်ဦးဖြစ်စေ၊ ချစ်မြတ်နိုးရသူများကို ဆုံးရှုံးခဲ့ရသူဖြစ်စေ၊ အထီးကျန်ဖြစ်မှုပုံစံ တစ်မျိုးမျိုးကို တွေ့ ကြုံခံစားခဲ့ရသူဖြစ်စေ သင်၏ခံစားချက်များကို အနိုင်ယူနည်းများ ရှိပါသည်။ မိသားစုဝင် ခြောက်ဦးကို စွန့်ပစ်ပြီး အခြားတစ်နိုင်ငံသို့ ထွက်သွားခဲ့သည့်ဖခင်၏ အသက် ၁၈ နှစ်အရွယ်မိန်းကလေး ဟိုကာဘတ်က ဤသို့ပြောပြသည်– “ပွင့်ပွင့်လင်းလင်းပြောဆိုပါ! ကိုယ့်အကြောင်းကို ကိုယ်တိုင်ပြောပြဖို့ အရေးကြီးတယ်။ အဲ့လိုမပြောပြရင် ဘယ်သူကမှ နားလည်ပေးမှာမဟုတ်ဘူး။” “ကိုယ့်အကြောင်းကိုချည်း အရမ်းမစဉ်းစားပါနဲ့။ ကိုယ့်ထက်ပိုဆိုးကောင်းဆိုးနိုင်တဲ့ လူငယ်တွေဆီကနေမဟုတ်ဘဲ ရင့်ကျက်တဲ့သူတွေဆီကနေ အကူအညီတောင်းခံပါ” ဟု သူက အကြံပြုသည်။ အထက်တွင် ဖော်ပြခဲ့သော လူအီဆာက ဤသို့ပြောပြသည်– “ယေဟောဝါဆီ လှိုက်လှိုက်လှဲလှဲ ဆုတောင်းခြင်းက ထွက်ပေါက်မရှိတဲ့လမ်းလို့ ခေါ်လို့ရတဲ့နေရာကနေ ကျွန်မတို့လွတ်မြောက်အောင် လိုအပ်တဲ့အကူအညီ ပေးတယ်။” ဇနီးသည် ဆုံးပါးသွားသူ ကော်ကာသည် အဖော်မဲ့မှုကို မည်သို့အနိုင်ယူကြောင်း သူဤသို့ပြောပြသည်– “မဆုတ်မနစ်တဲ့ဇွဲရှိဖို့ လိုတယ်။ သူတစ်ဖက်သားကို စိတ်ဝင်စားခြင်းက ကျွန်တော့်ကို အများကြီး အထောက်အကူပေးတယ်။ တခြားသူတွေနဲ့ စကားစမြည်ပြောဆိုနေတဲ့အခါ ‘ကိုယ်ချင်းစာနာစိတ် တင်ပြခြင်း’ က မိမိတို့ရဲ့ စကားပြောဆိုမှုကို အဓိပ္ပာယ်ရှိစေနိုင်ပြီး တခြားသူတွေရဲ့ လှပတဲ့ အရည်အသွေးတွေကို ရှာတွေ့ဖို့လည်း အကူအညီပေးနိုင်တယ်။”—၁ ပေတရု ၃:၈။
အထီးကျန်ဖြစ်မှုကို တွန်းလှန်ဖို့ လုပ်ဆောင်နိုင်စရာ များစွာရှိပါသည်။ သို့သော် အထီးကျန်ဖြစ်မှုသည် အတိတ်ကအရာ ဖြစ်တော့မည့်တစ်နေ့ ရောက်လာပါဦးမည်လော။ ရောက်လာမည်ဆိုပါက မည်သို့ဖြစ်ပျက်လာမည်နည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးက ဖြေဆိုပေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 အမည်တချို့ကို ပြောင်းထားသည်။
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
“ယေဟောဝါဆီ လှိုက်လှိုက်လှဲလှဲ ဆုတောင်းခြင်းက ထွက်ပေါက်မရှိတဲ့လမ်းလို့ ခေါ်လို့ရတဲ့ နေရာကနေ ကျွန်မတို့လွတ်မြောက်အောင် လိုအပ်တဲ့အကူအညီ ပေးတယ်။”—လူအီဆာ
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အထီးကျန်ဖြစ်မှုကို အနိုင်ယူနိုင်ပုံ
▪ သင်၏အခြေအနေသည် ပြောင်းလဲသွားနိုင်ကြောင်း စိတ်စွဲမှတ်ထားပါ၊ ယင်းသည် အမြဲရှိနေသောအခြေအနေမဟုတ်ဘဲ အခြားသူများလည်း ထပ်တူကြုံတွေ့ရသည့် သာမန် အခြေအနေပင်ဖြစ်သည်။
▪ ကိုယ့်ကိုယ်ကို တရားလွန်မတောင်းဆိုပါနှင့်။
▪ ကိုယ့်ကိုယ်ကို ကျေနပ်ရောင့်ရဲတတ်ပါ။
▪ ကိုယ်လက်လှုပ်ရှားခြင်းနှင့် အစာစားခြင်းတို့တွင် အလေ့အကျင့်ကောင်းရှိပါ၊ အိပ်ရေးဝဝအိပ်ပါ။
▪ တစ်ကိုယ်တည်းနေရသည့်အခါတွင် ဖန်တီးတီထွင်မှုများပြုကာ အသစ်သော အတတ်ပညာများကို လေ့လာဆည်းပူးပါ။
▪ သင်နှင့်တွေ့ဆုံသူတို့အပေါ် သင်၏အတိတ်က အတွေ့အကြုံများအပေါ် အမှီပြုပြီး အကဲမဖြတ်မိဖို့ သတိပြုပါ။
▪ သင်၏မိတ်ဆွေများနှင့် သူတို့၏ အရည်အသွေးထူးများကို တန်ဖိုးထားပါ။ ပျော်ရွှင်စရာကောင်းသော မိတ်ဆွေအသိုင်းအဝိုင်းတစ်ခုရလာအောင် ကြိုးစားဖန်တီးပါ။ အသက်ကြီးသူများ၊ အတွေ့အကြုံရှိသူများထံ အကြံကောင်းဉာဏ်ကောင်း တောင်းခံပါ။
▪ အခြားသူများအတွက် တစ်ခုခုလုပ်ပေးပါ—ပြုံးပြပါ၊ ကြင်နာသည့်စကားတစ်ခွန်းပြောဆိုပါ၊ သူတို့အား သမ္မာကျမ်းစာမှ စဉ်းစားဆင်ခြင်စရာတစ်ခု ပြောပြပါ။ မိမိသည် အခြားသူများအတွက် လိုအပ်သည်ဟူသော ခံစားချက်သည် အထီးကျန်ဖြစ်မှုအတွက် ဖြေဆေးတစ်ခွက်ဖြစ်သည်။
▪ ရုပ်ရှင်၊ တီဗွီအကျော်အမော်များ၊ အင်တာနက်၊ စာပေများမှ ဇာတ်ကောင်များအကြောင်း စိတ်ကူးယဉ်ခြင်း၊ သူတို့နှင့်ရင်းနှီးမှုရရန် ကြံစည်စိတ်ကူးခြင်းကို ရှောင်ကြဉ်ပါ။
▪ သင်သည် အိမ်ထောင်သည်ဖြစ်ပါက သင်၏စိတ်ခံစားချက် လိုအပ်မှုမှန်သမျှကို သင့်အိမ်ထောင်ဖက်က ဖြည့်ဆည်းပေးမည်ဟု မမျှော်လင့်ပါနှင့်။ အပေးအယူရှိဖို့နှင့် တစ်ဦးကိုတစ်ဦး ထောက်မကူညီဖို့ သင်ယူပါ။
▪ အခြားသူများနှင့်စကားပြောဆိုဖို့နှင့် ကောင်းစွာနားထောင်တတ်သူတစ်ဦးဖြစ်ဖို့ သင်ယူပါ။ တခြားသူတို့နှင့် သူတို့၏စိတ်ဝင်စားရာများအပေါ် အာရုံစိုက်ပါ။ စာနာမှုပြပါ။
▪ သင်အထီးကျန်ဖြစ်နေသည်ကို အသိအမှတ်ပြုပြီး ရင့်ကျက်သည့် မိတ်ဆွေတစ်ဦး၊ သင်ယုံကြည်စိတ်ချရသူတစ်ဦးဦးနှင့် ပြောဆိုဆွေးနွေးပါ။ ကျိတ်မှိတ်ခံစားမနေပါနှင့်။
▪ အရက်ယမကာ အလွန်အကျွံသောက်ခြင်းကိုရှောင်ပါ၊ သို့မဟုတ် လုံးဝမသောက်ပါနှင့်။ သေရည်သေရက်သည် သင့်ပြဿနာများကို မဖယ်ရှားပေးချေ၊ အတန်ကြာသော် ပြန်ပေါ်လာတတ်၍ဖြစ်၏။
▪ မာနမကြီးပါနှင့်။ သင့်အား စိတ်ထိခိုက်စေသူတို့ကို ခွင့်လွှတ်ပြီး ကျေအေးလိုက်ပါ။ တင်းခံနေမှုများကို လျှော့ချပစ်လိုစိတ်ရှိပါ။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
အထီးကျန်ဖြစ်မှုကို မည်သို့ အနိုင်ယူနိုင်သနည်း