တစ်မူထူးသောနယ်မြေ၏ စိန်ခေါ်ချက်များကို ရင်ဆိုင်ခြင်း
တစ်မူထူးသောနယ်မြေ၏ စိန်ခေါ်ချက်များကို ရင်ဆိုင်ခြင်း
အမေရိကန်ပြည်ထောင်စု၏ အရီဇိုးနား၊ နယူး မက္ကဆီကိုနှင့် ယူးထာပြည်နယ်တို့တွင် တစ်စိတ်တစ်ပိုင်းပါဝင်သည့် နယ်ဗာဟိုသီးသန့်နယ်မြေ၌ ယေဟောဝါသက်သေများသည် ဆယ်စုနှစ်ပေါင်းများစွာကြာ ဟောပြောခဲ့ကြပြီဖြစ်သည်။ ယင်းကို နယ်ဗာဟိုဘာသာစကားဖြင့် ဒီနေး ဘီကေယာ (နယ်ဗာဟိုနိုင်ငံ) ဟုခေါ်သည်။ ၎င်းတို့၏ဘာသာစကားဖြင့် ဒီနေး (ပြည်သူလူထု) ဟုခေါ်သော ထိုလူမျိုးသည် မူလ အမေရိကန်တိုင်းရင်းသားများတွင် ၂၂၀,၀၀၀ ကျော်ရှိသည့်အတွက် မြောက်အမေရိက အင်ဒီးယန်းမျိုးနွယ်စု၏ လူဦးရေအများဆုံးလူမျိုးတစ်မျိုး ဖြစ်စေသည်။
ထိုနှစ်များအတွင်း ကျမ်းစာကိုစိတ်ဝင်စားသူ နယ်ဗာဟိုအမျိုးသား၊ အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသော ယေဟောဝါသက်သေများ၏ အသင်းတော်များကို တည်ထောင်ခဲ့ပြီ။ ယခုအခါ အဆိုပါသီးသန့်နယ်မြေတွင် အသင်းတော်လေးခုရှိနေပြီ၊ ၎င်းတို့သည် တူးဘာမြို့၊ ကေအန်တာမြို့၊ ကင်းမ်စ် ကင်ညွန်မြို့နှင့် ချင်းလီမြို့တို့တွင်ဖြစ်သည်။ (အောက်ပါမြေပုံကိုရှု။) မကြာသေးမီအချိန်ထိ ကျောင်းခန်းများငှားရမ်း၍ စည်းဝေးကြရသည့် ချင်းလီမြို့ရှိ အသင်းတော်မှလွဲ၍ ကျန်အသင်းတော်များတွင် ကိုယ်ပိုင်ဘုရားသခင့်နိုင်ငံတော်ခန်းမ ရှိသည်။ ယခု အခြေအနေပြောင်းလဲသွားလေပြီ။
တစ်မူထူးသောနယ်မြေအတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမ
၂၀၀၃၊ ဇွန်လ ၇ ရက်၊ စနေနေ့သည် ချင်းလီမြို့ ဘုရားသခင့်နိုင်ငံတော်ခန်းမကို အပ်နှံသည့်နေ့ဖြစ်သည်။ အပ်နှံပွဲဟောပြောချက်ကို ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂဲရစ် လော့ရှ် က ဟောခဲ့သည်။ သူ၏ဟောပြောချက်တွင် ဘုရားသခင့်နိုင်ငံတော်ခန်းမအရေအတွက်သည် ကမ္ဘာတစ်ဝန်း၌ အကြီးအကျယ်တိုးများလာနေကြောင်း ဖော်ပြသည်၊ သို့တိုင် လက်ရှိအသင်းတော် ၉၄,၆၀၀ ထက်မက နောက်ထပ်ခန်းမဆောင် ထောင်ပေါင်းများစွာ လိုအပ်နေဆဲဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ပရိသတ် ၁၆၅ ယောက်တို့အား ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်ကို တန်ဖိုးထားသင့်ကြောင်းနှင့် ခရစ်ယာန်စည်းဝေးများကို မှန်မှန်တက်ရောက်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းပြရန် အချက် ၁၅ ချက်ကိုတင်ပြခဲ့သည်။ ထို့နောက် ဤအထူးကောင်းသော စည်းဝေးခန်းမကို အသုံးပြုခြင်းအပေါ် ယေဟောဝါ၏ကောင်းချီး သက်ရောက်စေရန် ဆက်ကပ်အပ်နှံဆုတောင်းချက်ဖြင့် နိဂုံးချုပ်လိုက်သည်။
ဤအသင်းတော်သည် ယခင်က အနောက်တောင်ဘက် မိုင် ၇၀ ခန့်အကွာတွင်ရှိသော ကင်းမ်စ် ကင်ညွန်အသင်းတော်နှင့်ပူးပေါင်းခဲ့သည့် အုပ်စုလေးဖြစ်သည်။ ယခုအခါ ချင်းလီအသင်းတော်သည် စတုရန်းမိုင်ပေါင်း ၄,၄၀၀ ကျော်ပြန့်ကျဲနေသည့် နယ်မြေတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရန် တာဝန်ရရှိထား၏! နယ်ဗာဟိုလူမျိုးသည် နောက်တွဲယာဉ်များတွင်ဖြစ်စေ၊ ဆဋ္ဌဂံ သို့မဟုတ် အဋ္ဌဂံပုံရှိ ဟိုဂန်အိမ်များတွင်ဖြစ်စေ နေထိုင်ကြ၏။ သီးခြားနယ်မြေများသို့ရောက်ရန် လေးဘီးယက်ယာဉ်များ မရှိမဖြစ်လိုအပ်သည်။ အထူးသဖြင့် ထိုအသင်းတော်နယ်မြေ၏ အလွန်စွဲမက်ဖွယ်ကောင်းသည့် နေရာဖြစ်သော ဒီရှေး ချောက်ကြီးတွင်ရှိ ပြန့်ကျဲတည်ရှိသည့် လူနေအိမ်များသို့ရောက်ရန် ဖြစ်သည်။
ဒီရှေး ချောက်ကြီး—နယ်ဗာဟိုတို့၏ သန့်ရှင်းရာမြေ
အရီဇိုးနားပြည်နယ်၏ ကုန်းပြင်မြင့်များသည် မိုးမဆုံးမြေမဆုံးသော အဝေးပြေးလမ်းမကြီးများနှင့် ရှုမဆုံးသောမြင်ကွင်းများကြောင့် ကျော်ကြားသည်။ ဒီရှေး ချောက်ကြီးသည် ဘုရားသခင့်နိုင်ငံတော်ခန်းမမှ အဝေးပြေးလမ်းမအတိုင်းသွားလျှင် မိုင်အနည်းငယ်ခန့်သာဝေးသည်။ ထိုချောက်ကြီးသည် အမြင့်ပေ ၃၀ မှစ၍ တဖြည်းဖြည်း အမြင့်ပေ ၁,၀၀၀ အထိရှိ ၂၆ မိုင်ကျယ်ဝန်းသည့် အနီရောင်ကျောက်ဆောင်ကမ်းပါးများတစ်လျှောက် ကွေ့ကောက်လျက်တည်ရှိသည်။ အမျိုးသားအထိမ်းအမှတ်နယ်မြေအဖြစ် သတ်မှတ်ထားသော ထိုနယ်မြေသို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ထောင်နှင့်ချီ လာရောက်လည်ပတ်ကြသည်။ ဒယ်လ် မွယ်တို ချောက်ကြီးနှင့်အတူ ဤချောက်ကို နယ်ဗာဟို၏ သန့်ရှင်းရာမြေအဖြစ် သတ်မှတ်ထားကြသည်။ ဝေးခေါင်သောဤဒေသတွင် သစ်သားနှင့် မြေကြီးတို့ဖြင့်ဆောက်လုပ်ထားသော ဟိုဂန်အိမ်များ၌ မိသားစုအချို့နေထိုင်ကြသည်။ သို့တိုင် သူတို့ကိုယ်ပိုင်ဘာသာစကားဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် ကျမ်းစာစာပေများကို ယေဟောဝါသက်သေများသည် ထိုအိမ်အားလုံးထံသို့ ပို့ပေးနေကြပြီ။
ထိုချောက်ကြီးအတွင်းဝင်ရန် ခွင့်ပြုချက်ရ နယ်ဗာဟိုလမ်းပြတစ်ဦးနောက် လိုက်သွားရ၏။ ဧည့်သည်အချို့သည် ခြေလျင်သွားကြ၏၊ အခြားသူများမှာမူ မြင်းစီးသွားသည်; သို့သော် ခရီးသည်အများစုသည် လေးဘီးယက်ယာဉ်များဖြင့် သွားလေ့ရှိသည်။ ထိုလမ်းခရီးတွင် ချင်းလီ နုန်းမြေပြင်ကို မကြာခဏဖြတ်သွားကြရသောကြောင့် ဤလေးဘီးယက်ယာဉ်များကို အသုံးပြုဖို့လိုသည်။ ရံဖန်ရံခါ မြင်း သို့မဟုတ် ကုန်တင်ကားငယ် ကျွံနစ်သွားနိုင်သည့် သဲဗွက်များကို မည်သို့ ရှောင်သွားရမည်ကိုလည်း လမ်းပြများက သိကြသည်။ သို့သော် ဒီရှေး ချောက်ကြီးကို အလွန်စွဲမက်ဖွယ်ဖြစ်စေသည့်အရာကား အဘယ်နည်း။
ဤချောက်ကြီး၏သမိုင်းကို ကျောက်ထွင်းသင်္ကေတများနှင့် ကျောက်ဆောင်ဆေးခြယ်ရုပ်ပုံများဖြင့် မတ်စောက်သော ချောက်ကမ်းပါးနံရံများပေါ်တွင် မှတ်တမ်းတင်ထားသည်။ ရှေးဟောင်းသုတေသနပညာရှင်များက ကမ်းပါးစောက်မျက်နှာစာရှိ လိုဏ်ခေါင်းကြီးများတွင် တည်ဆောက်ထားသော ထင်ရှားကျော်ကြားသည့် ချောက်ကမ်းပါးနေအိမ်များသည် စီ.အီး. ၃၅၀ နှင့် စီ.အီး. ၁၃၀၀ စပ်ကြားကာလအတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြ၏။ အထင်ရှားဆုံးမှာ အိမ်ဖြူတော်အပျက်အယွင်းဖြစ်နိုင်သည်၊ အဆောက်အအုံတစ်ခု၏ အဖြူရောင်နံရံကြောင့် ထိုသို့ခေါ်ကြခြင်းဖြစ်သည်။ ၎င်းကို စီ.အီး. ၁၃၀၀ ခန့်က အနာဆာဇီ (“ရှေးခေတ်ရန်သူ” အတွက် နယ်ဗာဟိုအမည်) တို့က စွန့်ပစ်ထားခဲ့သည်။ နယ်ဗာဟိုတို့သည် ထိုဒေသသို့ ၁၈ ရာစုမှ ရောက်လာခဲ့သည်ဟုဆို၏။
ဒီရှေး ချောက်ကြီးသို့ သင်လည်ပတ်ရောက်ရှိခဲ့မည်ဆိုလျှင် နယ်ဗာဟို အမှတ် ၇ လမ်းမကြီးအတိုင်း သင်သွားရပေမည်။ ထိုတွင် အမျိုးသားအထိမ်းအမှတ်နယ်မြေသို့ မရောက်မီလမ်းကွေ့တွင် “ဂျီအီဟိုဗာ ယားဒါဟာနေအီ ဘီ ကင်းဒမ်း ဟောလ်” နှင့် “ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမ” ဟူသည့် ဆိုင်းဘုတ်ကို ရှာကြည့်ပါလေ။ ခဏတစ်ဖြုတ်ဝင်လည်ပတ်ပါဟု သင့်အား ကြိုဆိုပါသည်။
[စာမျက်နှာ ၁၈ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကော်လိုရာဒို
နယ်ဗာဟို လူမျိုးနယ်မြေ
အရီဇိုးနား
ဒီရှေးချောက်ကြီး၊ အမျိုးသားအထိမ်းအမှတ် နယ်မြေ
ချင်းလီ
ကေအန်တာမြို့
တူးဘာမြို့
ဟော့ပီ လူမျိုးနယ်မြေ
ကင်းမ်စ် ကင်ညွန်
နယူး မက္ကဆီကို
ယူးထာ
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ဤချောက်ကမ်းပါးအိမ်တွင် အနာဆာဇီမိသားစု တစ်ဒါဇင်ခန့် အတူတကွနေထိုင်ခဲ့သည်ဟု ရှေးဟောင်းသုတေသနပညာရှင်များက ဆိုကြ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဟိုဂန်အိမ်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဒယ်လ် မွယ်တို ချောက်ကြီး
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဒီရှေးချောက်ကြီးတွင်ရှိသော စပိုက်ဒါ ကျောက်ဆောင်