သည်းထိတ်ရင်ဖို ခံစားလိုသူများ—အသက်အန္တရာယ်နီးသောအရာကိုမှ အဘယ်ကြောင့် စွဲလမ်းနေကြ
သည်းထိတ်ရင်ဖို ခံစားလိုသူများ—အသက်အန္တရာယ်နီးသောအရာကိုမှ အဘယ်ကြောင့် စွဲလမ်းနေကြ
ရှေးခေတ် ရောမအရီနာကွင်းတွင် ပွဲကြည့်ပရိသတ် ၅၀,၀၀၀ ရှိသည့် စိတ်လှုပ်ရှားနေသောလူအုပ်သည် ရင်တမမ၊ တင်တကြွကြွနှင့်ဖြစ်နေသည်။ ကျင်းပမည့်ပွဲစဉ်များတွင် “လက်လွတ်မခံသင့်သည့် အံ့မခန်းဖွယ် သည်းထိတ်ရင်ဖိုပြကွက်များ” ပါမည်ဟု နေရာအနှံ့ကြေညာထားရာ ၎င်းတို့၏ရှုစားလိုစိတ်မှာ တစ်နေ့တခြားပို၍ပြင်းထန်လာသည်။
မျက်လှည့်ပွဲများ၊ အသံတိတ်သရုပ်ဖော်ပြဇာတ်များ၊ လူရွှင်တော်များနှင့် ဇာတ်မြူးများသည် ဒေသန္တရဇာတ်ရုံများရှိ လူအုပ်ကိုဆွဲဆောင်လျက်ရှိသော်လည်း အရီနာကွင်းရှိပွဲစဉ်များမူ အလွန်ခြားနားသည်။ မကြာမီ ပွဲကြည့်ပရိသတ်များရှေ့မှောက်တွင် တင်ဆက်မည့် အသက်ရှူမှားလောက်သည့် သည်းထိတ်ရင်ဖိုစရာများကြောင့် တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှမှာ မေ့ပျောက်သွားလေတော့သည်။
ယခု သီချင်းသည်များထွက်လာကာ ၎င်းတို့နောက်တွင် ဝတ်ရုံရှည်ဝတ် ပုရောဟိတ်များ လိုက်ပါလာသည်။ ထို့နောက် အမွှေးနံ့သာသယ်ဆောင်လာသူများကဦးဆောင်ကာ အားလုံးမြင်ရန် မြှောက်၍သယ်လာသောနတ်ဘုရားနှင့် နတ်ဘုရားမရုပ်များကို စီတန်းလှည့်လည်ပြသသည်။ ယင်းက ပွဲစဉ်များကို နတ်ဘုရားများကောင်းချီးပေးမည့်ပုံပေါက်စေသည်။
တိရစ္ဆာန်များကို သတ်ဖြတ်
ယခု ဖျော်ဖြေပွဲကြီးများ စတင်တော့မည်။ ဦးဆုံး၊ ပွဲကြည့်ပရိသတ်အနည်းငယ်သာမြင်ဖူးသည့် ငှက်ကုလားအုတ်နှင့် သစ်ကုလားအုတ်များကို လွတ်လမ်းမရှိသည့် ပြိုင်ပွဲကွင်းထဲ လွှတ်ပေးလိုက်သည်။ လေးနှင့်မြားပါသည့် ကျွမ်းကျင်သောလေးသည်တော်များစွာသည် သည်းထိတ်ရင်ဖိုခံစားလိုသောပရိသတ်ကို ပွဲကျစေရန် အကူအညီမဲ့နေသော အဆိုပါတိရစ္ဆာန်များအား တစ်ကောင်မျှမကျန်အောင် သတ်ဖြတ်ပြကြသည်။
ဩဘာပေးနေသောပရိသတ်အတွက် နောက်တင်ဆက်မှုတစ်ခုမှာ အစွယ်များတွင် သံချွန်ရှည်များ စွပ်ပေးထားသည့် စွယ်စုံဆင်ကြီးနှစ်ကောင်၏ အသေအကျေတိုက်ခိုက်ပွဲဖြစ်သည်။ ခွန်အားကြီးသောတိရစ္ဆာန်တစ်ကောင်သည် သွေးများပေကျံနေသောသဲပြင်ပေါ်သို့ သေလုမြောပါးဒဏ်ရာဖြင့် လဲကျသွားသောအခါ တဖြောင်းဖြောင်းလက်ခုပ်တီး၍ ဩဘာပေးကြသည်။ ဤပြကွက်သည် မိနစ်အနည်းငယ်အကြာတွင် ဆက်လက်တင်ဆက်မည့် အဓိကပွဲစဉ်ကို ပရိသတ်ကြီး ခံတွင်းတွေ့စေမည့် အမြည်းသာတည်း။
အဓိကပွဲစဉ်
လူသားဂလက်ဒီယေတာသူရဲကောင်းများသည် အတီးအမှုတ်အခမ်းအနားဖြင့် အရီနာကွင်းထဲဝင်လာသောအခါ သည်းထိတ်ရင်ဖိုဖြစ်လိုသောပရိသတ်သည် မတ်တတ်ရပ်လိုက်ကြသည်။ အချို့မှာ ဓားများ၊ ဒိုင်းလွှားများ၊ သတ္တုခမောက်များ သို့မဟုတ် ဓားမြှောင်များပါရှိကာ အချို့မှာ ပေါ့ပေါ့ပါးပါး လက်နက်များကိုင်ကာ ဝတ်ဆင်ထားသည်။ သူတို့သည် ပရိသတ်များက ဩဘာပေးသည်နှင့်အမျှ တစ်ဦး သို့မဟုတ် နှစ်ဦးစလုံးသေသည်အထိ အနီးကပ်တိုက်ခိုက်ကြသည်။ ပွဲစဉ်တစ်ခု၌ ရက်ပေါင်း ၁၀၀ အတွင်း တိရစ္ဆာန်အကောင်ရေ ၅,၀၀၀ သတ်ဖြတ်ခံခဲ့ရသည်ဟု မှတ်တမ်းများကဖော်ပြသည်။ နောက်ပွဲစဉ်တစ်ခုတွင်မူ ဂလက်ဒီယေတာ ၁၀,၀၀၀ သတ်ဖြတ်ခံခဲ့ရသည်။ သို့တိုင် ပြည်သူလူထုသည် နောက်ထပ်ပွဲစဉ်အတွက် အော်ဟစ်တောင်းဆိုကြသည်။
ရာဇဝတ်သားများနှင့် စစ်သုံ့ပန်းများခမျာ ဤပွဲစဉ်များအတွက် အမြဲပင် အဖြည့်ခံလူသား ဖြစ်ကြရရှာသည်။ သို့သော် “တစ်သက်တစ်ကျွန်းပြစ်ဒဏ်မခံရဘဲ ငွေကြေးများစွာရရှိရန် လက်နက်များဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ကြသည့် ကျွမ်းကျင်သောဂလက်ဒီယေတာအုပ်စုနှင့် ၎င်းတို့ကို မရောထွေးသင့်” ဟုသတင်းတစ်ရပ်ကဆိုသည်။ ဒေသအချို့တွင် ဂလက်ဒီယေတာများသည် အနီးကပ်တိုက်ခိုက်သည့်ပညာသင်ယူရန် အထူးကျောင်းများကို တက်ရောက်ခဲ့ကြသည်။ သူတို့သည် စိတ်လှုပ်ရှားတက်ကြွနေကြကာ ဤပြိုင်ပွဲနှင့် ယင်း၏အသေအကျေ စွဲစွဲလမ်းလမ်း တိုက်ခိုက်သတ်ဖြတ်မှုတို့၏ သည်းထိတ်ရင်ဖိုစရာတွင် မှိုင်းမိနေကြသည်။ နောက်တစ်နေ့တွင် ထပ်မံတိုက်ခိုက်ရန် အာသီသပြင်းပြနေကြသည်။ “အနားမယူမီ ထိုးသတ်ပွဲပေါင်းငါးဆယ်ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ခဲ့သူသည် အလွန်အောင်မြင်သော ဂလက်ဒီယေတာတစ်ဦးဖြစ်ခဲ့သည်” ဟုသတင်းတစ်ရပ်က ကောက်ချက်ချသည်။
လူနှင့် နွားရိုင်းသတ်ပွဲ
ကျွန်ုပ်တို့ခေတ်တွင် ကမ္ဘာကြီးသည် ထောင်စုနှစ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခဲ့ပြီ။ သို့သော် အန္တရာယ်များသော၊ အထူးသဖြင့် အသက်ဆုံးရှုံးနိုင်သောအားကစားပွဲများ၏ ညှို့ယူဖမ်းစားခံရသူများစွာ၏ဝါသနာကြီးမားမှုမှာ သိသိသာသာ လျော့နည်းခြင်းမရှိကြောင်းထင်ရှားသည်။ ဥပမာ၊ လူနှင့် နွားရိုင်းသတ်ပွဲသည် တောင်အမေရိကနှင့် မက္ကစီကိုတို့တွင် ရာစုနှစ်ချီ၍ လူကြိုက်များလာခဲ့သည်။ ၎င်းပွဲသည် ယနေ့ လက်တင်အမေရိက၊ ပေါ်တူဂီနှင့် စပိန်တို့တွင် စည်ကားသည်။
မှတ်တမ်းအရ မက္ကဆီကိုတွင် အရီနာကွင်း ၂၀၀ ခန့်နှင့် စပိန်တွင် ကွင်းပေါင်း ၄၀၀ ကျော်ရှိသည်။ မက္ကဆီကိုရှိ အရီနာကွင်းတစ်ကွင်းသည် လူ ၅၀,၀၀၀ ဆံ့သည်။ ဤအရီနာကွင်းအများစုသည် တစ်ဟုန်ထိုးတိုက်ခိုက်သည့် နွားရိုင်းများနှင့်ယှဉ်ပြိုင်၍ သတ္တိသွေးပြကြမည့်သူများကို လာရောက်ရှုစားသူများနှင့်ပြည့်နေသည်။ နွားရိုင်းနှင့်ယှဉ်ပြိုင်သတ်ပုတ်သူသည် တစ်နေရာရာတွင် သူရဲဘောကြောင်နေပုံတွေ့ရပါက လူအုပ်သည် အော်ဟစ်သရော်ကာ မကျေမနပ်ဖြစ်ကြလေသည်။
ယခုအခါ နွားရိုင်းနှင့် ယှဉ်ပြိုင်သတ်ပုတ်သူများတွင် အမျိုးသမီးများပါဝင်လာကာ နွားရိုင်းများကိုသတ်သည့်အတွက် ဒေါ်လာသန်းနှင့်ချီ ဝင်ငွေရရှိကြသည်။ ရုပ်မြင်သံကြား လူတွေ့မေးမြန်းခန်းတစ်ခုတွင် နွားရိုင်းနှင့်သတ်ပုတ်သူအမျိုးသမီးတစ်ဦးက မိမိသည် ဦးချိုဖြင့်ဝှေ့သတ်ခံရမည့်အန္တရာယ်ကို အမြဲကြုံနေသော်လည်း နွားတိုက်ကွင်းတစ်ခုထဲတွင် တစ်ဟုန်ထိုးတိုက်ခိုက်သည့် သားရဲတစ်ကောင်နှင့်အတူ ရှိနေခြင်းလောက် အဘယ်အရာကမျှ သည်းထိတ်ရင်ဖိုခံစားလိုသော မိမိ၏အာသီသများကို မဖြည့်ဆည်းပေးနိုင်ဟူ၍ ထုတ်ဖော်ကြေညာခဲ့သည်။
နွားရိုင်းပြေးပွဲ
“လူအုပ်သည် ပမ်ပလိုနာမြို့၊ ကေရေး အက်စ်တာဖေတာ လမ်းပေါ်ရှိ စစ်က်စ်တိုး စားသောက်ဆိုင်ရှေ့လမ်းပေါ်တွင် လူလေးတန်း ကြိတ်ကြိတ်တိုးနေရာ အသံဗလံများမှာ တစ်ချိန်လုံးဆူညံနေသည်။ ပြောဆိုကြသည့်စကားများမှာ—ဘာစကာ၊ ကာစတီးလျံ၊ ကက်တလန်၊ အင်္ဂလိပ်စကား—အမျိုးစုံဖြစ်သည်” ဟုမှတ်တမ်းတစ်ခုကဖော်ပြသည်။ လူအုပ်ကြီးသည် ပွဲစဉ်ကိုရှုစားရန် စောစောစုဝေးကြသည်။ နွားတိုက်ကွင်းတွင်ပြိုင်ပွဲဝင်ရန် သီးသန့်ထားသည့်နွားရိုင်းများကို အရီနာကွင်းမှ မိုင်ဝက်သာဝေးသောနွားခြံများတွင် ထည့်ထားသည်။
ပြိုင်ပွဲများကျင်းပမည့် နံနက်ခင်းများတွင် နွားခြံဂိတ်များကို ဖွင့်ကာ နွားရိုင်းခြောက်ကောင်ကို လွှတ်ပေးလိုက်သည်။ လမ်းဘေးတစ်လျှောက်တွင် အဆောက်အဦများရှိကာ ဘေးဘက်လမ်းဝင်ပေါက်များကို တားဆီးပိတ်ဆို့ထားသည်။ ယင်းက အရီနာကွင်းသို့ နွားရိုင်းများပြေးရန် သင့်လျော်သောလမ်းကြောင်းဖြစ်စေကာ အားလုံး ချောချောမောမောဖြစ်လျှင် အရီနာကွင်းသို့ရောက်ရန် နှစ်မိနစ်ခန့်ကြာမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်များက အမျိုးသားများသည် ဘေးအန္တရာယ်ကိုမမှုဘဲ နွားရိုင်းများထက် မိမိတို့အပြေးမြန်၊ မမြန်စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယနေ့ထိ နှစ်စဉ် စမ်းကြည့်နေဆဲဖြစ်၏။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ယင်းသည် အပြည်ပြည်ဆိုင်ရာ ပွဲစဉ်တစ်ခုဖြစ်လာသည်။ များစွာသောသူတို့သည် နွားရိုင်းများကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ အခြားသူတို့မူ ဦးချိုဖြင့်ဝှေ့သတ်ခံခဲ့ကြရသည်။ “သင်သည် ၎င်းတို့ထက်သာအောင် ပြေးနိုင်သည်ဟုယူဆလျှင် အမှားကြီးမှားမည်” ဟုအပြေးသမားတစ်ဦးကဆိုသည်။ နှစ်ပေါင်း ၂၀ ကာလတွင် စပိန်ကြက်ခြေနီအသင်း၏အဆိုအရ “နေ့စဉ် ပျမ်းမျှလူတစ်ဦးသည် နွားဝှေ့ခံရ၍ ထိခိုက်ဒဏ်ရာရခဲ့သည်။” အခြားလူ ၂၀ မှ ၅၀ သည်လည်း ထိခိုက်ဒဏ်ရာရ၍ နေ့စဉ်ကုသခံခဲ့ကြရသည်။
အသက်အန္တရာယ်နီးသောဤအရာကိုမှ အဘယ်ကြောင့် စွဲလမ်းနေရသနည်း။ အပြေးသမားတစ်ဦးက ဤသို့ဖြေဆိုပေးခဲ့သည်– “နွားရိုင်းတွေနဲ့အတူ အမီလိုက်ပြေးနေတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ သူတို့ရဲ့အနံ့ခံရ၊ သူတို့ရဲ့ခွာသံတွေ တခွပ်ခွပ်ကြားရ၊ လက်မအနည်းငယ်လောက်သာ ကွာတဲ့နေရာကနေ နိမ့်တုံ၊ မြင့်တုံ ဦးချိုတွေကိုရှုစားရတဲ့ အရသာခံဖို့ပါပဲ။” ဩဘာပေးနေသောလူအုပ်က အပြေးသမားများကို အားတက်စေသည်။ ပေါင်ချိန် ၁၅၀၀ စီးသည့် တစ်ရှူးထိုးပြေးလာသော နွားရိုင်းတစ်ကောင်က အပြေးသမားတစ်ဦးကို ဝှေ့သတ်လိုက်ခြင်း၊ သို့မဟုတ် ဆောင့်၍ကော်တင်လိုက်ခြင်းကို မျက်မြင်ဒိဋ္ဌမတွေ့ရပါလျှင် အချို့သူတို့ စိတ်ပျက်သွားကြမည်လော။ ရောမအရီနာကွင်းများထဲမှ လူအုပ်ကဲ့သို့ပင် အချို့တို့အတွက် သွေးထွက်သံယိုမှုဖြစ်ပါမှ ဆွဲဆောင်မှုဖြစ်မည်လော။
သေမင်းနှင့် အပျော်တမ်းကစားခြင်း
အခြားနည်းများဖြင့် သေမင်းနှင့် အပျော်တမ်းကစားချင်သူများလည်းရှိ၏။ ဘေးချင်းယှဉ်ရပ်ထားသည့် ကားအစီး ၅၀ ကိုဖြစ်စေ၊ ခရီးသည်တင်ဘတ်စကားကြီးများစွာ သို့မဟုတ် ကျယ်ဝန်းသောချောက်ကြီးတစ်ခုကိုဖြစ်စေ ခုန်ကျော်ခြင်းဖြင့် သေမင်းကိုအန်တု၍ အပြင်းအထန်ဒဏ်ရာရသော မော်တော်ဆိုင်ကယ်စတန့်မင်းသားများရှိသည်။ ထိုသို့သောစတန့်မင်းသားတစ်ဦးက သူ၏ခန္ဓာကိုယ်တွင် အရိုး ၃၇ ချောင်းကျိုးကာ ရက်ပေါင်း ၃၀ မေ့မြောခဲ့ဖူးကြောင်း ပြောပြခဲ့သည်။ သူဤသို့ဆိုသည်– “အရိုးကျိုးတာ၊ လက်ကျိုးတာတို့ဟာ ကျွန်တော့်အတွက် အဆန်းမဟုတ်တော့ဘူး။ . . . အကြီးအကျယ် အရိုးဖြတ်ထုတ်ခွဲစိတ်ကုသမှုပေါင်း ဆယ့်နှစ်ခါလုပ်ခဲ့ရတယ်။ အဲဒီကုသမှုဟာ ခွဲစိတ်ပြီး သတ္တုပြားအပိုင်းတစ်ခု ဒါမှမဟုတ် ဝက်အူတစ်ချောင်းကို ထည့်တာဖြစ်တယ်။ အရိုးတွေကိုဆက်ဖို့ ကျွန်တော့်ကိုယ်ထဲမှာ ဝက်အူ သုံးဆယ့်ငါးခု ဒါမှမဟုတ် အခုလေးဆယ်လောက် ထည့်ခဲ့ရတယ်လို့ထင်ထယ်။ ကျွန်တော်ဟာ ဆေးရုံတက်လိုက်ဆင်းလိုက် အမြဲလုပ်ခဲ့ရတယ်။” တစ်ခါက သူအပြေးလေ့ကျင့်နေစဉ် ဒဏ်ရာရသွားသောအခါနှင့် ကားအစီးများစွာကို ခုန်မကျော်နိုင်သည့်အခါ လူအုပ်က စိတ်ပျက်ကာ ရှုတ်ချသရော်ခဲ့သည်။
သည်းထိတ်ရင်ဖိုဖြစ်လိုသူများစွာသည် လုံခြုံရေးကိရိယာများမပါဘဲ မိုးမျှော်တိုက်များ၏ဘေးကိုတွယ်တက်ခြင်း၊ ပေ ၂၀,၀၀၀ မတ်စောက်သောတောင်များအပေါ်မှ အောက်သို့ နှင်းလျှောစီးဆင်းခြင်း၊ မြင့်မားသောမျှော်စင်များနှင့် တံတားများပေါ်မှ ဘန်ဂျီကြိုးဖြင့်ခုန်ချကစားခြင်း၊ ခုန်ချမည့်သူ နောက်တစ်ဦး၏ကျောတွင် ကြိုးဖြင့်ချိတ်ဆွဲထားကာ လေယာဉ်ပေါ်မှ လေထီးဖြင့်ခုန်ချခြင်း သို့မဟုတ် လက်ထဲတွင် သေးငယ်သောပေါက်ချွန်းတစ်စုံသာပါကာ ရေခဲဖုံးနေသည့် မတ်စောက်သောကျောက်ဆောင်ကမ်းပါးများကို တွယ်တက်ခြင်းအစရှိသည့် သေမင်းကိုအန်တုသော စတန့်များအပါအဝင် အစွန်းရောက်အားကစားများတွင် ပါဝင်ကြသည်။ “တစ်နှစ်ကို မိတ်ဆွေသုံးဦးကနေ လေးဦးအထိ ဆုံးရှုံးရမယ်လို့ ကျွန်မယူဆတယ်” ဟု ရေခဲတောင်တက်သမားတစ်ဦးက ညည်းညူခဲ့သည်။ ယင်းတို့သည် အားကစားလောကတွင် ရေပန်းစားလာသည့် သေမင်းကိုအန်တုသောစတန့်များမှ အချို့မျှသာဖြစ်၏။ “အစွန်းရောက်အားကစားများကို အလွန်စွဲမက်သည့် ကပ်ဘေးတစ်ခုဖြစ်လာနိုင်သည်” ဟု စာရေးဆရာတစ်ဦးက ထုတ်ဖော်ကြေညာခဲ့သည်။
“အစွန်းတကာ့အစွန်းရောက်သော အားကစားအများစုသည် ပို၍ပင်ရေပန်းစားနေသည်” ဟု ယူ.အက်စ်.သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာ မဂ္ဂဇင်းက ရေးသားခဲ့သည်။ “ကျွမ်းကျင်သောလေထီးခုန်သမားများသည် ပေ ၁၃,၀၀၀ အမြင့်မှ လွတ်လွတ်ကျွတ်ကျွတ်ကျဆင်းလာစဉ် ခဲပျဉ်ပြားများပေါ်တွင် ဆပ်ကပ်ကစားသကဲ့သို့ ခန္ဓာကိုယ်ကို ချာလပတ်လည်ရသော လေဟုန်စီးကစားနည်းသည် ၁၉၉၀ ပြည့်နှစ်တွင် မရှိခဲ့ပါ; ယခုအခါ ယင်းသည် ဝါသနာအိုးထောင်ပေါင်းများစွာကို ဆွဲဆောင်လျက်ရှိသည်။ ထို့အပြင် ဘေ့စ် (BASE) ခုန်ချကစားနည်းဟူ၍လူသိများသော အားကစားတစ်မျိုးကို ၁၉၈၀ ပြည့်နှစ်တွင် တရားဝင်တည်ထောင်ခဲ့သည်၊ ယခုအခါ ယင်းသည် အဆောက်အဦများ၊ ဧရိယာတိုင်များ၊ တံတားများနှင့် သဘောဝအလျောက်မြင့်သောနေရာများမှ—များသောအားဖြင့် တရားဝင်မဟုတ်ဘဲ ညဘက်တွင်—လေထီးဖြင့်ခုန်ချသည့် ရာနှင့်ချီသောသူတို့အတွက် စွဲမက်ဖွယ်ဖြစ်သည်။” ဤအားကစားနည်းကြောင့် ဒါဇင်နှင့်ချီသော လူတို့၏အသက်များ ဆုံးရှုံးခဲ့ရပြီ။ “ဘေ့စ် ခုန်ချကစားနည်းကြောင့် အနာတရ များများရတာမရှိဘူး။ သေရင်သေ၊ မသေရင် ရှင်ပဲ” ဟုဝါရင့်အခုန်သမားတစ်ဦးကဆိုသည်။
အလွန်သေးငယ်သောလက်တွယ်နှင့် ခြေကုပ်များဖြင့်သာ မတ်စောက်သော တောင်စောင်းကျောက်ကမ်းပါးများကို တွယ်တက်ခြင်းသည် ထောင်ပေါင်းများစွာသောသူတို့အတွက် ဆွဲဆောင်မှုဖြစ်နေသည်။ ထရပ်ကားမှ ခေါင်းကိုက်ပျောက်ဆေးများအထိ အမျိုးစုံကြော်ငြာပေးနေသော ရုပ်မြင်သံကြားနှင့် မဂ္ဂဇင်းကြော်ငြာများ၌ပင် လေထဲတွင် ပေပေါင်းရာချီမြင့်သည့် မတ်စောက်သော တောင်ချောက်ကမ်းပါးများ၌ ကြိုးမျှင်မျှင်လေးတစ်ချောင်းဖြင့်သာချည်ထား၍ ပြုတ်လုတဲတဲတွဲလောင်းနေသည့် တောင်တက်သမားများကို တွေ့မြင်ကြရသည်။ ၁၉၈၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ လူ ၅၀,၀၀၀ ခန့်သည် ဤအားကစားတွင် အရဲစွန့်ပါဝင်ခဲ့ကြသည်; များမကြာမီက လူသန်းဝက်ခန့်သည် ဤအသက်အန္တရာယ်နှင့်နီးသောအရာကိုမှ စွဲလမ်းမှု၏ ဆွဲဆောင်ခြင်းခံခဲ့ရသည်ဟု မှတ်တမ်းကဖော်ပြသည်။ ကမ္ဘာတစ်ဝန်းတွင် ၎င်းအရေအတွက်မှာ တိုးများလာနေသည်။
အမေရိကန်ပြည်ထောင်စုတွင် “ဆန်းပြားပြီး အန္တရာယ်ရှိသောကစားနည်းသစ်များကို ကစားခြင်းကြောင့် အသက်ဆုံးရှုံးရ သို့မဟုတ် ဒုက္ခိတဘဝရောက်ခဲ့ကြရသည့် ‘သာမန်’ ယောက်ျားကလေးနှင့် မိန်းကလေးအရေအတွက်မှာ တိုးများလာနေသည်” ဟု မိသားစုအသိုင်းအဝိုင်း မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ “ကားလေဟုန်စီးကစားခြင်း”—အရှိန်ဖြင့်မောင်းနေသောကားတစ်စီး၏ ဘေးပေါက်မှ ကားအမိုးပေါ်သို့ တွယ်တက်ကာ ကားအရှိန်နှင့်သွားနေစဉ် မတ်တတ်ရပ်ခြင်း—သို့မဟုတ် ရွေ့လျားနေသောဓာတ်လှေကားအိမ်၏အပေါ်တွင် သို့မဟုတ် အရှိန်ဖြင့်မောင်းနေသော မြေအောက်ရထား၏အမိုးပေါ်တွင် မတ်တတ်ရပ်ကစားခြင်းသည် လူငယ်များစွာ၏အသက်ကို နုတ်ယူခဲ့ပြီ။
အလွန်မြင့်သောဧဝရက်တောင်ပင်လျှင် တစ်ခါနှင့်မျှမတူအောင် ပတ်သက်လာသည်။ လေ့ကျင့်မှုအလုံအလောက်မရှိဘဲ တောင်တက်သူများသည် လမ်းပြဖြင့် တောင်အတက်အဆင်းကို ယူ.အက်စ်. ဒေါ်လာ ၆၅,၀၀၀ ခန့်အကုန်အကျခံကြသည်။ ၁၉၅၃ ခုနှစ်ကတည်းက တောင်တက်သမား ၇၀၀ ကျော်သည် တောင်ထိပ်သို့ရောက်ခဲ့ကြပြီဖြစ်သည်။ အများစုမှာ မည်သည့်အခါမျှ အောက်သို့ပြန်မဆင်းလာတော့ပေ။ အလောင်းအချို့သည် တောင်ထိပ်တွင် ယနေ့ထိရှိနေဆဲပင်။ “ယခုအခါ တောင်တက်သမားများသည် ဧဝရက်တောင်ကို အသက်အငယ်ဆုံး၊ အကြီးဆုံး၊ အမြန်ဆုံးတက်နိုင်သူများအဖြစ် စံချိန်တင်ရန် ယှဉ်ပြိုင်ကြသည်” ဟုသတင်းစာဆရာတစ်ဦးက ရေးသားခဲ့သည်။ “အခြားမည်သည့် အားကစားနှင့်မျှမတူဘဲ တောင်တက်ခြင်းသည် အသက်စတေးခံလိုစိတ်ရှိဖို့လိုသည်” ဟုနောက်တစ်ဦးကရေးသားခဲ့သည်။ လူတစ်ဦးသည် သတ္တိရှိကြောင်းပြရန် ဘေးအန္တရာယ်ကို အန်တုရမည်လော။ “သတ္တိဆိုရာမှာ မိုက်မဲသောအရာများကို ပြုလုပ်ခြင်းမဟုတ်” ဟူ၍ ဝါရင့်တောင်တက်သမားတစ်ဦးက သတိပေးခဲ့သည်။ ထိုသူက “မိုက်မဲသောအရာများ” တွင် “ကျွမ်းကျင်မှုမရှိသော တောင်တက်သမားများ ဧဝရက်တောင်ထိပ်သို့ စွန့်စားတက်ရောက်လေ့လာခြင်း” ပါဝင်ကြောင်း ဖော်ပြခဲ့သည်။
ယင်းသို့ ဆက်၍ဖြစ်နေသည်။ ကမ္ဘာတစ်ဝန်းတွင်တွေ့လာရသည့် သေမင်းကိုအန်တုသော လိုက်စားမှုများအရေအတွက်နှင့် အမျိုးအစားတို့သည် အသစ်အဆန်းတီထွင်လိုသူများ၏ စိတ်ကူးဘောင်အတွင်းတွင် ရှိသည်။ သေခြင်း၊ ရှင်ခြင်းနှုတ်ခမ်းတွင် နင်းကာ ခဏတာအသက်စွန့် ပါဝင်ကစားရသော အစွန်းရောက်အားကစားနည်းများသည် “၂၁ ရာစု၏ အဓိကလူကြိုက်များကာ ပါဝင်ဆင်နွှဲကြသော အားကစားများဖြစ်လာမည်” ဟုစိတ်ပညာရှင်တစ်ဦးကခန့်မှန်းသည်။
ယင်းကို သူတို့ အဘယ်ကြောင့်ပြုလုပ်ကြ
အားကစားအစွန်းရောက်ဝါဒီများစွာက သေမင်းကိုအန်တုသောစတန့်များတွင် မိမိတို့ပါဝင်ကြခြင်းမှာ ငြီးငွေ့မှုမှ လွတ်မြောက်ရန်ဖြစ်သည်ဟု ကာကွယ်ပြောဆိုကြသည်။ လုပ်ရိုးလုပ်စဉ်အလုပ်များကြောင့် ငြီးငွေ့လာရာ အချို့သူတို့သည် မိမိတို့၏အလုပ်ကိုစွန့်ပစ်ကာ အစွန်းရောက်အားကစားလောကရှိ လုပ်ငန်းအသစ်တစ်ခုကို လိုက်စားလာကြသည်။ “ကျွန်တော်ဟာ စိတ်ကြည်လင်လန်းဆန်းစေတဲ့ ဆေးဝါးတစ်ခုအနေနဲ့ ဘန်ဂျီကြိုးနဲ့ခုန်ချတဲ့ကစားနည်းကို စတင်အသုံးပြုခဲ့တယ်။ ကျွန်တော်ခုန်ချလိုက်တာနဲ့ ပြဿနာ၊ ပြဿနာဆိုတာ ဘာပါလိမ့်လို့ ဆိုရမလိုပဲ” ဟုအမျိုးသားတစ်ဦးကဆိုသည်။ “သူသည် ရေဆင်မတီး အမျိုးသားဥယျာဉ်ရှိ အယ်လ် ကက်ပီတန် ကျောက်ဆောင်၊ ဆန်ဖရန်စစ္စကို ပင်လယ်အော်တံတားနှင့် ပြင်သစ်ရှိ ကမ္ဘာ့အမြင့်ဆုံး တွဲလွဲဆွဲကေဘယ်ကားပေါ်မှ ခုန်ချခြင်းအပါအဝင် ၄၅၆ ကြိမ်ခုန်ချခဲ့ဖူးသော ဝါရင့်တစ်ဦးဖြစ်သည်” ဟုမဂ္ဂဇင်းတစ်စောင်က ဖော်ပြခဲ့သည်။
အစွန်းရောက်အားကစားများတွင် ပါဝင်ဆင်နွှဲသူနောက်တစ်ဦးက “အချိန်ဟာ ရပ်နေသလိုပဲ။ ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာနဲ့ပတ်သက်ပြီး မပူဘူး” ဟုဆိုသည်။ နောက်တစ်ဦးကမူ “အပျော်အဖြစ် [အများစုမှာ ဆုကြေးငွေရဖို့] ကျွန်တော်တို့လုပ်တဲ့အရာကို လူအများစုဆိုရင် သတ်မယ်လို့ ခြိမ်းခြောက်ရင်တောင် လုပ်ကြမှာမဟုတ်ဘူး” ဟုဆိုသည်။ “အားလုံးဟာ သည်းထိတ်ရင်ဖိုခံစားရရေးအတွက် ဇွတ်တိုးနေကြတယ်” ဟု နယူးစ်ဝိခ် မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
စိတ်ပညာရှင်အချို့သည် သည်းထိတ်ရင်ဖိုခံစားလိုသည့်အကြောင်းရင်းကို ကျယ်ပြန့်စွာသုတေသနပြုခဲ့ကြသည်။ စိတ်ပညာရှင်တစ်ဦးက သည်းထိတ်ရင်ဖိုဖြစ်လိုသူများအား ကိုယ်ရည်ကိုယ်သွေး တီ (T) အမျိုးအစားအဖြစ် ခွဲခြားသတ်မှတ်သည်။ ‘T သည်—စွန့်စားခြင်း၊ စိတ်ကြွမှု၊ စိတ်လှုပ်ရှားမှုနှင့် လှုံ့ဆော်မှုရရန် ရှာကြံခြင်း—သည်းထိတ်ရင်ဖိုစရာများ (thrills) ကိုကိုယ်စားပြုသည်။’ သူက ဤသို့ဆိုသည်– “ဘဝလှေကား၏လက်ရန်းများ—စည်းမျဉ်းများ၊ ထုံးတမ်းစဉ်လာများ—ကို ဆုပ်ကိုင်ထားသူအချို့ရှိသည်။ တီ အမျိုးအစားရှိသူများသည် ထိုလက်ရန်းများကို မဆုပ်ကိုင်ထားကြချေ။ သူတို့သည် ကိုယ့်ဘဝ ကိုယ့်ဘာသာဖန်တီးယူကြသည်။” ကိုယ်ရည်ကိုယ်သွေး တီ အမျိုးအစားရှိသူများသည် အခြားသူများထက် အဝေးပြေးလမ်းမများပေါ်တွင် မတော်တဆဖြစ်မှု နှစ်ဆပိုများကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု ထိုသူကဆိုသည်။ “မတော်တဆဖြစ်မှုများသည် ဆယ်ကျော်သက်များ သေဆုံးရသည့် အဓိကအကြောင်းရင်းဖြစ်၏၊ အကြောင်းမှာ သူတို့သည် သည်းထိတ်ရင်ဖိုခံစားလိုသည့်ဆန္ဒကို ဖြည့်ဆည်းရန် မိမိတို့ကိုယ်ကို အန္တရာယ်ရှိသောအနေအထားတွင် ထားလေ့ရှိကြ၍တည်း။”
အသက်အန္တရာယ်များသောအားကစားများကို လိုက်စားခြင်းသည် မည်သူ့အတွက်မဆို ဓမ္မတာနှင့်ဆန့်ကျင်ကြောင်း သိပ္ပံပညာရှင်များနှင့် စိတ်ပညာရှင်များက ဝန်ခံကြသည်။ လူအများသည် ပြင်းထန်ပြီး အသက်အန္တရာယ်ဖြစ်လောက်သော ဒဏ်ရာများရရှိခဲ့ကြရာ ဆေးရုံများနှင့် ပြန်လည်ထူထောင်ရေးဌာနများတွင် ကြာမြင့်စွာနေကြရသည်၊ ယင်းနောက် ပြန်ကောင်းလာရုံသာရှိသေးစဉ် သေမင်းကိုအန်တုသော သူတို့၏လိုက်စားမှုတွင် ဆက်လက်လိုက်စားကြခြင်းက သူတို့၏စဉ်းစားတွေးခေါ်နိုင်စွမ်းမှာ လုံးဝမကောင်းတော့ကြောင်း ဖော်ပြသည်။ သို့သော် ထိုသူတို့သည် များသောအားဖြင့် အလွန်ဉာဏ်ထက်မြက်သူများဖြစ်နိုင်သည်။
အသက်နှင့် ခြေလက်အင်္ဂါကိုစွန့်ရန် သည်းထိတ်ရင်ဖိုခံစားလိုသူများအား အဘယ်အရာက ဆွဲဆောင်ကြောင်း ကျွမ်းကျင်သူများ အသေအချာမသိကြချေ။ အဖြေများမှာ ဦးနှောက်ပေါ်တွင် မူတည်နိုင်သည်ဟု သူတို့အဆိုပြုကြသည်။ သူတို့က “သင်သည် ထိုသည်းထိတ်ရင်ဖိုခံစားလိုမှုကို ရပ်ဆိုင်းနိုင်မည်မဟုတ်သော်လည်း အသက်အန္တရာယ်ဖြစ်နိုင်သောစွန့်စားမှုများမပြုလုပ်ရန် ကြိုးစားတားဆီးပေးမည်။ ယုတ်စွအဆုံး သင်သည် သူတို့ကြောင့် အခြားသူများ အသက်အန္တရာယ်မဖြစ်ရန် ရှောင်ရှားစေလိုမည်” ဟုဆိုကြသည်။
ခရစ်ယာန်အမြင်
ခရစ်ယာန်များသည် အသက်ကို ယေဟောဝါဘုရားသခင်ထံတော်မှ အဖိုးတန်ဆုတစ်ခုအဖြစ် ရှုမြင်ကြသည်။ လူတစ်ဦးသည် မိမိ၏ရဲစွမ်းသတ္တိ—ယောက်ျားမာန်—ကိုပြရန်၊ လူအုပ်ကိုစိတ်လှုပ်ရှားစေရန် သို့မဟုတ် မိမိကိုယ်တိုင် ရုတ်တရက် စိတ်လှုပ်ရှားမှုခံစားရရန် မလိုအပ်သောစွန့်စားမှုများ ပြုလုပ်ခြင်းဖြင့် မိမိ၏အသက်ကို တမင်တကာ အန္တရာယ်ရှိစေသောအခါ သူသည် စင်စစ်အားဖြင့် ဘုရားသခင်ပေးသည့် အံ့ချီးဖွယ်အသက်ဆုကို မထီမဲ့မြင်ပြုနေခြင်းဖြစ်သည်။ ယေရှုသည် မိမိ၏အသက်ကို အလွန်တန်ဖိုးထားကာ မလိုအပ်ဘဲ အန္တရာယ်မကျရောက်စေခဲ့ပါ။ ကိုယ်တော်သည် ဘုရားသခင်ကိုစုံစမ်းရန် ငြင်းဆိုခဲ့သည်။—မဿဲ ၄:၅-၇။
အလားတူ ခရစ်ယာန်များလည်း အသက်ကိုတန်ဖိုးထားရန် တာဝန်ရှိ၏။ “တစ်ခါတုန်းက မတ်စောက်တဲ့ ကျောက်ဆောင်ကမ်းပါးတစ်ခုကိုတက်တဲ့အခါ ကျွန်မ ရှေ့တိုးလို့လဲမရ၊ နောက်ဆုတ်လို့လဲမရတဲ့ အဖြစ်မျိုးကြုံခဲ့ရတယ်။ သေလုနီးပါးဖြစ်ခဲ့တဲ့အတွက် ဒီနေ့အထိလန့်နေတုန်းပဲ။ တကယ့်ကိုမိုက်မဲပြီး အကျိုးမရှိတဲ့လုပ်ရပ် ဖြစ်ခဲ့မှာပဲ!” ဟုခရစ်ယာန်တစ်ဦးက ရေးသားခဲ့သည်။
‘ကျွန်မနေတဲ့နေရာမှာ လူငယ်တွေဟာ ဒီသည်းထိတ်ရင်ဖိုအားကစားအများစုမှာ ပါဝင်ကြတယ်။ သူတို့နဲ့အတူပါဝင်ဖို့ ကျွန်မကို အမြဲဆွယ်တယ်။ ဒါပေမဲ့ သူတို့ပြောပြတဲ့ ပျော်စရာကောင်းတယ်ဆိုတဲ့ အဲဒီအားကစားတွေကြောင့် လူတွေအသက်ဆုံးရှုံးရတာ၊ အကြီးအကျယ်ထိခိုက်ဒဏ်ရာရတာတွေကို သတင်းတွေထဲမှာ မကြာခဏတွေ့ရတယ်။ ဒီလို တစ်ခဏတာ သည်းထိတ်ရင်ဖိုစရာတစ်ခုအတွက် ယေဟောဝါဘုရားသခင်ပေးတဲ့အသက်ကို အန္တရာယ်ရှိအောင်လုပ်တာဟာ ကျွန်မအတွက် ပညာမဲ့ရာကျမယ်ဆိုတာ သဘောပေါက်လာတယ်’ ဟုခရစ်ယာန်လူငယ်တစ်ဦးက ရေးသားခဲ့သည်။ သင်လည်း ထိုသို့သော ကောင်းမွန်သည့် သဘောထားနှင့် ချင့်ချိန်မှုမျိုးရှိသူ ဖြစ်နိုင်ပါစေ။
[Picture Credit Line on page 21]
© Reuters NewMedia Inc./CORBIS
[Picture Credit Line on page 24]
Steve Vidler/SuperStock