ဆပ်ပြာ—“ကိုယ့်လက်ဖြစ် ကာကွယ်ဆေး”
ဆပ်ပြာ—“ကိုယ့်လက်ဖြစ် ကာကွယ်ဆေး”
“ကမ္ဘာပေါ်တွင် ကလေးများကိုသေစေသည့် ဒုတိယအကြီးမားဆုံးရန်သူမှာ ငှက်ဖျား၊ အဆုတ်နာမဟုတ်၊ အေ့ဒ်စ်လည်းမဟုတ်ချေ။ ဝမ်းလျှောခြင်း . . . ဖြစ်သည်” ဟုအီကိုနိုမစ်စ်မဂ္ဂဇင်းက ဖော်ပြ၏။ သို့သော် အဆိုပါသေဆုံးခဲ့သော ကလေးအများစုနှင့် သူတို့၏မိသားစုများသည် လက်ကို ဆပ်ပြာဖြင့် မှန်မှန်ဆေးခဲ့ပါမူ ယနေ့တိုင် အသက်ရှင်နေကြဦးမည်ဖြစ်သည်။
“လက်ကို ကောင်းစွာဆေးခြင်းက ဝမ်းလျှောရောဂါဖြစ်မှု ၄၃% အထိ လျော့နည်းစေနိုင်ကြောင်း” တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အပူပိုင်းဒေသဆေးပညာ လန်ဒန်ကျောင်းမှ သုတေသီများတွေ့ရှိခဲ့သည်ဟု အီကိုနိုမစ်စ်မဂ္ဂဇင်းကဆို၏။ “ကလေးကိုသေစေသည့် အဓိကရန်သူဖြစ်သော အသက်ရှူလမ်းကြောင်းကူးစက်ရောဂါများကိုလည်း ထိုနည်းထပ်တူ လျော့နည်းစေနိုင်၏။ အမေရိကန်စစ်တပ်ကို ကျယ်ပြန့်စွာစမ်းသပ်ခဲ့သော လေ့လာမှုတစ်ရပ်က စစ်သားများသည် တစ်နေ့လျှင် ငါးကြိမ်လက်ဆေးသောအခါ နှာစေးချောင်းဆိုးဖြစ်မှု ၄၅% အထိ လျော့သွားကြောင်း တွေ့ရှိခဲ့၏။” ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပင် မိသားစုအများစုသည် ဆပ်ပြာကို ဝယ်သုံးနိုင်ကြသည်။ ထို့ကြောင့် ဆပ်ပြာကို “ကိုယ့်-လက်ဖြစ်-ကာကွယ်ဆေး” ဟု ကင်ပွန်းတပ်လိုက်ခြင်းမှာ သင့်လျော်လှပေသည်။ ထို့ပြင် နာကျင်မှုမရှိသော ကာကွယ်ဆေးလည်းဖြစ်သည်။
သမ္မာကျမ်းစာကလည်း သန့်ရှင်းမှုရှိရန် အားပေးတိုက်တွန်းသည်။ “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ . . . ကြကုန်အံ့” ဟူ၍ ၂ ကောရိန္သု ၇:၁ ကဆို၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးစင်ကြယ်မှုကို အလေးပေးဖော်ပြလင့်ကစား ကိုယ်ခန္ဓာသန့်ရှင်းမှုသည်လည်း အရေးကြီးသည်ဟု ယူမှတ်ထား၏။ (ဝတ်ပြုရာကျမ်းအခန်းကြီး ၁၂-၁၅) ကိုယ်တော်သည် ကျွန်ုပ်တို့ကို အစွန်းတော့ မရောက်စေလိုပါ။ သို့သော် အိမ်သာသွားပြီးနောက်၊ ကလေးခါးတောင်းကျိုက် လျှော်ပြီးနောက် သို့မဟုတ် လဲပေးပြီးနောက်၊ အစားအသောက်မပြင်ဆင်မီ သို့မဟုတ် ထိုင်မစားမီနှင့် တခြားသူများအား ဘေးဖြစ်စေမည့်ရောဂါပိုးများ ကူးစက်သွားစေနိုင်သည့် အဘယ်အချိန်အခါမျိုးတွင်မဆို လက်ဆေးသင့်သည်။ လက်ကိုမှန်မှန်ဆေးခြင်းအားဖြင့် ကျွန်ုပ်တို့၏မိသားစုနှင့် ကျွန်ုပ်တို့နှင့် ထိတွေ့ဆက်ဆံသူအားလုံးကို ခရစ်ယာန်မေတ္တာပြရာရောက်၏။—မာကု ၁၂:၃၁။