ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းချက် များကို မသိကျိုးကျွန်ပြုမည်လော
သမ္မာကျမ်းစာရှုထောင့်
ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းချက် များကို မသိကျိုးကျွန်ပြုမည်လော
‘ကျွန်တော်ဟာ ဆိုးညစ်သူမဟုတ်ပါဘူး! ဆိုးဝါးတဲ့လမ်းစဉ်တွေကိုစွန့်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားပေမဲ့လည်း သိပ်ကိုအားနည်းနေသူပါ!’
အထက်ပါသဘောထားမျိုးသည် သင်ကိုယ်တိုင် သို့မဟုတ် သင်သိထားသူတစ်ဦး၏ခံစားချက်တို့ကို ထင်ဟပ်ပြသလော။ များစွာတို့က အရိုးစွဲနေပြီဖြစ်သော ကျင့်ဝတ်ဆိုင်ရာအားနည်းချက်တို့ကို အနိုင်ယူဖို့ မဖြစ်နိုင်သလောက်ပါပဲဟု ခံယူထားကြသည်။ အချို့လူတို့သည် အရက်၊ ဆေးလိပ် သို့မဟုတ် မူးယစ်ဆေးဝါး၏ကျေးကျွန် ဖြစ်နေကြသည်။ ဥစ္စာပစ္စည်းတပ်မက်ခြင်းကလည်း များစွာသောလူတို့၏ဘဝအသက်တာကို လွှမ်းမိုးထားသည်။ ဖိုမကိစ္စကို မည်သို့မျှဖြတ်၍မရတော့ဟုစိတ်လျော့ကာ လိင်အကျင့်ယိုယွင်းမှုတွင် နွံနစ်နေသူများလည်းရှိကြသည်။
မဿဲ ၂၆:၄၁ တွင်ဖော်ပြထားသည့်အတိုင်း ယေရှုသည် လူတို့၏အားနည်းချက်များကို နားလည်ကြောင်း ကြင်နာစွာဖော်ပြပေးတော်မူသည်။ * အမှန်မှာ မှတ်တမ်းတင်ထားသောသမ္မာကျမ်းစာတစ်အုပ်လုံးက ယေဟောဝါဘုရားသခင်နှင့် ယေရှု နှစ်ပါးစလုံးသည် လူသားတို့အပေါ်တွင် အမှန်တကယ် သနားညှာတာကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြပေးသည်။ (ဆာလံ ၁၀၃:၈၊ ၉) သို့သော် ကျွန်ုပ်တို့၏ချို့တဲ့အားနည်းချက်အားလုံးကို ဘုရားသခင် လျစ်လျူရှုပေးဖို့ ကျွန်ုပ်တို့ မျှော်လင့်နိုင်သလော။
မောရှေနှင့်ဒါဝိဒ်
မောရှေ၏ဘဝမှတ်တမ်းကို သုံးသပ်ကြည့်ပါ။ သူသည် “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” သူဟု သိထားခြင်းခံရပြီး ထိုအရည်အသွေးကောင်းကို ကြိုးစားပြီး ဆက်ထိန်းထားသူဖြစ်သည်။ (တောလည်ရာ ၁၂:၃) တောကန္တာရတစ်လျှောက် ခရီးနှင်လာစဉ် ဣသရေလလူမျိုးတို့သည် မပြုအပ်သည့်အမှုများကို ပြုကာ ဘုရားသခင်နှင့် ကိုယ်တော်၏ကိုယ်စားလှယ်တို့ကို မထီလေးစားပြုခဲ့ကြသည်။ ထိုအချိန်တစ်လျှောက်လုံး မောရှေသည် ဘုရားသခင်၏လမ်းညွှန်မှုကို နှိမ့်ချစွာ ရှာဖွေခဲ့သည်။—တောလည်ရာ ၁၆:၁၂-၁၄၊ ၂၈-၃၀။
သို့သော် ရှည်လျားပင်ပန်းသောခရီးစဉ်ဆုံးခါနီးတွင် သူသည် ဣသရေလတစ်မျိုးသားလုံးရှေ့၌ မိမိ၏ဒေါသကိုမထိန်းနိုင်ဘဲ ဘုရားသခင်၏ညွှန်ကြားချက်များကို မနာခံခဲ့ချေ။ ဘုရားသခင်သည် သူ့ကိုခွင့်လွှတ်ခဲ့သော်လည်း ထိုဖြစ်ရပ်ကို ကိုယ်တော် မသိကျိုးကျွန်ပြုခဲ့သလော။ မပြုခဲ့ပါ။ မောရှေအား ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– ‘သင်သည် ငါ့ကိုမယုံကြည်သောကြောင့် ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်ပို့ဆောင်သောအခွင့်ကိုမရ။’ ကတိထားရာပြည်တော်ထဲ မောရှေ ဝင်ခဲ့ရမည်မဟုတ်ချေ။ ထူးမြတ်လှသောအခွင့်အရေးအတွက် အနှစ် ၄၀ ကြာကြိုးပမ်းရုန်းကန်ခဲ့ပြီးခါမှ ကြီးမားသောလူ့အားနည်းချက်တစ်ရပ်ကြောင့် ထိုအခွင့်ထူးကို သူလက်လွတ်ဆုံးရှုံးသွားခဲ့ရသည်။—တောလည်ရာ ၂၀:၇-၁၂။
ဘုရင်ဒါဝိဒ်သည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသူ၊ အားနည်းချက်ရှိသူ နောက်တစ်ဦးဖြစ်သည်။ တစ်ခါတွင် သူသည် တပ်မက်စိတ်ပြင်းပြမှုကိုအလျော့ပေးကာ တစ်ပါးသူ၏မယားနှင့် မှားယွင်းခဲ့သည်။ ထိုနောက် ခင်ပွန်းဖြစ်သူကိုသတ်၍ ဖုံးကွယ်ရန် သူကြိုးပမ်းခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၁:၂-၂၇) နောက်ပိုင်းတွင် သူ၏ပြစ်မှုများအတွက် အမှန်တကယ်နောင်တရခဲ့ရာ သူ့အား ဘုရားသခင် ခွင့်လွှတ်တော်မူခဲ့သည်။ သို့သော် ဒါဝိဒ်သည် မိသားတစ်စုကို ဖျက်ဆီးခဲ့သည့်အတွက် ယေဟောဝါသည် နောက်ဆက်တွဲလိုက်ပါလာသည့် သိမ်းရုံးဖျက်ဆီးမှုဖြစ်စေသောဘေးဆိုးများမှ သူ့ကို မကာကွယ်ခဲ့ချေ။ ဒါဝိဒ်၏သားငယ်သည် အသည်းအသန်ဖျားနာခဲ့ပြီး သူ၏ရင်သွေးအတွက် ဒါဝိဒ်ဆုတောင်းခဲ့လင့်ကစား ယေဟောဝါ ဝင်ရောက်မဆောင်ရွက်ပေးခဲ့ချေ။ အဆိုပါသားငယ်သေဆုံးသွားသည်၊ ထိုနောက် ဒါဝိဒ်၏အိမ်ထောင်စုတွင် ဝမ်းနည်းပူဆွေးဖွယ်ရာများ တသီတတန်းကြီး လိုက်ပါလာခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၂:၁၃-၁၈; ၁၈:၃၃) ကျင့်ဝတ်ဆိုင်ရာအားနည်းချက်ကို အလျော့ပေးလိုက်ခြင်းအတွက် ဒါဝိဒ် ကြီးစွာပေးဆပ်ခဲ့ရသည်။
ဤပုံနမူနာများက ဘုရားသခင်သည် လူတို့ကို သူတို့၏အပြုအမူအတွက် သူတို့ကိုယ်တိုင်ကို တာဝန်ယူစေကြောင်းဖော်ပြသည်။ ကိုယ်တော်အား ဝတ်ပြုကိုးကွယ်လိုသူတို့သည် သူတို့၏ဝိညာဉ်ရေး၌ အားနည်းသည့်နေရာများကို ကျားကန်ပေးကာ သာ၍ကောင်းသောခရစ်ယာန်များ ဖြစ်လာကြရမည်။ ပထမရာစုတွင် များစွာတို့သည် ထိုသို့ပြုခဲ့ကြသည်။
အပြစ်ပြုကျင့်ခြင်းမရှိရန် တိုက်လှန်ခြင်း
တမန်တော်ပေါလုကို ခရစ်ယာန်အသက်တာ၏စံပြနမူနာအဖြစ် ယူမှတ်အပ်ပေသည်။ သို့သော် သူသည် မိမိ၏အားနည်းချက်များကို အဆက်မပြတ်တွန်းလှန်နေခဲ့ရကြောင်း သင်သိပါသလော။ ရောမ ၇:၁၈-၂၅ တွင် ဤတိုက်ပွဲ သို့မဟုတ် အခန်းငယ် ၂၃ အရ ဤ “ဆိုင်ပြိုင်တိုက်လှန်” မှုကို ကွင်းကွင်းကွက်ကွက် ဖော်ပြထား၏။ အပြစ်သည် အလျော့ပေး၍မရကြောင်း သူသိထားသဖြင့် ပေါလုသည် လက်မလျော့ဘဲ တိုက်လှန်ခဲ့သည်။—၁ ကောရိန္သု ၉:၂၆၊ ၂၇။
ရှေးကောရိန္သုရှိ ခရစ်ယာန်အသင်းသားအချို့သည် တစ်ချိန်က အကျင့်စွဲနေသော အမှားပြုသူများဖြစ်ခဲ့ကြသည်။ သမ္မာကျမ်းစာက သူတို့သည် ‘မတရားသောမေထုန်မှီ၌ဝဲသောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ သူ့ ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ’ ဖြစ်ခဲ့ကြ၏ ဟုဆိုသည်။ သို့သော် သူတို့သည် “ဆေးကြောသန့်ရှင်း” ခံခဲ့ကြရသည်ဟူ၍လည်း ယင်းက ဖော်ပြသည်။ (၁ ကောရိန္သု ၆:၉-၁၁) မည်သို့အားဖြင့်နည်း။ တိကျမှန်ကန်သောအသိပညာ၊ ခရစ်ယာန်ပေါင်းသင်းမှုနှင့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်တို့အားဖြင့် သူတို့၏ဆိုးညစ်သောလုပ်ရပ်များကို ရပ်တန့်ပစ်ကြဖို့ အားဖြည့်ပေးခြင်းခံခဲ့ရကြသည်။ နောက်ဆုံးတွင် သူတို့သည် ခရစ်တော်၏နာမတော်၌ ဖြောင့်မတ်ရာသို့ရောက်ကြောင်း ဘုရားသခင်ကကြေညာခဲ့သည်။ မှန်ပါသည်၊ သူတို့ကို ဘုရားသခင် ခွင့်လွှတ်တော်မူသဖြင့် ကြည်လင်သောသိစိတ်ကို ပေးတော်မူသည်။—တမန်တော် ၂:၃၈; ၃:၁၉။
ပေါလုနှင့် အဆိုပါခရစ်ယာန်တို့သည် သူတို့၏အပြစ်ပြုလိုသောဝသီများကို လျှော့မတွက်ခဲ့ကြချေ။ ယင်းအစား ၎င်းတို့ကို သူတို့တိုက်လှန်ခဲ့ကြပြီး ဘုရားသခင့်အကူအညီဖြင့် သူတို့ အောင်နိုင်ခဲ့ကြသည်။ ပထမရာစုရှိဝတ်ပြုကိုးကွယ်သူတို့သည် သူတို့၏ဝန်းကျင်နှင့် မစုံလင်သောစိတ်သဘော တိမ်းယိမ်းမှုများကြားမှ ကျင့်ဝတ်ပိုင်းတွင် ချီးမွမ်းဖွယ်ကောင်းသူများဖြစ်ခဲ့ကြသည်။ ကျွန်ုပ်တို့ကော အသို့နည်း။
မိမိတို့၏အားနည်းချက်များကို တွန်းလှန်ရန် ကျွန်ုပ်တို့ထံမှ ဘုရားသခင်မျှော်လင့်
အားနည်းချက်တစ်ရပ်ကို တိုက်လှန်ခြင်းက ယင်းကို လုံးလုံးဖယ်ရှားပစ်လိုက်နိုင်မည်တော့မဟုတ်ပါ။ ကျွန်ုပ်တို့၏မစုံလင်မှုကို အညံ့မခံအရှုံးမပေးလိုက်ဖို့လိုသော်လည်း ယင်းကို ကျွန်ုပ်တို့ ဖျောက်ဖျက်နိုင်မည်မဟုတ်ချေ။ မစုံလင်မှုသည် အင်မတန် ဖျောက်ဖျက်ရခက်သော အားနည်းချက်များကို ဖြစ်ပွားစေသည်။ သို့တိုင် ကျွန်ုပ်တို့၏အားနည်းချက်များ၌ ကျွန်ုပ်တို့သည် အညံ့မခံ၊ အရှုံးမပေးသင့်ချေ။ (ဆာလံ ၁၁၉:၁၁) အဘယ်ကြောင့် ဤသို့ အညံ့မခံဖို့ အရေးကြီးသနည်း။
အကြောင်းမှာ မစုံလင်မှုကို အမြဲပင်ခုတုံးလုပ်ပြီး ဆိုးသောအမှုပြုခြင်းကို ဘုရားသခင်ခွင့်မပြုသောကြောင့်ဖြစ်သည်။ (ယုဒ ၄) ယေဟောဝါသည် လူသားတို့အား အကျင့်ကောင်းကောင်းဖြင့် သန့်သန့်ရှင်းရှင်း နေထိုင်သွားစေလိုတော်မူ၏။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။” (ရောမ ၁၂:၉) ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့ ခိုင်မာစွာရပ်တည်သနည်း။
အကြောင်းရင်းတစ်ရပ်မှာ အားနည်းချက်ကိုအလျော့ပေးလိုက်လျောခြင်းသည် အကျိုးယုတ်စေသောကြောင့်တည်း။ သမ္မာကျမ်းစာ၌ “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟု ဂလာတိ ၆:၇ ကဖော်ပြထားသည်။ အရက်၊ မူးယစ်ဆေးစွဲသူ၊ ပစ္စည်းဥစ္စာတပ်မက်သူနှင့် ဖိုမကိစ္စပွေရှုပ်သူတို့သည် သူတို့၏ဘဝအသက်တာတို့တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသောဆိုးကျိုးကို ရိတ်သိမ်းရလေ့ရှိ၏။ သို့သော် သာ၍အရေးကြီးသော အကြောင်းတစ်ရပ်ရှိပါသည်။
အပြစ်ပြုခြင်းသည် ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သည်။ ယင်းက ကျွန်ုပ်တို့ကို ယေဟောဝါနှင့် “ကွာစေပြီ။” (ဟေရှာယ ၅၉:၂) အပြစ်ပြုကျင့်သူများသည် ကိုယ်တော်၏မျက်နှာသာတော် ဆုံးရှုံးစေနိုင်သောကြောင့် ထိုသူတို့ကို ကိုယ်တော် ဤသို့တိုက်တွန်းတော်မူသည်– “ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကိုကိုယ်စင်ကြယ်စေကြလော့။ . . . မကောင်းသောအကျင့်ကို ဖြတ်ကြလော့။”—ဟေရှာယ ၁:၁၆။
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မေတ္တာ၊ အကြင်နာတရားကြီးမားတော်မူသည်။ ‘ကိုယ်တော်သည် အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိတော်မူ၏။’ (၂ ပေတရု ၃:၉) ကျွန်ုပ်တို့သည် အားနည်းချက်တွင် အမြဲတစေ အလျော့ပေးနေလျှင် ဘုရားသခင်မျက်နှာသာတော်ရရှိမည်မဟုတ်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းချက်များကို မသိကျိုးကျွန်မပြုသည့်နည်းတူ ကျွန်ုပ်တို့လည်း မပြုသင့်ချေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည်။”