မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာကိုပိုလို ပိုးလမ်းမကြီးအတိုင်းသွားသည့် တရုတ်ပြည်ခရီး

မာကိုပိုလို ပိုးလမ်းမကြီးအတိုင်းသွားသည့် တရုတ်ပြည်ခရီး

မာ​ကို​ပိုလို ပိုး​လမ်းမကြီး​အတိုင်း​သွား​သည့် တရုတ်​ပြည်​ခရီး

အီတလီ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

ဗင်း​နစ်​မြို့​သင်္ဘောဆိပ်​တွင် သင်္ဘော​ပေါ်​မှ အမျိုးသား​သုံးဦး ဆင်းလာ​သည်။ သူတို့ကို အပြေးအလွှား​ကြိုဆို​မည့်​သူ တစ်ဦးမျှ​မရှိပါ။ တိုင်းတစ်ပါး​တွင် ၂၄ နှစ်​ကြာ​ခရီး​လွန်​နေပြီး​မှ မိမိတို့​မြို့​သို့ ပြန်ရောက်​လာ​ခြင်း​ဖြစ်သည့်​အပြင် သူတို့၏ ထူးခြားသော​အသွင်​ကြောင့်​လည်း သူတို့ကို မမှတ်မိ​ကြ​ပါ။ အကောင်းစား​ပိုးထည်​ဖြစ်​သော်လည်း ဟောင်းနွမ်း​စုတ်ပြဲ​နေသည့် မွန်​ဂို​ပုံစံ​ဝတ်လုံ ဝတ်ဆင်​ထားသော သူတို့ကို စာအုပ်​တစ်အုပ်​၌ ဤသို့​ဖော်ပြ​ထား​၏– သူတို့၏ “အမူအရာ​နှင့် အသံနေအသံထား​တို့သည် တာ​တာ​လူမျိုး​တို့​နှင့် အလွန်​တူ​နေပြီး မိမိတို့၏ ဗင်း​နစ်​စကား​ကို လုံးလုံး​မေ့​နေကြပြီ။” ထို​ခရီးသည်​များ​မှာ မာ​ကို​ပိုလို၊ သူ၏​ဖခင်​နှင့် ဦးလေး​တို့ ဖြစ်​ကြသည်။ ခုနှစ်​ကား ၁၂၉၅ ဖြစ်သည်။

ယခု အလွန်​ဝေးလံ​သော က​သေး၊ ယခု​အခေါ် တရုတ်​ပြည်​သို့​သွား​သည့် ပိုလို​တို့​သုံးဦး​၏ ခရီးစဉ်​အဖြစ်အပျက်​များသည် သူတို့၏​တစ်ခေတ်​တည်း​သားများ​အဖို့ မယုံနိုင်​စ​ရာ​ဖြစ်​ခဲ့​သည်။ ကမ္ဘာ​လောကကို ရုပ်လုံးဖော်​ခြင်း ဟု​အစပိုင်း​တွင်​ခေါ်​ပြီး နောက်ပိုင်း မာ​ကို​ပိုလို​၏ ခရီးစဉ်​ဟု​ခေါ်​သည့် မာ​ကို​၏​ကိုယ်တွေ့​မှတ်တမ်း​စာအုပ်​တွင် အနောက်​တိုင်း​သား​ကုန်သည်​များ မက်မက်မောမော​ရှာဖွေခဲ့​ကြ​သည့် ကုန်​ပစ္စည်း​များ အလွန်​ပေါများ​သော အလွန်​ကြွယ်ဝ​ချမ်းသာ​သည့် လူ​မသိ​သူ​မသိသော လူမျိုးတစ်မျိုး​၏ ယဉ်ကျေးမှု​အကြောင်း ဖော်ပြ​ထား​သည်။ သူ၏​စာအုပ်​သည် စာဖတ်သူ​များ​၏ စိတ်ကူး​စိတ်​သန်း​အပေါ် အကြီးအကျယ် ဩဇာ​လွှမ်းမိုး​ခဲ့​သည်။ မာ​ကို​ပြန်ရောက်​ပြီး ၂၅ နှစ်​အတွင်း လက်ရေး​ဖြင့်​ရေး​သည့် ဘာသာပြန်​စာအုပ်​များ​ကို ယခု​လက်ရှိ ပြင်သစ်-အီတာလျံ၊ ပြင်သစ်၊ လက်တင်၊ တပ်​စ​ကင်၊ ဗင်း​နစ်​နှင့် အလယ်ခေတ်​တွင် ပြိုင်ဘက်​မရှိ​ထွန်းကား​ခဲ့​ပုံ​ရသည့် ဂျာမန်​ဘာသာ​စကား​တို့​ဖြင့် ရရှိနိုင်​ခဲ့​သည်။ ရာစုနှစ် နှစ်ခု​ကြာ​သည်​အထိ လက်​ဖြင့် ကူးရေး​ခဲ့​ကြ​ပြီး ၁၄၇၇  ခုနှစ်​မှ​စ၍ ဘာသာ​စကား​များစွာ​သို့ ဆက်၍ ပုံနှိပ်​ထုတ်ဝေ​ခဲ့​သည်။ မာ​ကို​ပိုလို​သည် ပိုး​လမ်းမကြီး​ဖြင့် တရုတ်​ပြည်​သို့ သွားခဲ့​သူများ​ထဲ​တွင် အကျော်ကြားဆုံး အနောက်​တိုင်း​သား​တစ်ဦး​ဖြစ်​ပေမည်။ အဘယ်ကြောင့် ထို​ခရီး​ကို သွားခဲ့​သနည်း။ သူ​မြင်တွေ့ခဲ့၊ ပြုလုပ်​ခဲ့​သည်​ဟု​ဆို​သော သူ၏​ပြောပြချက်​အားလုံး​ကို ယုံကြည်​နိုင်​ပါသလော။

ဗင်း​နစ်​မြို့သား ကုန်သည်​များ

၁၃ ရာစု​တွင် ဗင်း​နစ်​မြို့သား​ကုန်သည်​များသည် ကော​စ​တန်​တီ​နို​ပဲ​လ်​မြို့၊ ယခု​အခေါ် အစ္စတန်ဘူလ်​မြို့တွင် အခြေချ​နေထိုင်ခဲ့​ကြ​ပြီး ကြီးပွား​ချမ်းသာ​လာ​ခဲ့​ကြသည်။ ထို​သူတို့​ထဲ​တွင် မာ​ကို​၏ ဖခင် နစ်​ကို​လို​နှင့် ဦးလေး​ဖြစ်သူ မ​ဖ်ဖီရို  ပိုလို​တို့​လည်း ပါဝင်​သည်။ သူတို့သည် ၁၂၆၀ ပြည့်နှစ်​ခန့်​တွင် ထို​ဒေသ​မှ သူတို့၏​ပိုင်ဆိုင်ရာ​အားလုံး​ကို ရောင်းလိုက်ပြီး ကျောက်​မျက်​ရတနာ​လုပ်ငန်း​တွင် ရင်းနှီး​မြှုပ်နှံ​ကာ မွန်​ဂို​အင်ပါယာ၊ ခ​န်​နယ်မြေ​အနောက်ပိုင်း​မြို့တော်၊ ဗိုလ်​ဂါ​မြစ်​ကမ်းရှိ စာ​ရိုင်း​မြို့​သို့ ထွက်​လာ​ခဲ့​ကြသည်။ အရောင်းအဝယ်​အောင်​မြင်ခဲ့​ပြီး နှစ်ဆ​မြတ်​ခဲ့​ကြသည်။ စစ်​ဖြစ်​နေ၍ အိမ်သို့ပြန်​ရန် မဖြစ်​နိုင်သော​ကြောင့် အရှေ့ဘက်​ဖြစ်သော ယခု​အခေါ် အုဇ်​ဘက်က​စ္စ​တန်​ရှိ ကူး​သန်း​ရောင်းဝယ်ရေး​မြို့ကြီး​ဖြစ်သော ဘူခါရာ​မြို့​သို့​ရှေး​ရှု​ခဲ့​ကာ မြင်း​စီး​ထွက်​လာ​ခဲ့​ကြ​ပုံ​ရသည်။

မငြိမ်မသက်မှု​ကြောင့် ထို​တွင် သုံးနှစ်​ကြန့်ကြာ​နေခဲ့​သည်၊ ကူ​ဗ​လို​င်​ထံ​သွား​ကြ​သည့် သံတမန်များ ဘူခါရာ​မြို့ကို ဖြတ်သွား​စဉ် သူတို့နှင့် တွေ့ဆုံ​ခဲ့​သည့်​အချိန်အထိ​ဖြစ်သည်—ကူ​ဗ​လို​င်​မှာ ကိုရီးယား​မှ ပိုလန်​အထိ စိုးမိုး​သည့် မွန်​ဂို​အားလုံး​၏​မဟာ​ခ​န်​ဖြစ်သည်။ မာ​ကို​၏​ပြောပြချက်​အရ မဟာ​ခ​န်​သည် ဥရောပ​တောင်ပိုင်း​သားများ​ကို ဆိုလိုခြင်း​ဖြစ်​နိုင်သော “လက်တင်​လူမျိုး” တစ်ယောက်ကို​မျှ မ​တွေ့ဆုံ​ဖူး​သေး​သောကြောင့် သူတို့နှင့်​တွေ့ဆုံ​လျှင် ဝမ်းမြောက်​မည်​ဟု ယူဆ​ကာ ထို​သံတမန်များ​က နစ်​ကို​လို​နှင့် မ​ဖ်ဖီရို​တို့ကို သူတို့နှင့်​အတူ​လိုက်​ရန် ဖိတ်ခေါ်​ခဲ့​ကြသည်။ ပိုလို​တို့​နှစ်ဦး​သည် မွန်​ဂို​အင်ပါယာ​ကို တည်ထောင်​ခဲ့​သူ ဂျင်​ဂ​စ်​ခ​န်​၏​မြေး၊ ကူ​ဗ​လို​င်​ခ​န်​၏ နန်းတော်​သို့​ရောက်​ရန် တစ်နှစ်​ကျော် ခြေလျင်​ခရီး​ကြမ်း​နှင်ခဲ့​ရသည်။

မဟာ​ခ​န်​သည် ပိုလို​တို့​ညီအစ်ကို​နှစ်ဦး​ကို ကြိုဆို​ခဲ့​ပြီး အနောက်​တိုင်း​နှင့်​ပတ်သက်​သည့် မေးခွန်း​များစွာ မေးခဲ့သည်။ အိမ်အပြန်​လမ်း​တွင် ဘေးအန္တရာယ်​မရှိစေရန် ဘုရင့်​ရွှေ​တံဆိပ်​ပြား​ကို​သူတို့အား​ပေး​ခဲ့​သည်၊ ပုပ်​ထံ​သို့​လည်း “[ကူ​ဗ​လို​င်​၏] ပြည်သူ​များ​ကို သွန်သင်ပေး​ရန် ခရစ်တော်​၏​တရားကို သင်ယူ​တတ်မြောက်​သူ၊ [ထို​ခေတ်​အချိန်​က] အနောက်​တိုင်း​ပညာရပ် ခု​နစ်​မျိုးကို ကျွမ်းကျင်​တတ်မြောက်​သူ ပညာရှိ​အ​ယောက်​တစ်​ရာ​ခန့်” စေလွှတ်​ပေး​ရန် တောင်းဆို​သည့်​စာပါ ပေး​ခဲ့​သည်။

ထို​အတောအတွင်း မာ​ကို,ကို​မွေးဖွား​ခဲ့​သည်။ သူ၏​ဖခင်​ကို ဦးဆုံး​တွေ့ခဲ့​ရသည့်​အချိန်​မှာ သူ့​အသက် ၁၅ နှစ်အရွယ် ၁၂၆၉ ခုနှစ်​တွင် ဖြစ်သည်။ နစ်​ကို​လို​နှင့် မ​ဖ်ဖီရို​တို့ “ခရစ်ယာန်” စိုးမိုး​သည့်​နယ်မြေ​သို့ ပြန်ရောက်​လာချိန်​တွင် စတုတ္ထ​မြောက် ပုပ် က​လဲ​မ​န့် ကွယ်လွန်​သွားပြီ​ဖြစ်​ကြောင်း သိလိုက်ရ​သည်။ ပုပ်​ရဟန်း​မင်း​နေရာ ဆက်ခံ​မည့်​သူကို စောင့်ဆိုင်း​ခဲ့​ကြသည်၊ သုံးနှစ်​တာ​ကြား​ကာလ​မှာ သမိုင်း​တွင် အကြာ​ဆုံး​ဖြစ်​ခဲ့​သည်။ နှစ်နှစ်​အကြာ ၁၂၇၁ ခုနှစ်​တွင် ၁၇ နှစ်အရွယ် မာ​ကို,ကို​ပါ​ခေါ်ဆောင်​ကာ မဟာ​ခ​န်​ဆီ​သို့ သူတို့ ပြန်သွား​ရန် ထွက်ခွာ​ခဲ့​ကြသည်။

မာ​ကို​၏​ခရီးစဉ်

ပါလက်စတိုင်း​နယ်၊ အေ​ကာ​မြို့တွင် နာမည်ကြီး​ချာ့ခ်ျ​နိုင်ငံရေးသမား​တစ်ဦး​ဖြစ်သူ တီ​အို​ဘယ်​လ်​ဒို ဗစ္စကွန်တီ​က မဟာ​ခ​န်​တောင်းဆို​သော ပညာရှိ​အ​ယောက်​တစ်​ရာ​ကို အဘယ်ကြောင့် မ​စေလွှတ်​နိုင်​ကြောင်း ရှင်းပြ​ထား​သည့်​စာ​ကို ပိုလို​တို့​သုံးဦး​အား ပေး​ခဲ့​သည်။ အာရှမိုင်းနား​သို့​ရောက်​သည့်​အခါ ဗစ္စကွန်တီ​မှာ ပုပ်​ရဟန်း​မင်း​အဖြစ် ရွေးချယ်​တင်မြှောက်​ခံရ​ကြောင်း သတင်း​ကြားကြ​သောကြောင့် အေ​ကာ​မြို့​သို့ နောက်ကြောင်းပြန်​လှည့်​ခဲ့​ကြသည်။ ပုပ်​ရဟန်း​မင်း​အသစ်​ဖြစ်သော ဂ​ရက်​ဂို​ရီ တစ်ဆယ်​သည် ပညာရှိ​အ​ယောက်​တစ်​ရာ​စေလွှတ်​မည့်​အစား ခရစ်ယာန်​ဘုန်းကြီး​များနှင့် ဘိရှော့များ​ကို ခန့်အပ်​ပိုင်ခွင့်​ရှိသည့် ခရစ်ယာန်​ရဟန်း​နှစ်ပါး​ကို​သာ တရားဝင်​ထောက်ခံချက်​များနှင့် ခ​န်​အတွက် လက်ဆောင်​ပ​ဏ္ဏာ​များ​ပေး​ကာ စေလွှတ်ခဲ့​သည်။ ထို​အုပ်စု​သည် ခရီးဆက်​ထွက်​ခဲ့​ရာ အပျက်အစီး​များ​သည့် စစ်​ဖြစ်​ရာ​နယ်မြေ​သို့​ရောက်​သည့်​အခါ ခရစ်ယာန်​ရဟန်း​နှစ်ပါး​မှာ ကြောက်​၍ ပြန်လှည့်​ခဲ့​ကြသည်။ ပိုလို​တို့​သုံးဦး​မှာ​မူ ခရီးဆက်​ခဲ့​ကြသည်။

ထို​သူ​သုံးဦးသည် ယခု တူရကီ​နှင့် အီရန်​နိုင်ငံ​အဖြစ် သိထား​သော နယ်မြေ​များ​တစ်လျှောက် ခရီးနှင်​ခဲ့​ကြ​ပြီး ရေကြောင်း​ဖြင့် သွား​မည်​ဟု ရည်ရွယ်​ကာ ပါ​ရှန်​ပင်လယ်ကွေ့​ဘက်​သို့ ဆင်းလာ​ခဲ့​ကြသည်။ သို့သော် “ကြိုး​များ​ဖြင့်​သာ ချည်တုပ်​ထားသော ခိုင်ခံ့မှု​မရှိ၊” လေ​ဒဏ်​လှိုင်း​ဒဏ် မခံနိုင်​သော သင်္ဘော​များ​ကို​သာ​တွေ့ရ​သောကြောင့် ကုန်း​ကြောင်း​ဖြင့်​သွား​ရန် ဆုံးဖြတ်​ခဲ့​ကြသည်။ မြောက်ဘက်​ပြန်လှည့်​ကာ အရှေ့ဘက်​သို့​ဦးတည်​ပြီး အာဖဂန်နစ္စတန်​နိုင်ငံ​၏ ကြီးမား​ကျယ်ပြန့်​သော လွင်တီးခေါင်​များ၊ ခံ့ညား​ထည်ဝါ​သော တောင်တန်း​ကြီး​များ၊ စိမ်းလန်း​သော​ကုန်း​ပြင်​မြင့်​များ၊ မြေ​သြဇာ​ကောင်းသော လွင်ပြင်များ​ကို​ဖြတ်​ကာ ပမ်​မိုင်​ယာ​သို့​လည်းကောင်း၊ ထို့နောက် ကာ​ရှ်​ဂါ​သို့​လည်းကောင်း ရောက်လာ​ခဲ့​ကြသည်၊ ကာ​ရှ်​ဂါ​သည် ယခု​အချိန်တွင် တရုတ်​နိုင်ငံ​၏ ရှင်​ဂျန် ဗီ​ကာ ကိုယ်ပိုင်​အုပ်ချုပ်ရေး​နယ်မြေ​ဖြစ်သည်။ ယင်း​မှ​တစ်ဖန် ကန္တာရ​စခန်းချ​ယာဉ်​တန်း လမ်းကြောင်း​အတိုင်း တ​ရင်​မြစ်ဝှမ်း​ဒေသ တောင်ဘက်​လမ်းကြောင်းဖြင့်​သွားပြီး ဂို​ဘီ​သဲကန္တာရ​ကို​ဖြတ်​ကာ က​မ်​ဘယ်​လု၊ ယခု ပေကျင်း​မြို့​သို့ ရောက်လာ​ခဲ့​ကြသည်။ ပြင်းထန်သော​ရာသီဥတု​နှင့် မာ​ကို​၏ သတ်သတ်မှတ်မှတ်​မဖော်​ပြ​သော အဖျားရောဂါ​များ​ပါဝင်သော ခရီးစဉ်​တစ်ခုလုံး​သည် သုံးနှစ်ခွဲ​ကြာ​ခဲ့​သည်။

မာ​ကို​သည် လမ်းတစ်လျှောက်​မှ ထူးဆန်းသော​အရာများ​ကို ဂရုတစိုက်​မှတ်သား​ခဲ့​သည်—နောဧ​သင်္ဘော တင်​ကျန်​ခဲ့​သည်​ဟု​ဆို​ကြသော အာမေးနီးယား​ရှိ​တောင်၊ မာဂု​ပညာရှိ​များ​အား မြှုပ်နှံ​ရာ​ဟု ယူဆ​ရသည့် ပါးရှား​ပြည်​ရှိ သင်္ချိုင်းဂူ၊ အလွန်​အေး​ပြီး အမြဲ​မဲ​မှောင်​နေသည့် မြောက်ဘက်စွန်း​ရှိ ဒေသ​များ​အကြောင်း​တို့ ဖြစ်သည်။ မာ​ကို​သည် ရေနံ​အကြောင်း အနောက်​နိုင်ငံ​စာပေ​များ​တွင် ပထမဦးဆုံး​ဖော်ပြ​သူ​ဖြစ်သည်။ “ရေ​ပု​တ်​သင်” အကြောင်း၊ ရှင်​ဂျန် ဗီ​ကာ​နယ်မြေ​တွင်​တွေ့ရ​သော မီး​ဒဏ်​ခံနိုင်​သည်​ဟု အများယူ​မှတ်​ကြ​သည့် တိရစ္ဆာန်​အမွေး​မဟုတ်ဘဲ တွင်း​ထွက်​ပစ္စည်း​ဖြစ်သော—ကျောက်​ဂွမ်း—အကြောင်း​တို့ကို ဖော်ပြ​ခဲ့​သည်။ မီး​ဆိုက်​ရာ​တွင်​သုံး​သည့် အမဲရောင်​ကျောက်တုံး—ကျောက်မီးသွေး—ကို တရုတ်​ပြည်​တွင် အများအပြား​တွေ့ရ​သဖြင့် နေ့စဉ် ရေ​ပူ​ဖြင့် ရေချိုး​နိုင်​သည်။ သူ​သွားရောက်​ခဲ့​သည့်​နေရာတိုင်း​တွင် အဆင်တန်ဆာ၊ အစားအစာ​နှင့် သောက်​ဖွယ်​ရာ—အထူးသဖြင့် မွန်​ဂို​တို့၏ က​စော်​ဖောက်​ထား​သည့် မြင်း​နို့—ဘာသာ​တရား၊ မှော်အတတ်၊ ကုန်သွယ်​မှု၊ ကုန်​ပစ္စည်း​စ​သည်​တို့​ရောင်းချ​သည်ကို​လည်း မှတ်သား​ထား​သည်။ သူ့ အတွက် အသစ်အဆန်း​ဖြစ်သည့်​အရာ​မှာ မဟာ​ခ​န်​အုပ်ချုပ်​ရာ နယ်မြေ​တွင် ငွေ​စက္ကူ​များ​ကို အသုံးပြုခြင်း​ဖြစ်သည်။

မာ​ကို​သည် သူ၏​ထင်မြင်​ယူဆချက်​ကို ဘယ်တော့​မျှ​မဖော်ပြဘဲ သူ​မြင်တွေ့​ကြားသိ​ခဲ့​ရာ​များ​ကို အရှိအတိုင်း ဖော်ပြ​ခဲ့​သည်။ သူ၏​အဖော်​တချို့ ဖမ်းဆီး​ခံရ​ပြီး အချို့​သူများ အသတ်ခံရ​သည့် လုယက်​တိုက်ခိုက်သူ​များနှင့် ကြုံတွေ့​ရသည့်​အခါ သူ​မည်သို့​ခံစား​ခဲ့​ရမည်ကို ကျွန်ုပ်​တို့ ခန့်မှန်း​ရုံ​သာ​ပြု​နိုင်​သည်။

ကူ​ဗ​လို​င်​ခ​န်​ထံ​တွင် အမှုထမ်းခဲ့​သလော

မာ​ကို​က ပိုလို​တို့​သုံးဦးသည် ကူ​ဗ​လို​င်​ခ​န် သို့​မဟုတ် မဟာ​ခ​န်​ထံ​တွင် ၁၇ နှစ်​ကြာ အမှုထမ်းခဲ့​သည်​ဟု​ဆို​၏။ ထို​နှစ်များ​အတွင်း မဟာ​ခ​န်​၏​အင်ပါယာ​တွင် ဖြစ်ရပ်မှန်​စူးစမ်း​ရှာဖွေရေး​အဖွဲ့​အဖြစ် မကြာခဏ စေလွှတ်​ခံရ​ကြောင်း​နှင့် ထို​အတောအတွင်း မာ​ကို​သည် ယန်​ဂျို၊ ယနေ့​အခေါ် ဂျန်​စု​နယ်​ကို အုပ်ချုပ်​ခဲ့​ရသည်​ဟု​ပင် ဖော်ပြ​ထား​သည်။

မာ​ကို​၏​ပြောဆိုချက်​အားလုံး မှန်​မမှန်​နှင့်​ပတ်သက်​၍ အငြင်းပွားဖွယ်​ဖြစ်သည်။ မွန်​ဂို​တို့သည် သူတို့​အနိုင်ယူ​သိမ်းပိုက်​ထားသော တရုတ်​လူမျိုး​တို့ကို မယုံကြည်​ကြ​ပါ၊ သူတို့၏ အင်​ယာ​ပါ​အတွင်း ဦးစီး​ကွပ်ကဲ​ရန် တိုင်းတစ်ပါးသား​များ​ကို တာဝန်​ခန့်အပ်​ခဲ့​ကြသည်။ သို့သော် မာ​ကို​ကဲ့သို့ ပညာ​မတတ်​သူ​တစ်ဦး​က ဘုရင်ခံ​ဖြစ်လာ​သည်​မှာ မဖြစ်​နိုင်​စ​ရာ​ဖြစ်သည်။ သူ၏​ရာထူး​နှင့်​ပတ်သက်​၍ ချဲ့ကား​ခဲ့​ခြင်း​ဖြစ်​နိုင်​ဖွယ်​ရှိသည်။ သို့သော် ပညာရှင်​များ​က သူသည် “ရာထူး​ရာ​ခံ​ရှိသည့် အသုံးဝင်​သော​ကိုယ်စားလှယ်” ဖြစ်​နိုင်​ဖွယ်​ရှိကြောင်း လက်ခံ​ကြသည်။

မည်သို့​ပင်​ဖြစ်ပါစေ မာ​ကို​သည် အနောက်​နိုင်ငံသား​များ လုံးလုံး​သတိ​မထား​မိ​သော သို့​မဟုတ် ယုံ​တမ်း​စကား​အဖြစ်​နှင့် တစ်ဆင့်​စကား​အဖြစ်​သာ သိထားကြ​သော လူ့​ဘောင်​တစ်ခု​က ပိုင်ဆိုင်​ထား​သည့် ပြော​မပြ​နိုင်​လောက်​အောင် ကြီးပွား​ချမ်းသာ​ပြီး တစ်မူထူး​သော​ဘာသာ​တရား၊ ဆန်းပြား​သော ဓလေ့​ထုံးစံ​များ​ရှိသည့် မြို့ကြီး​များ​အကြောင်းကို ပြောင်မြောက်​စွာ ပုံဖော်​နိုင်​ခဲ့​သည်။ ဥရောပ​ထက် လူဦးရေ​ပို​များ​ပြီး ပို​ချမ်းသာ​ကြွယ်ဝ​သည့် ထိုသို့​သော​ထွန်းကား​မှု အမှန်ပင်​ရှိခဲ့​သလော။ မဖြစ်​နိုင်ရာ​ပင်။

မဟာ​ခ​န်​၏ နန်းတော်​သည် “တည်ရှိ​ခဲ့​သမျှ​နန်းတော်​တွင် အကြီးမားဆုံး” ဖြစ်သည်​ဟု မာ​ကို ဖော်ပြ​ခဲ့​သည်။ “နန်းတော်​အဆောက်အအုံ​ကြီး​သည် အလွန်​ကြီးမား၊ အလွန်​ကြွယ်ဝ၊ အလွန်​လှပ​သဖြင့် ယင်း​ထက်သာ​လွန်​သည့် ဒီဇိုင်း​ပုံစံ​ကို မည်သူမျှ ဆွဲ​နိုင်​မည်​မဟုတ်။” နန်းတော်​နံရံ​များ​ကို ရွှေ၊ ငွေ၊ ပန်း​ပု​လက်ရာများ၊ ရွှေ​နဂါး​များ၊ သားရဲများ၊ ငှက်​များ၊ သူရဲကောင်း​တို့၏​ရုပ်​ကြွ​များ​ဖြင့် မွမ်းမံ​ထား​သည်။ ဟ​င်္သ​ပ​ဒါး၊ အဝါ၊ အစိမ်း၊ အပြာရောင်​တို့​ဖြင့် ခြယ်လှယ်​ထားသော မြင့်မား​လှ​သည့်​အမိုး​သည် သ​လင်း​ကျောက်​အလား တောက်ပ​သည်။ ခမ်းနား​ကြီးကျယ်​သော နန်းတော်​ဥယျာဉ်​များ​အတွင်း တိရစ္ဆာန်​မျိုးစုံ​ရှိသည်။

အလယ်ခေတ်​ဥရောပ​ရှိ အကွေ့​အကောက်​များသော မြို့တွင်း​လမ်းကျဉ်း​များနှင့်​မတူဘဲ က​မ်​ဘယ်​လု​မြို့​လမ်းများ​သည် အလွန်​ဖြောင့်​ပြီး ကျယ်ဝန်း​သောကြောင့် လူတစ်ဦး​သည် မြို့ရိုး​တစ်ဖက်​မှ အခြား​တစ်ဖက်​မြို့ရိုး​ကို​ပင် မြင်နိုင်​သည်။ “တန်ဖိုး​ကြီး​ပြီး ရှားပါး​သည့်​ပစ္စည်း​များ​ကို သယ်ဆောင်​လာ​ကြသော​ကြောင့် . . . ကမ္ဘာ​ပေါ်​ရှိ အခြား​မည်သည့်​မြို့​ထက်​မဆို ပို​၍​ကြွယ်ဝ​ချမ်းသာ​သည်” ဟု ဗင်း​နစ်​မြို့သား​က ဖော်ပြ​ထား​၏။ “ရက်​တိုင်း မြို့ထဲ​သို့​ဝင်​သည့်​လှည်း​များ​ထဲ​တွင် ပိုးထည်​တစ်မျိုး​အတွက်​ပင် လှည်း ၁၀၀၀ ရှိသည်။”

ကမ္ဘာ့​အကြီးဆုံး​မြစ်များ​ထဲ​တွင် တစ်ခု​ဖြစ်သော ယန်ဇီ​မြစ်​အတွင်း​တွင် ရွက်လွှင့်​နေသော​သင်္ဘော​များ​၏ အရေအတွက်​သည် အံ့သြ​လောက်​သည်။ စင်​ဂျူ့ ဆိပ်ကမ်း​တွင်​ပင် ၁၅,၀၀၀ မျှ​များ​သည့် သင်္ဘော​များ​အတွက် နေရာ​ရှိ​ရမည်ဟု မာ​ကို​ခန့်မှန်း​ခဲ့​သည်။

မွန်​ဂို​တို့၏ ဓလေ့​ထုံးစံ​များ​ထဲ​တွင် မာ​ကို​ဖော်ပြ​သည့်​အရာ​မှာ သေဆုံး​သွားသော သားသမီး​များ​ကို လက်ထပ်​ပေးခြင်း​ဖြစ်သည်။ မိသားစု​တစ်စု​တွင် အသက်​လေးနှစ် သို့​မဟုတ် လေးနှစ်​အထက် ယောက်ျားလေး​တစ်ဦး သေဆုံး​သွားပြီး အခြား​မိသားစုတွင် ယင်း​နှင့်​အသက်​တူ မိန်းကလေး​တစ်ဦး သေဆုံး​သွားပါ​က ဖခင်​ဖြစ်သူ​တို့​က ထို​သေဆုံး​သွားသော ကလေး​များ​ကို လက်ထပ်​ပေး​သင့်​သည်​ဟု ဆုံးဖြတ်​ကြ​မည်​ဖြစ်​ကာ ယင်း​နောက်​တွင် လက်ထပ်​စာချုပ်​ချုပ်​ပြီး ပွဲ​ကြီး​ကျင်းပ​ပေး​ကြသည်။ အစားအစာ​များ ဆက်သ​ကြ​မည်၊ စက္ကူ​ဖြင့်​ပြုလုပ်​ထားသော ကျွန်​အရုပ်​များ၊ ငွေ​များ၊ အိမ်သုံး​ပစ္စည်း​များ​ကို မီးရှို့​ပေး​ကြ​မည်၊ ထို “လင်မယား” သည် အခြား​ကမ္ဘာ​ဟု​ခေါ်​သော လောကတွင် ယင်း​တို့ကို ပိုင်ဆိုင်​ကြ​မည်​ဟု ယုံကြည်ချက်​ဖြင့်​ဖြစ်သည်။

မွန်​ဂို​တို့၏ စစ်ရေး​ကျွမ်းကျင်​မှု၊ အုပ်ချုပ်ပုံ​နည်း​စနစ်​များ၊ လွတ်လပ်​စွာ​ကိုးကွယ်​ခွင့်​တို့သည် မာ​ကို,ကို အလွန်​စိတ်စွဲ​မှတ်​စေ​သည်။ လူမှု​စီးပွားရေး​အောင်မြင်မှု​များ​ထဲ​တွင် ဆင်းရဲသား​များ၊ ဖျားနာသူ​များ​အတွက် ထောက်ပံ့​ပေးခြင်း၊ မီး​ဘေး၊ ဆူပူအုံကြွ​မှု​တို့​မဖြစ်စေ​ရန် ကင်း​လှည့်​ခြင်း၊ ရေလွှမ်းမိုး​ဘေး​ကြောင့်​ဖြစ်သည့် အခက်အခဲ​များ လျော့ပါး​သက်သာ​စေရန် အရန်​စပါး​ကျီ​များ​ထားခြင်း၊ လျင်မြန်​သော​စာပို့​စနစ် စ​သည်​တို့​ပါဝင်​သည်။

မွန်​ဂို​တို့ ဂျပန်​ကို​သိမ်းပိုက်​ရန် ကြိုးစား​ခဲ့​ကြောင်း မာ​ကို​ဖော်ပြ​ထား​သော်လည်း ထို​နေရာသို့ သူ​ရောက်​ခဲ့​သည်​ဟု မဖော်​ပြ​ခဲ့​ပါ။ သို့ရာတွင် ဂျပန်​၌ ရွှေ​ပေါများ​ကြောင်း ဘုရင့်​နန်းတော်​တစ်ခုလုံး​ကို ရွှေ​ဖြင့်​မိုး​ထား၊ ခင်း​ထား​ကြောင်းကို ဖော်ပြ​ခဲ့​သည်။ ၁၆ ရာစု​မတိုင်မီ အနောက်​နိုင်ငံ​စာပေ​များ​တွင် ဂျပန်​အကြောင်း ဖော်ပြ​သူ​မှာ မာ​ကို​တစ်ဦးတည်း​ဖြစ်သည်။

မာ​ကို​၏​စာအုပ်​သည် ရာစုနှစ်​ပေါင်း​များစွာ ချီးမွမ်း​ခံရ​သည့်​အပြင် ကဲ့ရဲ့​မှု​လည်း ခံ​ခဲ့​ရသည်။ မျက်မှောက်ခေတ်​ပညာရှင်​များသည် စာအုပ်​ပါ အမှားအယွင်း​များ​ကို ဝေဖန်​အကဲဖြတ်​ပြီး​နောက် ကူ​ဗ​လို​င်​၏​အုပ်ချုပ်မှု အထွတ်အထိပ်​နှင့်​ပတ်သက်​၍ “အကောင်းဆုံး ရုပ်လုံးဖော်​မှု” အဖြစ် သတ်မှတ်​ကြသည်။

ဗင်း​နစ်​သို့​ပြန်လာ

ပိုလို​တို့​သုံးဦးသည် ၁၂၉၂ ခုနှစ်​ခန့်​တွင် တရုတ်​ပြည်​မှ ထွက်ခွာ​ခဲ့​ကြသည်။ မာ​ကို​က သူတို့၏ ရေကြောင်း​ခရီးရှည်​ကြီး​သည် ၂၁ လ​ကြာ ခဲ့​သည်​ဟု​ဆို​၏၊ ယခု​အခေါ် ကွ​မ်န်ဇို​မြို့မှ​ထွက်​ကာ ဗီယက်နမ်၊ မ​လေး​ကျွန်းဆွယ်၊ ဆူ​မား​တြား၊ သီရိလင်္ကာ​တို့​တွင် ခေတ္တ​ရပ်နား​ကာ အိန္ဒိယ​ကမ်း​ရိုး​ကမ်း​မှ​တစ်ဆင့် ပါးရှား​သို့ သွား​သည့်​ခရီး​ဖြစ်သည်။ နောက်ဆုံး​ခရီး​တစ်​ထောက်​နား​သည့်​နေရာမှာ ကော​စ​တန်​တီ​နို​ပဲ​လ်​မြို့​ဖြစ်​ပြီး နောက်ဆုံး ဗင်း​နစ်​မြို့​သို့ ရောက်ရှိ​ခဲ့​သည်။ ၂၄ နှစ်​ကြာ ခွဲခွာ​ပြီး​မှ ပြန်လည်​ရောက်ရှိ​လာ​ကြသော​ကြောင့် သူတို့၏​ဆွေမျိုး​များ​က သူတို့အား မမှတ်မိ​ကြသည်​ကို နားလည်​နိုင်​ပါ​သည်။ ထို​အချိန်တွင် မာ​ကို​သည် အသက် ၄၁ သို့​မဟုတ် ၄၂ နှစ်​ရှိနေပြီ​ဖြစ်သည်။

မာ​ကို​၏​ခရီးစဉ် မည်မျှ​ဝေး​သည်ကို ခန့်မှန်း​ရန်​ခက်​သည်။ မကြာသေးမီ​က မာ​ကို​၏​ခရီးလမ်း​ကြောင်းကို ခြေရာ​ခံရန်​ကြိုးစား​သူ စာရေး​ဆရာ​တစ်ဦး​က အီရန်​နှင့် တရုတ်​ပြည်​ကြား​အကွာအဝေး​ပင် မိုင်  ၆,၀၀၀ ကျော်​ရှိသည်။ မျက်မှောက်ခေတ် သယ်ယူ​ပို့ဆောင်​ရေး​ယာဉ်များ​ဖြင့် သွား​လျှင်​ပင် အခက်အခဲ​များစွာ​ရှိသည့် ခရီး​ဖြစ်သည်။

မာ​ကို​၏​စာအုပ်​ကို ၁၂၉၈ ခုနှစ်​တွင် ဂျီနို​အာ​အကျဉ်းထောင်​၌ ရပ်​စ​တီ​ချယ်​လီရို​အား နှုတ်​တိုက်​ပြောပြ​ကာ ရေး​စေ​ခဲ့​ခြင်း​ဖြစ်သည်​ဟု ဆို​ကြသည်။ အစဉ်အလာ​စကား​အရ မာ​ကို​သည် ဗင်း​နစ်​စစ်​သင်္ဘော​များ​ကို ကြီးမှူး​သည့် ပင်လယ်ပြင်​တိုက်ပွဲ​၌ ဗင်း​နစ်​မြို့ကို​တိုက်ခိုက်သူ ဂျီနို​အာ​မြို့သား​တို့၏ ဖမ်းဆီးခြင်း​ခံ​ခဲ့​ရသည်။ အတူ​အကျဉ်း​ကျ​သူ ရပ်​စ​တီ​ချယ်​လီရို​သည် ပြင်သစ် သို့​မဟုတ် ပြင်သစ်-အီတလီ စကားပြေ​ပုံပြင်​များ​ကို ရေး​ဖူး​သူ​ဖြစ်​ပြီး မာ​ကို​နှင့်​ပေါင်းသင်း​ခြင်း​က သူ၏​ဖြစ်ရပ်​ကို​ရေး​ရန် လှုံ့ဆော်​ခံ​ခဲ့​ရခြင်း​ဖြစ်သည်။

မာ​ကို​သည် ဗင်း​နစ်​နှင့် ဂျီနို​အာ​မြို့ ငြိမ်းချမ်းရေး​သဘောတူညီ​မှု​ပြုလုပ်​သည့် ၁၂၉၉ ခုနှစ်​တွင် လွတ်​လာ​ခဲ့​ဖွယ်​ရှိသည်။ သူသည် ဗင်း​နစ်​မြို့​သို့​ပြန်​ကာ အိမ်ထောင်​ပြုပြီး သမီး​သုံးယောက် ထွန်းကား​ခဲ့​သည်။ ၁၃၂၄ ခုနှစ်၊ အသက် ၆၉ နှစ်အရွယ်​တွင် သူ၏​နေရင်း​မြို့၌ ကွယ်လွန်​ခဲ့​သည်။

မာ​ကို​၏​ပြောဆိုချက်​များသည် ကိုယ်တွေ့​လော၊ သို့​မဟုတ် အခြား​ခရီး​သွားများ​ထံ​မှ ကြား​ခဲ့​သည့်​ဇာတ်ကြောင်း​လော​ဟု အချို့​သူတို့ သံသယ​ရှိ​ဆဲ​ဖြစ်သည်။ သို့သော် မာ​ကို​ပိုလို​၏ ကမ္ဘာ​လောကကို ရုပ်လုံးဖော်​ခြင်း စာအုပ်​မူရင်း​သည် မည်သို့​ပင်​ဖြစ်ပါစေ ပညာရှင်​များ​က ၎င်း​၏​တန်ဖိုး​ကို အသိအမှတ်ပြု​ကြသည်။ သမိုင်း​ပညာရှင်​တစ်ဦး​က “ယင်း​အချိန်​မတိုင်မီ သို့​မဟုတ် ယင်း​အချိန်အထိ မည်သူ​တစ်ဦး​တစ်ယောက်​က​မျှ ဤမျှ​များသော ပထဝီဝင်​ဆိုင်ရာ​ဗဟုသုတ​အသစ်များ​ကို အနောက်​နိုင်ငံသား​တို့အား မဖော်​ပြ​ခဲ့​ဖူး​ပါ” ဟု​ဆို​သည်။ လူတို့သည် ခရီး​သွားခြင်း၊ မြင်ကွင်း​အသစ်များ​နှင့် ဝေးလံ​သော​ဒေသ​များ​ကို စိတ်ဝင်စား​ကြောင်း မာ​ကို​ပိုလို​၏​စာအုပ်​က သက်သေ​သာဓက​တစ်ရပ်​ဖြစ်သည်။

[စာမျက်နှာ ၁၉ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

တရုတ်​ပြည်​သို့​သွားသော မာ​ကို​၏ ခရီး​ကြမ်း​လမ်း

တရုတ်​ပြည်​တွင်​ရှိ​စဉ်

အိမ်အပြန်ခရီး

အီတလီ

ဂျီနို​အာ

ဗင်း​နစ်

တူရကီ

အစ္စတန်ဘူလ် (ကော​စ​တန်​တီ​နို​ပဲ​လ်)

ထ​ရ​ဘ်​ဇုန်

အာကို (အေ​ကာ)

(စာ​ရိုင်း)

ဂျော်ဂျီယာ

အာရရတ်တောင်

အီရန်(ပါးရှား)

ပါရှန်ကွေ့

အာဖဂန်နစ္စတန်

အုဇ်​ဘတ်​က​စ္စ​တန်

ဘူခါရာ

ပမ်​မိုင်​ယာ

ကာ​ရှ်​ဂါ

တ​ရင် မြစ်ဝှမ်း​ဒေသ

ဂို​ဘီ သဲကန္တာရ

မွန်​ဂိုးလီး​ယား

(ကိုရီးယား)

တရုတ်​ပြည်​ရှိ မဟာ​တံတိုင်း​ကြီး

ပေကျင်း

ယန်​ဂျို

ယန်ဇီ​မြစ်

ကွ​မ်န်ဇို

မြန်မာ

ဗီယက်နမ်

မ​လေး​ကျွန်းဆွယ်

ဆူ​မား​တြား

သီရိလင်္ကာ

အိန္ဒိယ

[Credit Line]

Map: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဗင်း​နစ်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

အာရရတ်တောင်

[Credit Line]

Robert Azzi/Saudi Aramco World/PADIA

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

မွန်​ဂို​အမျိုးသမီး

[Credit Line]

C. Ursillo/Robertstock.com

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

လှေ​ထိုး​သ​မား၊ မြန်မာ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

တရုတ်​နိုင်ငံ (က​သေး)

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ပေကျင်း (က​မ်​ဘယ်​လု)

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဗီယက်နမ်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

အိန္ဒိယ ဟင်းခတ်​အမွှေးအကြိုင်

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

တရုတ်​မြင်း​စီး​သမားများ၊ ကူ​ဗ​လို​င်​ခ​န်၊ ယန်ဇီ​မြစ်

[Credit Lines]

Horsemen: Tor Eigeland/Saudi Aramco World/PADIA; Kublai Khan: Collection of the National Palace Museum, Taiwan; Yangtze River: © Chris Stowers/Panos Pictures

[Picture Credit Line on page 23]

© Michael S. Yamashita/CORBIS

[Picture Credit Line on page 27]

© 1996 Visual Language