အရေးပေါ် ဆင်းသက်ခြင်း!
အရေးပေါ် ဆင်းသက်ခြင်း!
စီဆာ မူးယိုး ပြောပြသည်
မက္ကစီကိုနိုင်ငံ၊ မွန်တယ်ရီမြို့က ကျွန်တော့်မိသားစုဆီ အလည်အပတ်သွားခဲ့တဲ့ အားလပ်ရက်မှာ ပျော်ရွှင်ခဲ့ပြီးနောက် ကျွန်တော်အမှုဆောင်ခွင့်ရတဲ့ မက္ကစီကိုစီးတီးက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို ပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အချိန်က ၂၀၀၂၊ ဒီဇင်ဘာ ၁၊ တနင်္ဂနွေနေ့ဖြစ်တယ်။ ကျွန်တော် စီးနင်းလိုက်ပါလာတာက ခရီးစဉ်အမှတ် ၁၉၀ ဖြစ်ပြီး ည ၇ နာရီမှာ စတင်ပျံသန်းခဲ့တယ်။
လေယာဉ်က တစ်နာရီခွဲနီးပါးလောက် အေးဆေးငြိမ်သက်စွာပျံသန်းပြီးနောက် မြေပြင်ကို စဆင်းသက်ပါတယ်။ လေယာဉ်ဟာ ရုတ်တရက်ထိုးတက်သွားပြီး အောက်ဘက်က ကြောက်စရာအသံကြီးကြောင့် ကျွန်တော်တို့အားလုံး အလန့်တကြားဖြစ်သွားကြတယ်။ နောက်တော့ လေယာဉ်မှူးက လေယာဉ်ဘီး ချ၍မရကြောင်း ကြေညာခဲ့တယ်။ လေယာဉ်ဘီးတွေ ကျပ်နေတယ်! အထိတ်တလန့်ဖြစ်သွားပြီး တချို့ခရီးသည်တွေ ငိုနေကြပြီ။ တချို့ကျတော့ အသံကျယ်ကျယ်နဲ့ ဆုတောင်းကြတယ်။ ကျွန်တော်လည်း ဘာများဖြစ်ကုန်မလဲလို့ တွေးမိတယ်။
လေယာဉ်မှူးက လေယာဉ်ဘီးကို တစ်ခုခုလုပ်ပြီး လှုပ်ခါချရမယ်လို့ ကျွန်တော်တို့ကို အသိပေးကြေညာတယ်။ ဒါကြောင့် မက္ကစီကိုစီးတီးမြို့ပေါ် ပျံသန်းနေရင်း လေယာဉ်ကို အထက်အောက်၊ ဘေးဘီ ဆောင့်ပြီးလှုပ်ခါချနေတာ တစ်နာရီနီးပါးကြာသွားတယ်။ လှုပ်ခါယမ်းနေပုံက အပန်းဖြေကစားကွင်းထဲမှာ ကျွန်တော်စီးဖူးတာတွေထက် ပိုပြီးဆိုးတယ်။ ဒါ အပျော်ကစားနေတာတော့ မဟုတ်ဘူး! အဲဒီနောက် လေယာဉ်မှူးက– “ဘီးတံခါးမပွင့်ဘူးလို့ ဝမ်းနည်းစွာအသိပေးလိုပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ လေယာဉ်ဘီးမချဘဲ အရေးပေါ် ဆင်းသက်ရတော့မှာဖြစ်တယ်” လို့ကြေညာလိုက်တယ်။ အဆိုးဆုံးဖြစ်နိုင်ခြေကို တွေးပြီး ကျွန်တော်တို့အားလုံး တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီး ကြည့်နေကြတယ်။
အရေးပေါ်ဆင်းသက်ဖို့ ညွှန်ကြားချက်တွေပေးခဲ့တယ်။ ကျွန်တော်တို့အားလုံး ရှူးဖိနပ်တွေ ချွတ်၊ အနာတရဖြစ်စေမယ့်အရာမှန်သမျှ ချွတ်ပစ်လိုက်ပြီး သူတို့အကြံပြုတဲ့ ကိုယ်ဟန်အနေအထားအတိုင်း နေလိုက်ကြတယ်။ ကျွန်တော်ကတော့ လေယာဉ်ပြေးလမ်းပေါ်မှာ ပျက်ကျသွားမှာပဲလို့ ထင်ထားတယ်! အဲဒီအချိန်မှာပဲ ယေဟောဝါဘုရားသခင်ကို ကျွန်တော်ဆုတောင်းလိုက်တော့ အတော်လေး စိတ်တည်ငြိမ်လာတယ်။—ဖိလိပ္ပိ ၄:၆၊ ၇။
ကျွန်တော်ကြားဖူးတာက လူတစ်ယောက်ဟာ သေဆုံးခါနီးမှာ သူ့ဘဝနောက်ကြောင်းကို ပြန်ပြောင်းသတိရပြီး သူ့အသက်တာမှာ လုပ်ဆောင်သင့်တာတွေကို ပြန်ပြီးတွေးမိတယ်တဲ့။ ကျွန်တော့်ဘေးမှာထိုင်တဲ့ မိန်းကလေးကို ဘုရားသခင့်နိုင်ငံတော်အကြောင်း မပြောပြမိလို့ စိတ်မကောင်းဖြစ်သွားတယ်၊ အကယ်၍ ကျွန်တော့်ကို အခွင့်အရေးတစ်ကြိမ်ထပ်ပေးမယ်ဆိုရင် သက်သေခံဖို့အခွင့်အရေးတိုင်းကို ရယူပါ့မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ယေဟောဝါရဲ့အမှုတော်ကို ငါအတတ်နိုင်ဆုံး ထမ်းဆောင်ခဲ့ရဲ့လားလို့ ဖျတ်ခနဲ ပြန်ဆန်းစစ်လိုက်တယ်။
လေယာဉ် စပြီးဆင်းသက်တဲ့အခါ မီးသတ်ကား၊ လူနာတင်ယာဉ်နဲ့ လူအများကြီး အသင့်ရှိနေတာ ကျွန်တော် တွေ့ရတယ်။ နောက်တော့ လေယာဉ်ဝမ်းဗိုက်ဟာ ပြေးလမ်းနဲ့ တအားဆောင့်တာကို ခံစားမိလိုက်ကြတယ်။ ပြေးလမ်းနဲ့ လေယာဉ်ဝမ်းဗိုက် ပွတ်တိုက်သွားတဲ့အတွက် မီးပွားတွေ တဖွားဖွား လွင့်စဉ်သွားတယ်။ လေယာဉ်ပြေးလမ်းနှစ်ဖက်စလုံးမှာရှိတဲ့ မီးသတ်ကားတွေက လေယာဉ်ကို အေးသွားအောင် ချက်ချင်း ရေပက်ဖျန်းပေးကြတယ်။
နောက်ဆုံးမှာ တစ်ခဏလောက် အရမ်းစိတ်လှုပ်ရှားရပြီးတဲ့နောက် လေယာဉ်ဟာ တုံ့ကနဲရပ်သွားတော့တယ်။ ကျွန်တော်တို့အားလုံး ပျော်လွန်းလို့ လက်ခုပ်တီးကြတယ်၊ ဒီလိုအရေးပေါ်အခြေအနေကို လေယာဉ်မှူးက အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့လို့ ပျော်ရွှင်ပြီး စိတ်သက်သာရာရသွားကြတယ်။ နောက်တော့ လေယာဉ်ထဲက ချက်ချင်းထွက်ကြဖို့ မှာကြားတယ်၊ ထွက်ပေါက်တွေဆီ ကျွန်တော်တို့ အမြန်သွားကြပြီး ဘေးကင်းလုံခြုံဖို့ လေယာဉ်ပြေးလမ်းနှစ်ခုကြားက မြက်ခင်းပေါ် လျှောလမ်းနဲ့ လျှောဆင်းကြတယ်။
ဘေးကင်းလုံခြုံတဲ့အကွာအဝေးမှာ ရပ်နေကြပြီး တွေ့ကြုံခဲ့ရတာတွေကြောင့် ကြက်သီးမွေးညင်းထသွားတယ်။ ဘီးမရှိ၊ လေယာဉ် ဦးပိုင်း ပျက်စီးသွားပြီး အသုံးပြုလို့မရတော့တဲ့ လေယာဉ်ကြီးက ပြေးလမ်းပေါ်မှာ ကန့်လန့်ဖြတ်ပြီး ကိုးရိုးကားရားဖြစ်နေတာ ကျွန်တော်တွေ့လိုက်ရတယ်။ ကျေးဇူးတင်စရာက ခရီးသည်အနည်းငယ်ပဲ မဆိုစလောက်လေး အနာတရဖြစ်ခဲ့တယ်။ တချို့က ထိတ်လန့်သွားတဲ့အတွက် အနီးအနားမှာရှိတဲ့ လူနာတင်ယာဉ်မှာ ဆေးကုသမှုခံခဲ့ကြတယ်။
အိမ်ကို ည ၉ နာရီလောက်မှာ ရောက်မယ်လို့ ကျွန်တော်မျှော်လင့်ထားပေမဲ့ လေးနာရီနောက်ကျပြီးမှ ရောက်သွားတယ်။ အားလုံးကို စဉ်းစားသုံးသပ်ကြည့်ရင် ကျွန်တော်အသက်ရှင်ခဲ့လို့ သိပ်ပြီးကျေးဇူးတင်မိတယ်! ဒီအတွေ့အကြုံက ကျွန်တော့်ကို ပြန်ပြောင်းဆင်ခြင်သုံးသပ်စေခဲ့တယ်။ ကျွန်တော် အသက်ဘေးနဲ့ ရင်ဆိုင်တွေ့ခဲ့ရတယ်။ ဒါက အရာအားလုံးဟာ တစ်ခဏတွင်းချင်း ပျောက်ပျက်သွားနိုင်တယ်ဆိုတာ နှိမ့်ချစွာ အသိအမှတ်ပြုစေတယ်။ အသက်ဘေးက လွတ်မြောက်လိမ့်မယ်ဆိုတာ မသေချာတဲ့အတွက် လူတစ်ယောက်ရဲ့ဘဝလမ်းစဉ်ကို ပြုပြင်ဖို့ ဒါမှမဟုတ် အကျင့်အကြံကောင်းတွေ ကျင့်ကြံဖို့ဆိုတာ အင်မတန် အချိန်နှောင်းသွားနိုင်တယ်။ အခုဆိုရင် ကျွန်တော့်ရဲ့အသက်တာကို ပညာရှိရှိအသုံးပြုနိုင်ဖို့ ရရှိထားတဲ့အခွင့်အလမ်းကို ပိုတန်ဖိုးထားလေးမြတ်ပြီး နေ့စဉ်ရက်ဆက် အစွမ်းရှိသမျှနဲ့ ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်သွားမယ်။—ဆာလံ ၉၀:၁၂။