မိခင်ဘဝ၏ စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
မိခင်ဘဝ၏ စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
သားသမီးများသည်အနာဂတ်မျိုးဆက်များဖြစ်ကြသောကြောင့် သူတို့ကို ပုံသွင်းပေးသောအမျိုးသမီးများ၊ သူတို့၏မိခင်များသည် လေးစားမှု၊ ဂုဏ်တင်မှုနှင့် ထောက်မမှုတို့ကို အမှန်တကယ် ရထိုက်ပါသည်။ ခေတ်သစ်လောကသည် မိခင်ဘဝအကြောင်း အမျိုးမျိုးပြောဆိုကြသော်လည်း သမ္မာကျမ်းစာကမူ သားသမီးများသည် ဘုရားသခင်ထံမှ ကောင်းချီးတစ်ရပ်ဖြစ်ပြီး မိဘများအတွက် ပျော်ရွှင်မှုရင်းမြစ်တစ်ခုဖြစ်နိုင်၏ဟု အခိုင်အမာဆိုထားသည်။ (ဆာလံ ၁၂၇:၃-၅) သို့တိုင် ကျမ်းစာသည် မိခင်ဘဝ၏တကယ့်ဖြစ်ရပ်များကို ဥပေက္ခာမပြုပါ။ သမ္မာကျမ်းစာတွင် ယင်း၏စိန်ခေါ်ချက်များစွာကို မှတ်တမ်းတင်ထား၏။
မိဘဖြစ်မှု၊ မိခင်ဘဝတို့နှင့်ပတ်သက်သည့် မိဘများချမှတ်သည့်ဆုံးဖြတ်ချက်များသည် သားသမီးများ၏ဘဝနှင့် စရိုက်အပေါ် နက်ရှိုင်း၍ တည်မြဲသော ဩဇာသက်ရောက်မှုရှိသည်။ ယင်းဆုံးဖြတ်ချက်များသည် မိဘများ၏ဘဝပုံစံကို အကြီးအကျယ်ပြောင်းလဲသွားစေနိုင်သဖြင့် ဂရုတစိုက်ဆုံးဖြတ်ရန် လိုသည်။ မိခင်တစ်ဦးသည် အလုပ်ထွက်လုပ်ဖို့ လိုသလော။ လိုလျှင် မည်မျှလိုသနည်း။ မိခင်အလုပ်ထွက်လုပ်နေသည့်အခါ သားသမီးများကို မည်သူစောင့်ရှောက်မည်နည်းဟူသည့် မေးခွန်းများကို မေးရန်လိုသည်။ အပြီးသတ်အနေနှင့် မိဘများသည် သားသမီးများအတွက် အကောင်းဆုံးဖြစ်ပြီး ဘုရားသခင့်ရှေ့တော်တွင်လည်း မှန်ကန်သည့်အရာဟု ယုံကြည်ထားသည့်အမှုကို ပြုရမည်ဖြစ်သည်။
သို့ရာတွင် မိခင်များသည် ပညာရှိသောဆုံးဖြတ်ချက်များ ကြိုးစားချမှတ်ရာ၌ မိမိအားအကူအညီပေးမည့်သူမရှိဟု ခံစားရစရာမလိုပေ။ သူတို့သည် ဟေရှာယ ၄၀:၁၁ ပါစကားများမှ နှစ်သိမ့်မှုကို ရယူနိုင်ကြပါသည်၊ ယင်းတွင် ဘုရားသခင်သည် ကလေးငယ်များရှိသော မိခင်များ၏လိုအပ်ချက်များကို အထူးစိတ်ဝင်စားပြီး “ဖြည်းညင်းစွာပို့ဆောင်တော်မူမည်” ဟုဖော်ပြထားသည်။ ဘုရားသခင်သည် သမ္မာကျမ်းစာတွင် မိခင်ဘဝကို ပျော်စရာနှင့် အောင်မြင်မှုဖြစ်စေနိုင်မည့် လမ်းညွှန်ချက်များစွာကို ဖော်ပြပေးခြင်းအားဖြင့် ထိုသို့သောအထူးစိတ်ဝင်စားမှုကို ဖော်ပြထားတော်မူသည်။
❖ အကျိုးသင့်အကြောင်းသင့်ရှိပါ– ခရစ်ယာန်များသည် အကျိုးသင့်အကြောင်းသင့်ရှိသူများဟူသည့် အမည်ရထားသင့်သည်။ (ဖိလိပ္ပိ ၄:၅) စာရေးဆရာမဖြစ်ပြီး မိခင်တစ်ဦးလည်းဖြစ်သည့် ဂျဲနက် ပဲန်လေက ဤမူ၏တန်ဖိုးကို သိရှိခဲ့သည်။ “အမြင့်မားဆုံးမျှော်လင့်ချက်တွေထားပြီး မိခင်ဘဝကို စခဲ့တယ်။ ကျွန်မဟာ ရှိခဲ့ဖူးတဲ့မိခင်တွေထဲမှာ အကောင်းဆုံးမိခင်တစ်ယောက်ဖြစ်ရမယ်ပေါ့။ စာအုပ်မှန်သမျှ ဖတ်၊ ကျွမ်းကျင်သူတွေရဲ့စကားမှန်သမျှ နားထောင်ခဲ့တယ်။ ဒါပေမဲ့ အောင်မြင်တယ်၊ စွမ်းရည်ရှိတယ်လို့ခံစားရမဲ့အစား အရည်အချင်းမမီဘူးလို့ ခံစားရပြီး ဖိစီးမှုပဲ အဖတ်တင်တယ်” ဟု သူက ဆိုသည်။ “တခြားသူတွေရဲ့မျှော်လင့်ချက်မျိုး လိုက်ထားကာ မရမကလုပ်ခြင်းနှင့် ‘အကောင်းဆုံး’ စံနှုန်းတစ်ခုခုနှင့် ကိုယ့်ကိုယ်ကိုအံဝင်အောင် ကြိုးစားခြင်းသည် စိတ်အားမာန်ကို လျော့နည်းစေပြီး စိုးရိမ်မှုနှင့် အပြစ်ရှိသည်ဟူသည့်စိတ်ကို ဖန်တီးပေး” ကြောင်း သူက ရှင်းပြသည်။
❖ ရိုးရှင်းစေပါ– “မိသားစုတို့သည် လက်ရှိ အူယားဖားယား ပြေးလွှားလုပ်ကိုင်နေရသည့် ဘဝပုံစံဝင်နေလျှင် ကလေးဘဝ၏အနှစ်သာရနှင့် မိသားစုဘဝ၏ရွှင်လန်းမှုများ ခံစားရတော့မည်မဟုတ်” ဟုနယူးစ်ဝိခ်သတင်းစာက ရေးသားခဲ့သည်။ ယင်းကြောင့် မိခင်များစွာက ရိုးရှင်းသောဘဝပုံစံကို တောင့်တကြခြင်းဖြစ်သည်။ ယင်းကို သင်မည်သို့ ရရှိနိုင်မည်နည်း။ ဦးဆုံး၊ ဦးစားထားရာများချမှတ်ပြီး သင့်သားသမီးများလိုအပ်သည့် အချိန်၊ ပုဂ္ဂိုလ်ရေးဂရုစိုက်မှုတို့အပါအဝင် “သာ၍အရေးကြီးသောအရာများကို” အာရုံစိုက်ပါ။ (ဖိလိပ္ပိ ၁:၁၀၊ ၁၁၊ ကဘ) ဒုတိယ၊ သင့်ဘဝပုံစံကို အသေအချာဆန်းစစ်ပါ။ သင်အမှန်တကယ် မလိုအပ်သည့် လုပ်ငန်းဆောင်တာများနှင့် ပစ္စည်းများကို ဖယ်ထုတ်ကောင်း ဖယ်ထုတ်ရပေမည်။
သင့်ဘဝတွင် အရေးကြီးဆုံးအရာကား အဘယ်နည်း။ လိုတရဘဝမျိုး ပိုင်ဆိုင်ခြင်းလော၊ သို့မဟုတ် တခြားအရာများကို လိုက်စားနေစဉ် ပန်းတိုင်တချို့ကို ဆိုင်းငံ့ထားနိုင်မည်လော။ ရုပ်ပစ္စည်းအနည်းငယ်သာပိုင်ဆိုင်ထားသည့် မိခင်တစ်ဦးဖြစ်သူ ကယ်ရိုလင်းက သူမည်သို့ ကိုင်တွယ်ခဲ့ပုံကို ဤသို့ပြောပြသည်– “ကျွန်မ အရာရာကို ရိုးရိုးလေးပဲထားပြီး တချို့အသုံးစရိတ်တွေကို လျှော့ချလိုက်တယ်။” ကလေးသုံးဦး၏မိခင်ဖြစ်သူ ဂလိုရီယာက ဤသို့ပြန်ပြောပြသည်– “ကျွန်မတို့မှာ ဈေးကြီးတဲ့အဝတ်အစားတွေ ဝယ်ဖို့ပိုက်ဆံမရှိဘူး၊ ဒါပေမဲ့ သားသမီးတွေအတွက် အဝတ်အစားတွေကို ကျွန်မချုပ်ပေးတယ်၊ ပြီးတော့ ဘယ်သူ့ဆီမှာမှ အဲဒါမျိုး မရှိတဲ့အတွက် အထူးအဝတ်အစားတွေဖြစ်တယ်ဆိုပြီး ကလေးတွေကို ပြောပြထားတယ်။”
ဘုရားသခင့်နှုတ်မြွက်တော်က “ဉာဏ် [“ပိုင်းခြားသိမြင်မှု၊” ကဘ] ကိုစွဲလမ်းသောသူသည်လည်း ကောင်းကျိုးကိုခံတတ်၏” ဟုဆိုထားသည်။ (သု. ၁၉:၈) မကုန်ဆုံးနိုင်သောအပန်းဖြေစရာများ၊ ကိရိယာတန်ဆာပလာများ၊ မိခင်များနှင့် သားသမီးများကို လွှမ်းမိုးနိုင်သည့် ခေတ်ရေစီးကြောင်းများကို ချင့်ချိန်စီမံတတ်ရန် ပိုင်းခြားသိမြင်မှုလိုသည်။ တောင်အာဖရိကမှ မိခင်တစ်ဦးဖြစ်သူ ဂျူးဒိသ်က ဤသို့ဆိုသည်– “ကျွန်မတို့ဟာ ပစ္စည်းအသစ်တွေ၊ ပိုကောင်းတဲ့နည်းပညာ၊ ပိုများတဲ့အခွင့်အလမ်းတွေနဲ့ တရစပ်ထိုးနှက်ခံနေကြရတယ်!” ထိုစိန်ခေါ်ချက်ကို ဂျာမနီနိုင်ငံမှ ကလေးလေးဦး၏မိခင်ဖြစ်သူ အင်ဂျလာ မည်သို့အောင်မြင်ခဲ့ပုံကို ဤတွင်ဖော်ပြထားသည်– “ဘယ်အရာတွေဟာ ကိုယ့်အတွက် မရှိမဖြစ်တဲ့အရာနဲ့ အသုံးဝင်တဲ့အရာတွေဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ရမယ်၊ ပြီးတော့ သင့်သားသမီးတွေကိုလည်း အဲဒီအတိုင်းလုပ်ဖို့ ကူညီပေးရမယ်။”
သု. ၃:၂၁၊ ခေတ်ပြိုင်ကျမ်း) သင်သည် လောလောဆယ်တွင် အလုပ်ထွက်လုပ်နေရလျှင် သင့်ခင်ပွန်း၏ဝင်ငွေမျှဖြင့် သင့်မိသားစုရပ်တည်နိုင်သလော။ ဤမေးခွန်းကို ဖြေဆိုနိုင်ရန် အခွန်များ၊ ကလေးစရိတ်၊ အလုပ်အသွားအပြန်စရိတ်၊ အဝတ်အစား၊ အပြင်တွင် စားစရိတ်နှင့် တခြားအကုန်အကျများကို နုတ်ပြီးနောက် သင့်အသားတင်ငွေမည်မျှကျန်ကြောင်း စိစစ်ပါ။ ထို့အပြင် သင်တို့နှစ်ဦးပေါင်း၏ဝင်ငွေသည် ဝင်ငွေမြင့်သောအဆင့်တွင် ရှိမည်ဆိုလျှင် သင့်ခင်ပွန်း၏ဝင်ငွေအတွက် ပေးဆောင်ရမည့် အခွန်နှုန်းမြင့်သွားရာ ကျန်ငွေအနည်းငယ်သာရှိတော့၍ သင် အံ့အားသင့်သွားနိုင်သည်။
❖ ပြောင်းလဲနိုင်သည့်အရာများကို ပြောင်းလဲပစ်ပါ– “သာမန်အသိနှင့် ကြောင်းကျိုးခိုင်လုံသော ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ကို အသုံးပြုပါ” ဟုသမ္မာကျမ်းစာက သတိပေးထားသည်။ (တချို့အလုပ်သည် အလုပ်ချိန်လျော့မည် သို့မဟုတ် အိမ်နှင့်ပိုနီးပြီး ဝင်ငွေပိုနည်းသွားသော်လည်း သားသမီးများကို အချိန်ပိုပေးနိုင်မည်ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်မလုပ်တော့ဖို့ဆုံးဖြတ်လျှင် သင်သည် တန်ဖိုးရှိသည်၊ ပြီးမြောက်အောင်မြင်သည်ဟူသည့် အသိအတွက် သင့်အလုပ်သည် အရေးပါနေလျှင် ဤအရည်အသွေးများကို အိမ်တွင်နေရင်း မည်သို့ထိန်းသိမ်းထားနိုင်ကြောင်း စဉ်းစားပါ။
❖ အကူအညီရယူပါ– ဘုရားသခင့်နှုတ်မြွက်တော်က ‘အော်ဟစ်အကူအညီတောင်း’ လျှင် ရနိုင်ကြောင်း ထပ်ခါတလဲ ဖော်ပြထားသည်။ (ထွက်မြောက်ရာ ၂:၂၃၊ ၂၄; ဆာလံ ၃၄:၁၅) မိခင်တစ်ဦးတောင်းသည့် အကူအညီကို ခင်ပွန်းက ပေးသင့်ပါသည်။ သူ၏ပူးပေါင်းလုပ်ဆောင်မှုဖြင့် သင်တို့သားသမီးများအရေးအတွက် အသင့်ရှိနေစေရေးကဲ့သို့သော ပန်းတိုင်များကိုချမှတ်ကြပြီး အရောက်လှမ်းနိုင်စေရန် အိမ်မှုကိစ္စများကို အတူတကွလုပ်ဆောင်သည့်စနစ်ကို တည်ဆောက်နိုင်ပေမည်။ ဖြစ်နိုင်မည်ဆိုလျှင် မိခင်တစ်ဦးသည် မိသားစု၊ စိတ်ဝင်စားမှုများ၊ ပန်းတိုင်များတူသည့် မိတ်ဆွေများအပါအဝင် တခြားသူတို့နှင့် အကူအညီအဆက်အသွယ်ကိုလည်း ရယူထားသင့်သည်။
❖ မိခင်များစွာသည် ဒေသခံခရစ်ယာန်အသင်းတော်မှ ယုံကြည်သူချင်းများ၏ အဖိုးတန်သောပံ့ပိုးမှုကို ရရှိထားကြသည်။ ကလေးသုံးဦး၏မိခင်ဖြစ်သူ မာရီယာက “ဘုရားသခင် ကျွန်မတို့ကို မေတ္တာနှင့် ထောက်ထားစာနာမှုပြပြီး စိုးရိမ်ပေးကြောင်းပြတဲ့” နည်းလမ်းတစ်ခုမှာ “အသင်းတော်နှင့်အနီးကပ်နေခြင်း” ဖြစ်ကြောင်း သိမှတ်ခဲ့သည်။
❖ အပန်းဖြေချိန် ထားပါ– ကိုယ်ခံအားအလွန်ကောင်းသည့် စုံလင်သောလူသား ယေရှုပင်လျှင် မိမိ၏တပည့်များအား “တော၌ဆိတ်ကွယ်ရာအရပ်သို့လာကြ။ ခဏအားဖြည့်၍ငြိမ်သက်စွာနေကြ” ရန်ဖိတ်ခေါ်ခဲ့သည်။ (မာကု ၆:၃၀-၃၂) မိခင်တစ်ဦးအနေနှင့် အောင်မြင်မှုသည် မိမိပေးရမည့်အချိန်များကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်စွမ်းပေါ် မူတည်သည်။ သင့်သားသမီးများသည် သင့်အား လိုအပ်ကြသည်မှန်သော်လည်း သူတို့ဘက်မှာ သင့်အား ပြန်၍ပျော်ရွှင်ကျေနပ်မှုပေးဖို့လည်းလိုသည်။ သင်သည် အတော်အသင့်အပန်းဖြေရန် လိုသည်။
အစောပိုင်းတွင် ဖော်ပြခဲ့သည့် အင်ဂျလာ၌ အပန်းဖြေမှုအတွက် အစီအစဉ်တစ်ခု ရှိခဲ့သည်– “ကျွန်မက နံနက်ပိုင်း တိတ်ဆိတ်တဲ့အချိန်ကို သတ်မှတ်ထားတယ်။ ကျွန်မအတွက် အနည်းဆုံး နာရီဝက်လောက် အချိန်ယူတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ သားသမီးတွေကို အိမ်ထဲ တခြားတစ်နေရာရာမှာ နေခိုင်းပြီး တစ်ခုခုလုပ်ခိုင်းတဲ့အချိန်မှာ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ တစ်ပတ်ကို တစ်ညနေ ဒါမှမဟုတ် နှစ်ညနေ အချိန်ရတယ်။ ဒါကြောင့် ကျွန်မတို့အတွက် အချိန်တစ်နာရီရနိုင်တယ်။”
❖ ဝိညာဉ်ရေးကို ဦးထိပ်ထားပါ– မိခင်ဘဝ၏စိန်ခေါ်ချက်များသည် ရည်ရွယ်ချက်မဲ့မှုနှင့် ဦးစားထားရာများမရှိမှုတို့ကြောင့် ပိုမိုဆိုးရွားနိုင်ကြောင်း တွေ့ ရှိခဲ့ကြသည်။ ခရစ်ယာန်မိသားစုများသည် ၎င်းတို့၏အသက်တာတွင် ဘုရားသခင့်အလိုတော်ကို ရှေ့ဦးထားရန် အတူတကွ လုပ်ဆောင်ကြသည့်အခါ ပျော်ရွှင်မှုခံစားကြရသည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသောအကျိုးကိုမပေးတတ်။ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းမူကား၊ ယခုဘဝ၊ နောင်ဘဝနှင့်စပ်ဆိုင်သော ကတိတော်ကိုရသည်။” (၁ တိမောသေ ၄:၈) ဘုရားသခင်ဝတ်၌ မွေ့လျော်ပြီး သမ္မာကျမ်းစာပါ ဘုရားသခင့်လမ်းညွှန်မှုကို လိုက်လျှောက်သောမိသားစုသည် ပျော်ရွှင်မှုခံစားရပါမည်။ ကျမ်းစာမူများကို မိသားစုတွင် တစ်ဦးတည်းက ကျင့်သုံးလျှင်ပင် မည်သူမျှမကျင့်သုံးခြင်းထက် ပိုမိုကောင်းမွန်တတ်သည်။
အချိန်ပြည့်အလုပ်လုပ်သော ခရစ်ယာန်မိခင်တစ်ဦးဖြစ်သူ အဒဲလ်သည် ဝိညာဉ်ရေးစိတ်ဓာတ်ရှိခြင်း၏ အကျိုးကျေးဇူးများကို သိရှိခဲ့သည်။ သူ ဤသို့ဆိုသည်– “ကျွန်မတို့ရဲ့ သားသမီးတွေ ဘာတွေကြုံတွေ့နေရပြီး ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို ပညာပေးဖော်ပြထားတဲ့ ကျမ်းစာအခြေပြုစာပေတွေမှာ လမ်းညွှန်မှုနဲ့ အချက်အလက် မြောက်မြားစွာကို ကျွန်မတို့ ရရှိထားတယ်။ သင်ဝိညာဉ်ရေးရာ ကျွေးမွေးနေတာကို သင့်သားသမီးတွေတုံ့ပြန်နေကြတာကို တွေ့မြင်ရခြင်းက လုပ်ရကျိုးနပ်စေတယ်။ သူတို့ရဲ့ ကျင့်ကြံပုံ၊ ကျိုးကြောင်းဆင်ခြင်ပုံတွေမှာ တိုးတက်မှုလေးတွေတွေ့လာရတဲ့အခါ သူတို့ဟာ လက်ခံကျင့်သုံးနေတယ်၊ သင့်ကြိုးစားမှုအောင်မြင်နေတယ်ဆိုတာကို သိလိုက်ရပြီပေါ့။” *
မှန်ပါသည်၊ မိခင်ဘဝ၏ တန်းကျော်ပြေးပွဲကို အောင်မြင်စွာ ပြေးနိုင်ပါသည်။ ဘုရားသခင်ကို ကိုးစားသည့် လုံ့လဝီရိယစိုက်ထုတ်ပြီး ကိုယ်ကျိုးစွန့်သည့်မိခင်များ၏ ကြိုးစားအားထုတ်မှုများသည် အချည်းနှီးဖြစ်မည်မဟုတ်ကြောင်း ကိုယ်တော်က အားတက်စရာ အာမခံချက်ပေးထားတော်မူသည်။ ကိုယ်တော်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးကို ပျိုးထောင်သည့် မိခင်များသည် “မောသောသူတို့အား ခွန်အားကိုပေးတော်မူ” မည်ဟူသည့် ကိုယ်တော့်ကတိတော်မှ နှစ်သိမ့်မှုရယူနိုင်ပါသည်။—ဟေရှာယ ၄၀:၂၉။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 ယေဟောဝါသက်သေများသည် သားသမီးများအား လေ့ကျင့်ပေးရေးအတွက် ကျမ်းစာအခြေပြုစာပေ အတော်များများကို ထုတ်ဝေခဲ့ပြီဖြစ်သည်။ ယင်းတို့တွင် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ လူငယ်များအမေး—တာသွားသည့်အဖြေနှင့် မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်တို့ပါဝင်သည်။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]
မိခင်၏သြဇာ
မိခင်တစ်ဦးအနေနှင့် သင်သည် သင့်သားသမီး၏အသက်တာအပေါ် မည်မျှသြဇာလွှမ်းမိုးကြောင်း တစ်ခါတစ်ရံ စဉ်းစားမိပေသည်။ ရံဖန်ရံခါ ရွယ်တူချင်း၊ ဆရာ/မများ၊ ဖျော်ဖြေမှု၊ ဗီဒီယိုဂိမ်းများနှင့် တေးဂီတတို့၏သြဇာသည် သင့်သြဇာထက် အလေးသာနေပုံပေါက်ပေမည်။
မောရှေ၏မိခင် ယောခေဗက်၏နမူနာကို သုံးသပ်ကြည့်ပါ။ သူသည် ခဲယဉ်းလွန်းသည့်ကာလတွင် အသက်ရှင်နေထိုင်ခဲ့သူဖြစ်ပြီး သားဖြစ်သူ ဘာဖြစ်လာမည်နှင့် ပတ်သက်၍ အခွင့်အာဏာ အပြည့်အဝ မရှိခဲ့ချေ။ သို့တိုင် သူသည် သား၏ကြီးထွားလာပုံကို ပုံသွင်းပေးရန် ရသမျှအခွင့်အရေးတိုင်းကို အသုံးပြုခဲ့သည်။ ဦးဆုံး၊ သူသည် ရဲရင့်သော ယုံကြည်ခြင်းမွေးကာ မောရှေကို မသတ်ပစ်စေဘဲ ထားခဲ့သည်။ ဘုရားသခင်သည် ကလေးငယ်၏အသက်ကို စောင့်ရှောက်ပေးခဲ့ရုံသာမက ယောခေဗက်ကို ကလေးထိန်း—နှင့်မိခင်—အဖြစ် ထမ်းဆောင်ခွင့်ပေးသည့်အခြေအနေများ ဖန်တီးပေးခြင်းအားဖြင့် သူ၏ယုံကြည်ခြင်းကို ဆုချခဲ့သည်။—ထွက်မြောက်ရာ ၁:၁၅၊ ၁၆; ၂:၁–၁၀။
ယောခေဗက်သည် သားဖြစ်သူ၏ဥပဓိရုပ်ကို ပုံသွင်းရန် ကူညီပေးခဲ့ကြောင်း ထင်ရှားပါသည်။ အရွယ်ရောက်လာသော မောရှေသည် အီဂျစ်နန်းတွင်းသားဖြစ်လင့်ကစား ဟေဗြဲလူမျိုးများနှင့် သူတို့ဘုရားသခင်၏ဘက်တော်သားဖြစ်ကြောင်းပြခဲ့ခြင်းက သူကြီးပြင်းလာစဉ်ကာလအတွင်း မိဘများ၏သြဇာလွှမ်းမိုးမှုကို ခံခဲ့ရကြောင်း သက်သေထူသည်။—ဟေဗြဲ ၁၁:၂၄–၂၆။
မိခင်တစ်ဦးအနေနှင့် သင်သည် ယောခေဗက်ထက် သင့်ကလေးအပေါ် ပို၍သြဇာလွှမ်းမိုးနိုင်သည့် အခွင့်အလမ်းများစွာ ရနိုင်စရာရှိပါသည်။ သင့်ကလေး၏ တိုတောင်းသောကလေးဘဝအတွင်း အခွင့်အရေးရယူကာ တည်မြဲသောဘုရားသခင်ရေးရာလမ်းညွှန်မှုများ ပေးနေပါသလော။ သို့တည်းမဟုတ် သင့်ကလေး၏ကြီးထွားမှုအပေါ် ခေတ်စားနေသည့်အယူအဆကို လွှမ်းမိုးခွင့်ပြုနေပါသလော။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]
အိမ်မှုကိစ္စများတွင် အခြားသူများကို ပါဝင်လုပ်ကိုင်စေပါ၊ ကိုယ်ပိုင်အချိန် ထားပါ၊ ဝိညာဉ်ရေးရာကို ဦးထိပ်ထားပါ