မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒူပေနာပေခံ ထိုရောဂါပိုးများ—ပြန်ထွန်းလာပုံ

ဒူပေနာပေခံ ထိုရောဂါပိုးများ—ပြန်ထွန်းလာပုံ

ဒူပေနာပေခံ ထိုရောဂါပိုးများ—ပြန်ထွန်းလာပုံ

ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ပရိုတိုဇွန်၊ ဖန်ဂပ်စ်မှိုနှင့် အခြားသောပိုးမွှားများသည် ကမ္ဘာပေါ် အသက်စရှိလာကတည်းက တည်ရှိခဲ့ကြောင်း ထင်ရှားသည်။ ဤအရိုးရှင်းဆုံး သက်ရှိရောဂါပိုးလေးတို့သည် ထူးထူးကဲကဲ ခုခံနိုင်စွမ်းရှိသောကြောင့် အခြားမည်သည့်သက်ရှိသတ္တဝါထက်မဆို အသက်ဆက်ရှင်နိုင်သည်။ ၎င်းတို့ကို သမုဒ္ဒရာကြမ်းပြင်ရှိ ရေပူစမ်းများတွင်သာမက အာတိတ်ဒေသရှိ အေးစိမ့်နေသောရေထဲတွင်လည်း တွေ့ရှိရ၏။ ယခုအခါ အပြင်းဆုံး ရောဂါပိုးမွှားတိုက်ဖျက်ဆေးများပင် ထိုရောဂါပိုးများကို မတိုက်ဖျက်နိုင်ချေ။

လွန်ခဲ့သော အနှစ်တစ်ရာကျော်က တချို့သောပိုးမွှားများသည် ရောဂါဖြစ်ပွားစေကြောင်း သိရှိခဲ့ကြသော်လည်း ထိုအချိန်က ရောဂါပိုးမွှားတိုက်ဖျက်ဆေးများအကြောင်း မကြားဖူးခဲ့ကြချေ။ ထို့ကြောင့် လူတစ်ဦး ဆိုးဝါးလှသည့်ကူးစက်ရောဂါဖြစ်ခဲ့လျှင် ဆရာဝန်များစွာတို့သည် ကုသမပေးတတ်သည့်အတွက် နှစ်သိမ့်စကားသာ ပြောဆိုလေ့ရှိကြ၏။ လူနာ၏ကိုယ်ခံအားစနစ်ဖြင့်သာ ကူးစက်ရောဂါကို ခုခံတိုက်ထုတ်ခဲ့ရ၏။ အကယ်၍ ကိုယ်ခံအားစနစ်က အနိုင်မတိုက်နိုင်လျှင် အကျိုးဆက်မှာ မရှုမလှပင်။ ရောဂါကူးစက်နေသော ကုတ်ခြစ်ရာကလေးပင်လျှင် အသက်သေဆုံးနိုင်သည်။

သို့နှင့် ဘေးကင်းသည့် ရောဂါပိုးမွှားတိုက်ဖျက်ဆေးများဖြစ်သော ပဋိဇီဝဆေးဝါးများကို ဦးဆုံးရှာဖွေတွေ့ရှိသည့်အခါ ဆေးပညာသည် တစ်ခေတ်ဆန်းလာလေသည်။ * ၁၉၃၀ ပြည့်လွန်နှစ်များတွင် ဆာလဖာဆေးဝါးများကို ဆေးလောက၌ စတင်အသုံးပြုလာခြင်း၊ ၁၉၄၀ ပြည့်လွန်နှစ်များတွင် ပင်နီဆီလင်နှင့် စထရပ်တိုမိုင်ဆင်ကဲ့သို့သောဆေးဝါးများ ထွက်ပေါ်လာပြီးနောက် နောက်ပိုင်းဆယ်စုနှစ်များတွင် အခြားရှာဖွေတွေ့ရှိချက် အမြောက်အမြားပေါ်ထွက်လာပြန်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များရောက်သော် ပဋိဇီဝဆေးအုပ်စုတွင် ဆေးအမည်ပေါင်း ၁၅၀ ခန့်ပါဝင်သည့် ဆေးအမျိုးအစား ၁၅ မျိုးရှိလာလေပြီ။

အောင်မြင်မည်ဟူသောမျှော်လင့်ချက် ပြိုကွဲသွားခဲ့

၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များရောက်သော် လူတချို့သည် ကူးစက်ရောဂါများကို တိုက်ဖျက်နိုင်ပြီအထင်ဖြင့် အထိမ်းအမှတ်ပွဲခံကြသည်။ အဆိုပါရောဂါများသည် များမကြာမီ အတိတ်က အိပ်မက်ဆိုးကြီးတစ်ခုသာဖြစ်သွားတော့မည်ဟု ပိုးမွှားဗေဒပညာရှင်တချို့ ယုံကြည်လာသည့်အထိပင်။ ၁၉၆၉ ခုနှစ်တွင် ယူ.အက်စ်. ဆေးမှူးချုပ်တစ်ဦးက မကြာမီ လူအပေါင်းသည် “ကူးစက်ရောဂါဖြစ်မည်ကို စိုးရိမ်စရာမရှိ” တော့ဟု ညီလာခံ၌ အတိအလင်းပြောကြားခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် နိုဗယ်ဆုရှင် မက်ဖာလန် ဘားနက်တ်နှင့် ဒေးဗစ် ဝှိုက်တို့က “နောက်နောင် ကူးစက်ရောဂါ၏ အနာဂတ်အကြောင်း စာဖွဲ့လောက်စရာ မရှိနိုင်တော့ပေ” ဟု ရေးသားခဲ့ကြ၏။ တချို့က ဤသို့သောရောဂါများ လုံးဝရှိတော့မည်မဟုတ်ဟု အမှန်တကယ်ယူမှတ်ခဲ့ကြသည်။

ကူးစက်ရောဂါများကို အနိုင်ယူခဲ့ပြီဟု ယူမှတ်ထားခြင်းကြောင့် လူအများသည် ယုံကြည်စိတ်ချလွန်းလာကြလေသည်။ ပဋိဇီဝဆေးဝါးများမပေါ်မီ ရောဂါပိုးများ၏ အန္တရာယ်ကို ကောင်းကောင်းသိထားသည့် သူနာပြုတစ်ဦးက ငယ်ရွယ်သူ သူနာပြုတချို့သည် တစ်ကိုယ်ရေသန့်ရှင်းမှုကိစ္စတွင် စည်းကမ်းပေါ့လျော့လာကြကြောင်း သတိပြုမိ၏။ လက်ဆေးဖို့ သူတို့ကို သတိပေးသည့်အခါ သူတို့က “မပူပါနဲ့၊ အခု ပဋိဇီဝဆေးဝါးတွေရှိပြီလေ” ဟု ခွန်းတုံ့ပြန်တတ်ကြသည်။

ပဋိဇီဝဆေးဝါးများကို အားထားပြီး ၎င်းတို့ကို အလွန်အကျွံသုံးစွဲသည့်အတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာခဲ့ပြီ။ ကူးစက်ရောဂါများမှာ ရှိမြဲရှိနေကြ၏။ ထို့ထက်ကား ၎င်းတို့သည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ကမ္ဘာပေါ် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်လာနေပြီ! ထို့ပြင် ကူးစက်ရောဂါများ ပျံ့နှံ့သွားရသည့် အခြားအကြောင်းရင်းများတွင် စစ်ကြောင့် ကစဉ့်ကရဲဖြစ်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေရာအနှံ့ အာဟာရချို့တဲ့နေခြင်း၊ ရေသန့်မရှိခြင်း၊ မိလ္လာစနစ် ညံ့ဖျင်းခြင်း၊ နိုင်ငံတကာခရီးသွားလာရေး အရှိန်အဟုန်မြင့်မားလာခြင်းနှင့် ကမ္ဘာချီရာသီဥတုပြောင်းလဲလာခြင်းတို့လည်း ပါဝင်သည်။

ခုခံနိုင်စွမ်းရှိ ဗက်တီးရီးယား

သာမန်ရောဂါပိုးများထူးထူးကဲကဲခုခံနိုင်စွမ်းရှိလာခြင်းကြောင့် မထင်မမှတ်ဘဲ ပြဿနာအကြီးအကျယ်တက်ရလေပြီ။ အမှန်သော် ပြန်စဉ်းစားကြည့်သောအခါ ဆေးပြီးနေသည့် ရောဂါပိုးများ ပေါ်ထွက်လာမည်ကို ကြိုတင်မျှော်လင့်ထားသင့်သည်။ အဘယ်ကြောင့်နည်း။ ဥပမာ၊ ၁၉၄၀ ပြည့်လွန်နှစ်များအလယ်၊ ဒီဒီတီ ပိုးသတ်ဆေးပေါ်လာစဉ်က အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ * ထိုစဉ်က ဒီဒီတီ ပက်ဖျန်းပေးခြင်းဖြင့် ယင်ကောင်များ ထူးထူးခြားခြား ပျောက်ကွယ်သွားသောအခါ နို့စားနွားမွေးမြူရေးသမားများ ဝမ်းသာခဲ့ကြသည်။ သို့သော် ယင်ကောင်အချို့ အသက်မသေဘဲ ရှင်ကျန်ခဲ့ရာ ၎င်းတို့မှပေါက်ပွားလာသော ယင်ကောင်ငယ်များသည် ဒီဒီတီပြီးသွားကြ၏။ မကြာမီ ဒီဒီတီဖြင့် တိုက်ဖျက်မရသည့် ယင်ကောင်အမြောက်အမြား ပွားများလာလေတော့၏။

ဒီဒီတီကို အသုံးမပြုမီနှင့် ၁၉၄၄ ခုနှစ်တွင် ပင်နီဆီလင်သည် အသုံးတည့်သည့်ဆေး ဖြစ်မလာမီကပင် ဘေးပြုသောဗက်တီးရီးယားပိုးတွင် ထူးထူးကဲကဲ ခုခံနိုင်စွမ်းရှိကြောင်း အရိပ်အယောင်ပြခဲ့သည်။ ပင်နီဆီလင်ကို ရှာဖွေတွေ့ရှိသူ ဒေါက်တာ အလက်ဇန္ဒား ဖလဲန်းမင်းက ယင်းကို သတိပြုမိခဲ့၏။ ဆက်မျိုးပွားလာသော စတက်ဖီလိုကောကပ်စ် အောရီယပ်စ် (ဆေးရုံ စတက်ဖ်) သည် သူရှာဖွေတွေ့ရှိခဲ့သည့် ပင်နီဆီလင်ဆေး မထိုးဖောက်နိုင်သည်အထိ ဆဲလ်နံရံများ တဖြည်းဖြည်းဖြစ်လာသည်ကို သူ၏ဓာတ်ခွဲခန်းတွင် တွေ့ရှိခဲ့၏။

ယင်းကြောင့် ရောဂါကူးစက်ခံနေရသူ၌ရှိနေသော ဘေးပြုသည့် ဗက်တီးရီးယားပိုးများကို တဖြည်းဖြည်းနှင့် ပင်နီဆီလင်နိုင်တော့မည်မဟုတ်ကြောင်း လွန်ခဲ့သော အနှစ် ၆၀ ခန့်ကတည်းက ဒေါက်တာ ဖလဲန်းမင်း သတိပေးခဲ့သည်။ ထို့ကြောင့် သောက်သုံးလိုက်သည့် ပင်နီဆီလင်ဆေးချိန်သည် ဘေးပြုသောဗက်တီးရီးယားပိုး အရေအတွက်အပြည့်ကို မသတ်ပစ်နိုင်လျှင် ခုခံအားပိုကောင်းသောမျိုးဆက် ပွားများလာမည်ဖြစ်သည်။ ရလဒ်အနေနှင့် ပင်နီဆီလင်ဖြင့် မပျောက်ကင်းနိုင်တော့သည့်ရောဂါ ပြန်ထွန်းလာမည်။

“ဖလဲန်းမင်း၏ ဟောကိန်းများသည် သူထင်သည်ထက်ပင် သာ၍ဆိုးဝါးလာလေသည်” ဟု ပဋိဇီဝဆေးဝါး ရှေ့နောက်မညီဟန်စာအုပ်ကဆိုသည်။ မည်သို့အားဖြင့်နည်း။ ဗက်တီးရီးယားမျိုးထူးတချို့တွင် ဗက်တီးရီးယား၏ ဒီအဲန်အေရှိ အလွန့်အလွန်သေးငယ်သော ပုံစံပြာများဖြစ်သည့် မျိုးရိုးဗီဇများသည် ပင်နီဆီလင်၏အစွမ်းကို ပျောက်စေသည့် အင်ဇိုင်းများ ထုတ်လုပ်ပေးကြောင်း သိရှိလာရသည်။ ယင်းကြောင့် ပင်နီဆီလင်ကို ဆေးပတ်ရှည်သောက်သုံးလျှင်ပင် အကျိုးမထူးကြောင်းတွေ့ရ၏။ အလွန်ထိတ်လန့်စရာပင်!

ကူးစက်ရောဂါများကို နိုင်နင်းဖို့ ၁၉၄၀ ပြည့်လွန်နှစ်များမှစ၍ ၁၉၇၀ ပြည့်လွန်နှစ်များအထိ ပဋိဇီဝဆေးသစ်များ မှန်မှန်ထွက်ပေါ်လာခဲ့သည်၊ ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း၌လည်း ဆေးအနည်းငယ် နောက်ထပ်ပေါ်ထွက်လာသေးသည်။ ယင်းဆေးများသည် အစောပိုင်းဆေးဝါးများကို ခုခံနိုင်ခဲ့သည့် ဗက်တီးရီးယားပိုးများကို ဖျက်ဆီးနိုင်၏။ သို့သော် နှစ်အနည်းငယ်အတွင်း၌ အဆိုပါဆေးဝါးသစ်များကို ခုခံနိုင်သည့် ဗက်တီးရီးယားမျိုးထူးများ ပေါ်လာပြန်သည်။

ဗက်တီးရီးယား၏ခုခံနိုင်စွမ်းသည် အံ့သြလောက်အောင်ပင် ပြောင်မြောက်လှကြောင်း လူတို့ တွေ့ရှိလာကြသည်။ ဗက်တီးရီးယားပိုးသည် ၎င်းတို့ထဲ ပဋိဇီဝဆေးဝင်ပြီး မသတ်နိုင်စေရန် ၎င်းတို့၏ဓာတုဖွဲ့စည်းပုံကိုလည်းကောင်း၊ ၎င်းတို့၏ဆဲလ်နံရံကိုလည်းကောင်း ပြောင်းလဲနိုင်စွမ်းရှိသည်။ အခြားတစ်ဖက်တွင် ဗက်တီးရီးယားတို့သည် မိမိတို့ကိုယ်အတွင်းသို့ ပဋိဇီဝဆေးဝင်လာသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် ဖယ်ထုတ်ပစ်နိုင်သည်၊ သို့မဟုတ် အဆိုပါပဋိဇီဝဆေးကို ချေဖျက်ပစ်ခြင်းအားဖြင့် ဆေးစွမ်းပျောက်အောင် လုပ်ပစ်နိုင်သည်။

ပဋိဇီဝဆေးဝါးများကိုတိုး၍အသုံးပြုလာသည်နှင့်အမျှ ဗက်တီးရီးယားမျိုးထူးများ၏ ခုခံအားသည်လည်း ဆပွားကာ ပျံ့နှံ့သွားလေသည်။ ဆိုးကျိုးချည်းသာဖြစ်စေသလော။ အများအားဖြင့် ထိုသို့မဖြစ်ပါ။ ပဋိဇီဝဆေးဝါးတစ်မျိုးသည် ကူးစက်ရောဂါတစ်မျိုးအတွက် မထိရောက်လျှင် အခြားတစ်မျိုးက ထိရောက်စေလေ့ရှိသည်။ ၎င်းတို့၏ဆေးဝါးခံနိုင်စွမ်းကြောင့် အနှောင့်အယှက်ဖြစ်ရသော်လည်း မကြာသေးမီအချိန်ထိ ယင်းကို ထိန်းထားနိုင်လေ့ရှိသည်။

ဆေးဝါးမျိုးစုံခံနိုင်စွမ်း

ဗက်တီးရီးယားများသည် မျိုးရိုးဗီဇများကို အချင်းချင်းဖလှယ်ကြကြောင်း ဆေးသိပ္ပံပညာရှင်များ တွေ့ရှိလိုက်ရသည့်အခါ အလွန်ပင်ထိတ်လန့်သွားကြသည်။ မျိုးတူဗက်တီးရီးယားများတွင်သာ မျိုးရိုးဗီဇများကို အချင်းချင်းဖလှယ်နိုင်သည်ဟု အစကတွေးထင်ထားခဲ့ကြ၏။ သို့သော် နောက်ပိုင်းတွင်မူ လုံးလုံးမျိုးကွဲသည့်ဗက်တီးရီးယားများတွင် တထေရာတည်းတူသောခုခံနိုင်စွမ်းရှိ မျိုးရိုးဗီဇများကို တွေ့ရှိခဲ့ကြသည်။ ဤသို့အချင်းချင်းဖလှယ်မှုကြောင့် မျိုးကွဲဗက်တီးရီးယားအသီးသီးတွင် သုံးနေကျဆေးဝါးအမျိုးမျိုးကို ခံနိုင်စွမ်းရှိသွားကြသည်။

ပို၍ဆိုးဝါးသည်မှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း လေ့လာမှုများက ဗက်တီးရီးယားပိုးတချို့သည် ၎င်းတို့ဘာသာ ဆေးဝါးခံနိုင်စွမ်းရှိလာနိုင်ကြောင်း ဖော်ပြခဲ့ကြ၏။ ပဋိဇီဝဆေးတစ်မျိုးတည်းရှိနေလျှင်ပင် ဗက်တီးရီးယားအမျိုးအစားတချို့သည် သဘာဝရော ဓာတုနည်းဖြင့်ပါ ပေါင်းစပ်ဖွဲ့စည်းထားသည့် များစွာသောပဋိဇီဝဆေးဝါးများကို ခံနိုင်စွမ်းရှိလာသည်။

ရတက်မအေးဖွယ်အနာဂတ်

ယနေ့ ပဋိဇီဝဆေးဝါးအများစုသည် လူအများစုအတွက် ထိရောက်မှုရှိနေဆဲဖြစ်သော်လည်း အနာဂတ်တွင်မူ ထိုသို့သောဆေးဝါးများ မည်မျှထိရောက်မှုရှိပါမည်နည်း။ ပဋိဇီဝဆေးဝါး ရှေ့နောက်မညီဟန်စာအုပ်က “အထူးရွေးချယ်ထားသော ပဋိဇီဝဆေးဝါးဖြင့် မည်သည့်ကူးစက်ရောဂါကိုမဆို ကုသပေးမည်ဟု ကျွန်ုပ်တို့မမျှော်လင့်နိုင်တော့ချေ” ဟုဆိုသည်။ အဆိုပါစာအုပ်က ဤသို့ထပ်၍ဆိုသည်– “ကမ္ဘာ့ဒေသတချို့တွင် ပဋိဇီဝဆေးဝါး အကန့်အသတ်သာရှိခြင်းဟူသည် ရှိထားသောပဋိဇီဝဆေးသည် ထိရောက်မှုမရှိဟူသည့် သဘောပင်ဖြစ်၏။ . . . မြေကြီးမျက်နှာပြင်ပေါ်မှ လုံးဝကွယ်ပျောက်သွားတော့မည်ဟု လွန်ခဲ့သောအနှစ် ၅၀ က ဟောကိန်းထုတ်ခဲ့သည့် ရောဂါတချို့ကြောင့် လူနာများသည် ဝေဒနာခံစားကာ သေဆုံးနေရ၏။”

ဆေးဝါးအဖြစ်အသုံးပြုနေသည့် ဆေးများကို ခံနိုင်စွမ်းရှိလာကြသည့် ရောဂါပိုးများမှာ ဗက်တီးရီးယားများသာမကချေ။ ဗိုင်းရပ်စ်များနှင့် ဖန်ဂပ်စ်မှိုများအပြင် အခြားကပ်ပါးပိုးမွှားများတွင်လည်း အံ့သြဖွယ်ကောင်းအောင် အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိကြောင်း ပြခဲ့ကြ၍ ရောဂါပိုးများအား တိုက်ဖျက်သည့် ဆေးဝါးများ စူးစမ်းရှာဖွေထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံခဲ့သည့် ကြိုးပမ်းမှုမှန်သမျှ အချည်းနှီးဖြစ်သွားမည့်အန္တရာယ်ရှိနေသောကြောင့် ကမ္ဘာကြီးမှာ စိတ်ကျဉ်းကျပ်မှုကြုံရလေပြီ။

သို့ဖြစ်၍ အဘယ်သို့ပြုနိုင်မည်နည်း။ ခုခံနိုင်စွမ်းကို ဖယ်ရှားနိုင်မည်လော သို့မဟုတ် ယုတ်စွအဆုံး ထိန်းထား၍ရနိုင်ပါမည်လော။ ကူးစက်ရောဂါများ၏ အပြင်းအထန်တိုက်ခိုက်မှုကို တိုး၍ခံနေရသည့် ဤကမ္ဘာကြီးတွင် ပဋိဇီဝဆေးဝါးများနှင့် အခြားသောရောဂါပိုးမွှားတိုက်ဖျက်ဆေးများကိုသုံးကာ ဆက်အောင်မြင်မှုရရန် မည်သို့တိုက်သွားနိုင်ပါမည်နည်း။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 အများသုံးစကားလုံးဖြစ်သော “ပဋိဇီဝဆေး” သည် ဗက်တီးရီးယားပိုးများကို တိုက်ဖျက်ပေးသည့် ဆေးဝါးဖြစ်သည်။ “ရောဂါပိုးမွှားတိုက်ဖျက်ဆေး” ဟူသည့် အများသုံး အသုံးအနှုန်းမူကား ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ဖန်ဂပ်စ်မှို သို့မဟုတ် အလွန့်အလွန်သေးငယ်သော ကပ်ပါးပိုးများကို တိုက်ဖျက်ပေးသည့် မည်သည့်ဆေးဝါးကိုမဆို ဆိုလိုသည်။

^ အပိုဒ်၊ 10 ပိုးသတ်ဆေးသည် အဆိပ်ဖြစ်၏၊ ဆေးဝါးများသည်လည်း ထပ်တူပင်ဖြစ်သည်။ ဤဆေးနှစ်မျိုးစလုံးသည် အထောက်အကူပြုသကဲ့သို့ ဘေးလည်းပြုသည်။ ပဋိဇီဝဆေးဝါးများသည် ဘေးဖြစ်စေသောရောဂါပိုးများကို သေစေနိုင်သည်မှန်သော်လည်း အကျိုးပြုဗက်တီးရီးယားတို့ကိုပါ သေစေနိုင်၏။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရောဂါပိုးမွှားတိုက်ဖျက်ဆေးဟူသည် အဘယ်နည်း

ဆရာဝန်ပေးသည့် ပဋိဇီဝဆေးဝါးများသည် ရောဂါပိုးမွှားတိုက်ဖျက်ဆေးအုပ်စုတွင် ပါဝင်သည်။ ဓာတုပစ္စည်းများဖြင့် ကုသခြင်းကို အစွဲပြု၍ ၎င်းဆေးဝါးများကို “ဓာတုကုထုံး” ဟူသော ယေဘုယျခေါင်းစဉ်အောက်တွင် ထည့်ထားသည်။ “ဓာတုကုထုံး” ဟူသောဝေါဟာရကို ကင်ဆာရောဂါကုသမှုနှင့်ဆက်စပ်၍ အသုံးပြုလေ့ရှိကြသော်လည်း ယင်းကုထုံးကို ကူးစက်ရောဂါများ ကုသရေးအတွက် မူလအစကပင် အသုံးပြုခဲ့သကဲ့သို့ ယခုလည်း အသုံးပြုနေဆဲပင်။ ဤသို့သောအခြေအနေမျိုးတွင် ယင်းကို ရောဂါပိုးမွှားတိုက်ဖျက် ဓာတုကုထုံးဟူ၍ ခေါ်ကြ၏။

ပိုးမွှားလေးများသည် အလွန့်အလွန်သေးငယ်သော သက်ရှိများဖြစ်ကြသဖြင့် အဏုကြည့်မှန်ပြောင်းဖြင့်သာ တွေ့ မြင်နိုင်ပေသည်။ ရောဂါပိုးမွှားတိုက်ဖျက်ဆေးများသည် မမာမကျန်းမှုကိုဖြစ်စေသည့် ပိုးမွှားလေးများကို တိုက်ဖျက်ပေးသော ဓာတုပစ္စည်းများဖြစ်သည်။ ထို့ပြင် ရောဂါပိုးမွှားတိုက်ဖျက်ဆေးများသည် အကျိုးပြုသည့် ပိုးမွှားလေးများကိုပါ တိုက်ဖျက်ခြင်းမှာ ဆိုးလှပေသည်။

၁၉၄၁ ခုနှစ်တွင် စထရက်တိုမိုင်ဆင်ပဋိဇီဝဆေးဝါးကို ပူးတွဲရှာဖွေတွေ့ရှိခဲ့သူ ဆဲလ်မန် ဝက်စ်မဲန်သည် “ပဋိဇီဝ” ဟူသောဝေါဟာရကို ပိုးမွှားများမှ ထုတ်ယူထားသည့် ဗက်တီးရီးယားတိုက်ဖျက်ဆေးများအတွက် အသုံးပြုခဲ့သည်။ ဆေးကုသမှုတွင် အသုံးပြုခဲ့ကြသည့် ပဋိဇီဝဆေးဝါးများအပြင် အခြားသော ရောဂါပိုးမွှားတိုက်ဖျက်ဆေးများသည် ရွေးပြီးအဆိပ်တက်နိုင်စွမ်းရှိသောကြောင့် အကျိုးရှိသည်။ ဆိုလိုသည်မှာ လူကို အကြီးအကျယ်မထိခိုက်စေဘဲ ရောဂါပိုးများကိုသာ အဆိပ်သင့်စေသည်။

သို့သော် အမှန်တွင် ပဋိဇီဝဆေးဝါးမှန်သမျှသည် အနည်းဆုံး တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ကိုလည်း အဆိပ်သင့်စေသည်။ ရောဂါပိုးများကို ထိခိုက်စေမည့်ဆေးချိန်နှင့် ကျွန်ုပ်တို့အား ဘေးဖြစ်စေမည့်ဆေးချိန်အကြားရှိ အန္တရာယ်ကင်း ကွာဟမှုကို ကုထုံးအညွှန်းကိန်းဟူ၍ ခေါ်ဆိုကြသည်။ အညွှန်းကိန်းကြီးလေလေ ဆေးဝါးအန္တရာယ် ပိုကင်းလေလေဖြစ်သည်; အညွှန်းကိန်း ငယ်လေလေ ပို၍အန္တရာယ်ရှိလေလေဖြစ်၏။ အမှန်မှာ၊ ထောင်နှင့်ချီသော ပဋိဇီဝဆေးဝါးများကို တွေ့ ရှိထားပြီဖြစ်သော်လည်း အများစုမှာ လူ သို့မဟုတ် တိရစ္ဆာန်များကို အလွန်အမင်း အဆိပ်သင့်စေသောကြောင့် ဆေးဝါးအဖြစ် အသုံးမပြုနိုင်ချေ။

ကိုယ်ခန္ဓာအတွင်း အသုံးပြုနိုင်သည့် ပထမဦးဆုံးသော သဘာဝပဋိဇီဝဆေးမှာ ပင်နီဆီလင်ဖြစ်သည်၊ ယင်းကို ပင်နီဆီလီယမ် နိုတေတမ်ဟုခေါ်သော မှိုတစ်မျိုးမှ ထုတ်လုပ်ထားခြင်းဖြစ်၏။ ၁၉၄၁ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အနေနှင့် ပင်နီဆီလင်ကို အကြောထဲသွင်းပေးခဲ့သည်။ ထို့နောက် မကြာမီ ၁၉၄၃ ခုနှစ်တွင် စထရက်တိုမိုင်ဆင်ကို မြေဆီဗက်တီးရီးယားတစ်မျိုးဖြစ်သော စထရက်တိုမိုင်ဇီ ဂရီစီရပ်စ် မှ ထုတ်လုပ်ခဲ့ကြသည်။ အချိန်တန်လေသော်၊ နောက်ထပ် ပဋိဇီဝဆေးဝါးများစွာ ထုတ်လုပ်လာခဲ့ကြသည်၊ သက်ရှိများမှ ထုတ်ယူထားသည့်ဆေးဝါးများနှင့် ဓာတုနည်းပညာဖြင့်ထုတ်လုပ်ထားသော ဆေးဝါးများဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ သို့တိုင်၊ ဗက်တီးရီးယားတို့သည် အဆိုပါပဋိဇီဝဆေးဝါးအများစုကို ခံနိုင်စွမ်းနည်းများရှိလာရာ ကမ္ဘာချီဆေးဝါးပြဿနာ ဖြစ်ပေါ်နေလေသည်။

[ရုပ်ပုံ]

ဗက်တီးရီးယားပိုးများ ကြီးထွားပေါက်ရောက်ရာ အိုးခွက်ပန်းကန်အောက်ခြေတွင် ပင်နီဆီလင်မှိုအစုအဝေးကို တွေ့ရ

[Credit Line]

Christine L. Case/Skyline College

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရောဂါပိုးမွှား အမျိုးမျိုး

ဗိုင်းရပ်စ်ပိုးများသည် အသေးငယ်ဆုံးသော ရောဂါပိုးမွှားများဖြစ်ကြ၏။ ၎င်းတို့သည် အအေးမိခြင်း၊ တုပ်ကွေးနှင့် လည်ချောင်းနာခြင်းအစရှိသည့် သာမန်ဖျားနာမှုများကို ဖြစ်စေသည်။ ထို့ပြင် ဗိုင်းရပ်စ်ပိုးများသည် ပိုလီယို၊ အီဘိုလာနှင့် အေအိုင်ဒီအက်စ်ကဲ့သို့သော ရောဂါဆိုးများကိုလည်း ဖြစ်ပေါ်စေလေသည်။

ဗက်တီးရီးယားပိုးများသည် ယေဘုယျအားဖြင့် ခရိုမိုဇုန်းတစ်ခုတည်းသာရှိပြီး နယူးကလီးယပ်စ်မရှိသည့် ရိုးရိုးဆဲလ်တစ်ခုတည်းရှိ သက်ရှိများဖြစ်ကြသည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာထဲတွင် ဗက်တီးရီးယားပိုး သန်းကုဋေကုဋာမကရှိလေသည်၊ အများစုမှာ ကျွန်ုပ်တို့၏ အစာခြေအင်္ဂါစုထဲတွင် နေထိုင်ကြ၏။ ၎င်းတို့သည် ကျွန်ုပ်တို့စားလိုက်သည့်အစားအစာကို ချေဖျက်ပေးပြီး သွေးခဲစေဖို့ မရှိမဖြစ်လိုအပ်သည့် ဗိုက်တာမင် ကေ၏ အဓိကပင်ရင်းဖြစ်သည်။

စာရင်းပြုစုထားသည့် ဗက်တီးရီးယားပိုးမျိုးစိတ်ပေါင်း ၄,၆၀၀ အနက် ၃၀၀ ခန့်ကို (ရောဂါဖြစ်စေသော) ပက်တိုဂျင်များဟု သတ်မှတ်ထားသည်။ သို့တိုင်၊ ဗက်တီးရီးယားများသည် အပင်များ၊ တိရစ္ဆာန်များနှင့် လူတို့တွင်ဖြစ်တတ်သော ရောဂါတသီတတန်းကြီး၏ ရင်းမြစ်ဖြစ်သည်။ လူတို့တွင်ဖြစ်တတ်သောရောဂါများ၌ အဆုတ်နာရောဂါ၊ ကာလဝမ်းရောဂါ၊ ဆုံဆို့နာ၊ ထောင့်သန်းရောဂါ၊ သွားပိုးစားခြင်း၊ အဆုတ်ရောင်ရောဂါအမျိုးအစားတချို့နှင့် လိင်ဆိုင်ရာကူးစက်ရောဂါအတော်များများ ပါဝင်လေသည်။

ပရိုတိုဇွာများသည် ဗက်တီးရီးယားများကဲ့သို့ပင် ဆဲလ်တစ်ခုတည်းရှိ သက်ရှိများဖြစ်ကြသော်လည်း ၎င်းတို့တွင် နယူးကလီးယပ်စ်တစ်ခုထက်မက ပါရှိနိုင်သည်။ ၎င်းတို့တွင် အမီးဘားနှင့် ထရီပါနိုဆိုမာများအပြင် ငှက်ဖျားရောဂါဖြစ်စေသည့် ကပ်ပါးပိုးများပါ ပါဝင်လေသည်။ သက်ရှိမျိုးစိတ်များ၏ သုံးပုံတစ်ပုံခန့်သည် ကပ်ပါးပိုးများဖြစ်ကြသည်၊ ကပ်ပါးပိုးအမျိုးအစား ၁၀,၀၀၀ ခန့်ရှိသည့်အနက် အနည်းငယ်ကသာ လူ၌ ရောဂါဖြစ်စေသည်။

ဖန်ဂပ်စ်မှိုမျှင်များလည်း ရောဂါဖြစ်စေနိုင်၏။ အဆိုပါသက်ရှိများတွင် နယူးကလီးယပ်စ်တစ်ခုရှိပြီး အမျှင်များဖြင့် ယှက်ဖြာထားသော ဖျာများအသွင်ရှိသည်။ အဖြစ်အများဆုံး ကူးစက်ရောဂါမှာ ပွေး၊ သဲဝဲနှင့် ကင်ဒီဒါ မှိုစွဲနာ (ကင်ဒီဒါ) တို့ဖြစ်ကြသည်။ ဆိုးဝါးသော မှိုစွဲနာများသည် အာဟာရချို့တဲ့ခြင်း၊ကင်ဆာရောဂါ၊မူးယစ်ဆေးဝါးများ၊သို့မဟုတ်ကိုယ်ခံအားစနစ်ကို ဖြိုဖျက်ပစ်သည့် ဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ခုခံအားနည်းနေသူတို့၌သာ အဖြစ်များသည်။

[ရုပ်ပုံများ]

အီဘိုလာ ဗိုင်းရပ်စ်

“စတက်ဖီလိုကော့ကပ်စ် အူးရီးယပ်စ်” ဗက်တီးရီးယားပိုး

“ဂျီအာဒီယာ လမ်ဘလီယာ” ပရိုတိုဇွာ

သဲဝဲမှို

[Credit Lines]

CDC/C. Goldsmith

CDC/Janice Carr

Courtesy Dr. Arturo Gonzáles Robles, CINVESTAV, I.P.N. México

© Bristol Biomedical Image Archive, University of Bristol

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ပင်နီဆီလင်ကို ရှာဖွေတွေ့ရှိခဲ့သူ အလက်ဇန္ဒား ဖလဲန်းမင်း