ဒေါသအမျက်ကြီးသောခေတ်ကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း
ဒေါသအမျက်ကြီးသောခေတ်ကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း
ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပရာဂ်မြို့ရှိ အရက်ဆိုင်တစ်ဆိုင်တွင် လူတစ်ဦး ထိုင်နေစဉ် သေနတ်နှင့် ပစ်သတ်ခံရသည်။ အဘယ်ကြောင့်နည်း။ အသတ်ခံရသူ ဖွင့်ထားသော ကက်ဆက်သံကျယ်လွန်းရာ သေနတ်သမား စိတ်အနှောင့်အယှက်ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ ယာဉ်မောင်းတစ်ဦးသည် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့ရှိ လမ်းဆုံလမ်းခွတစ်နေရာတွင် ဟော်ကီတုတ်နှင့် ရိုက်သတ်ခံရ၏။ ရိုက်သတ်သူသည် ရိုက်သတ်ခံရသူက သူ့ကို ကားရှေ့မီးများဖြင့် ထိုးလိုက်သောကြောင့် စိတ်ဆိုးခဲ့ပုံရသည်။ ဩစတြေးလျနိုင်ငံတွင် နေထိုင်သော ဗြိတိသျှသူနာပြုတစ်ဦး၏ ဒေါသထွက်နေသော ရည်းစားဟောင်းသည် အိမ်ရှေ့တံခါးကို ဆောင့်ကန်ဝင်လာပြီး သူ့ကို ဓာတ်ဆီလောင်း၍ မီးရှို့သတ်ခဲ့သည်။
လမ်းပေါ်ဒေါသကြီးခြင်း၊ အိမ်တွင်းဒေါသကြီးခြင်း၊ ဝေဟင်ဒေါသကြီးခြင်း အစရှိသော ဒေါသကြီးခြင်းမှတ်တမ်းများကို ပုံကြီးချဲ့နေခြင်းလော။ သို့မဟုတ် အဆောက်အဦတစ်ခု၏ နံရံများပေါ်မှ ပက်ကြားအက်ကြောင်းများကဲ့သို့ ယင်းတို့သည် စိုးရိမ်ဖွယ်အခြေခံပြဿနာ၏ ထင်ရှားသောသတိပေးချက်များသာ ဖြစ်သလော။ အချက်အလက်များက ဒုတိယမေးခွန်းမှန်ကန်ကြောင်း ဖော်ပြ၏။
လမ်းပေါ်တွင် “အကြမ်းဖက်ယာဉ်အဖြစ်အပျက်များ၏ မှတ်တမ်းများသည် ၁၉၉၀ ပြည့်နှစ်ကတည်းက တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းနီးပါး တိုးလာသည်” ဟုယာဉ်သွားလာရေးလုံခြုံမှုဆိုင်ရာ အမေရိကန်မော်တော်ယာဉ်အသင်း (အေအေအေ) ဖောင်ဒေးရှင်းမှ မကြာသေးမီမှတ်တမ်းတစ်ခုက ဖော်ပြသည်။
အိမ်တွင်းဒေါသကြီးခြင်းသည် နေရာအနှံ့ပေါ်ပေါက်လျက်ရှိသည်။ ဥပမာ၊ ၁၉၉၈ ခုနှစ်အတွင်း မှတ်တမ်းတင်ထားသော အိမ်တွင်းအကြမ်းဖက်အမှုတွဲများတွင် ၅၀ ရာခိုင်နှုန်း တိုးလာသည်ကို ဩစတြေးလျ၊ နယူးဆောက်ဝေးလ်ပြည်နယ်ရှိ ရဲက တွေ့မြင်ခဲ့သည်။ လက်ထပ်ထားသော သို့မဟုတ် လက်မထပ်ဘဲအတူနေသော ထိုနိုင်ငံရှိ အမျိုးသမီးလေးဦးလျှင် တစ်ဦးသည် အိမ်ထောင်ဖက်၏ အကြမ်းဖက်မှုကို ခံခဲ့ရ၏။
ဝေဟင်တွင်လည်း အလားတူပင် ဖြစ်ပျက်၏။ လေကြောင်းခရီးသည်များသည် အမှုထမ်းများ၊ ခရီးသည်အချင်းချင်းအပြင် လေယာဉ်မှူးများကိုပင် ရုတ်တရက်အမျက်ထွက်၍ တိုက်ခိုက်ကြရာ ကမ္ဘာ့အဓိကလေကြောင်းအချို့သည် ဒေါသတကြီးတိုက်ခိုက်သူများကို သူတို့ခုံတွင် ချုပ်နှောင်ရန် အထူးကြိုးများကို လေယာဉ်ဝန်ထမ်းများအား ပေးထားသည်။
တိုးများလာသောလူတို့သည် သူတို့၏စိတ်လှုပ်ရှားမှုကို အဘယ်ကြောင့် မချုပ်တည်းနိုင်ကြသနည်း။ အဆိုပါဒေါသကြီးသောလုပ်ရပ်များကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။ ဤစိတ်ခံစားမှုများကို ထိန်းရန် အမှန်ပင်ဖြစ်နိုင်သလော။
အဘယ်ကြောင့် ဒေါသကြီးရသနည်း
ဒေါသကြီးခြင်းဟူသည် အလွန်အမင်းစိတ်ဆိုးခြင်း သို့မဟုတ် ဒေါသပေါက်ကွဲခြင်းဖြစ်သည်။ ဒေါသကြီးသောလုပ်ရပ်များသည် ကြမ်းတမ်းသောစိတ်လှုပ်ရှားမှု ဖြစ်စေသည့်အထိ ဒေါသထွက်ရာမှ ဖြစ်ပေါ်လာ၏။ “အဖြစ်အပျက်တစ်ခုလေးအတွက်နဲ့ ယာဉ်မောင်းတွေ အကြမ်းဖက်ရန်ဖြစ်ကြတာမဟုတ်ဘူး။ ယာဉ်မောင်းတွေရဲ့ စိတ်သဘောထားတွေနဲ့ သူတို့ဘဝမှာ ဖိစီးမှုများလွန်းလို့ ဖြစ်ပုံရတယ်” ဟုယာဉ်သွားလာရေးလုံခြုံမှုဆိုင်ရာ အေအေအေဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေးဗစ် ကေ. ဝေးလစ္စကဆို၏။
ဤသို့ဖိစီးမှုစုပုံလာရခြင်းသည် နေ့စဉ် ကြားသိရမည့် များလှစွာသော သတင်းအချက်အလက်များကြောင့်ဖြစ်သည်။ သတင်းအချက်အလက်များလွန်း စာအုပ်၏နောက်ကျောအဖုံးတွင် ဒေးဗစ် လူးဝိစ္စက ဤသို့ဖော်ပြသည်– “ယနေ့ အလုပ်သမားများစွာသည် အချက်အလက်များစွာနှင့် နစ်မွန်းနေကြ၏။ . . . သတင်းအချက်အလက်များလွန်းလာရာ သူတို့သည် ဖိစီးမှုများလာသည်၊ မဆင်မခြင်ပြုလုပ်လာကြသည်၊ ရှုပ်ထွေးသွားကြသည်။” ဤအချက်အလက်များစွာ၏ သာဓကတစ်ခုကို ကိုးကားပြီး သတင်းစာတစ်စောင်က ဤသို့ဖော်ပြ၏– “ကြားရက်ထုတ် သတင်းစာတစ်စောင်တွင်ပါသော သတင်းအချက်အလက်သည်
၁၇ ရာစုနှစ်တွင်ရှိ သာမန်လူတစ်ဦးအား တစ်သက်တာဖော်ပြထားရာတမျှ များပြားသည်။”ကျွန်ုပ်တို့ပါးစပ်များထဲ သွင်းရာသည်လည်း အမျက်ဒေါသကို ဆွပေးနိုင်ပေမည်။ တိုးများနေသော ရန်လိုမှုသည် စီးကရက်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကျန်းမာရေးနှင့်မညီသော ဓာတ်စာတစ်မျိုးတို့နှင့် ဆက်နွှယ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှုနှစ်ခုက ဖော်ပြ၏။ ပျံ့နှံ့လျက်ရှိသော အဆိုပါဘဝပုံစံစရိုက်များသည် စိတ်ဖိစီးမှုနှင့် စိတ်အလိုမကျခြင်းတို့ကို ဖြစ်ပေါ်စေသည်—ဆဲဆိုခြင်း၊ စိတ်တိုခြင်းနှင့် သည်းမခံနိုင်ခြင်းပုံစံဖြင့် ထွက်ပေါ်လာသည့် စိတ်အလိုမကျခြင်းဖြစ်သည်။
ရိုင်းစိုင်းသော အပြုအမူများနှင့် ရုပ်ရှင်များ
ဩစတြေးလျပြစ်မှုဗေဒအဖွဲ့ (အေအိုင်စီ) မှဒါရိုက်တာဖြစ်သူ ဒေါက်တာ အေဒမ် ဂရေကာရ်သည် ရိုင်းစိုင်းမှုနှင့် ရာဇဝတ်မှုတို့စပ်ကြား ဆက်စပ်မှုကို ဝေဖန်ကာ ဤသို့ဖော်ပြသည်– “ရိုသေလေးစားမှုနှင့် ယဉ်ကျေးသိမ်မွေ့မှုတို့ကို ထမ်မံအာရုံစိုက်ခြင်းသည် အသေးအမွှားရာဇဝတ်မှု လျော့ချရေးအတွက် အရေးကြီးဆုံးခြေလှမ်းတစ်လှမ်း ဖြစ်ပေမည်။” ထိုအဖွဲ့က စိတ်ရှည်ရန်၊ သည်းခံရန်နှင့် ဆဲဆိုခြင်းကိုရှောင်ကြဉ်ရန် ထောက်ခံပြောဆို၏။ ထိုသို့မပြုလုပ်လျှင် မူမမှန်သောအကျင့်ကို ရာဇဝတ်မှုသို့ ပြောင်းလဲပစ်နိုင်၏ဟု ဆိုသည်။ လူအများသည် စိတ်အလိုမကျမှုနှင့် စိတ်ဖိစီးမှုတို့ လျော့ပါးစေရန် ရွေးချယ်လိုက်သော စိတ်ဖြေနည်းသည် အမှန်တွင် စိတ်တိုပြီး ဒေါသကြီးစေရန် တွန်းအားပေးသည်။ မည်သို့အားဖြင့်နည်း။
“ကလေးများနှင့် လူကြီးများသည် သေခြင်းနှင့် ဖျက်ဆီးခြင်း ပြကွက်များကို ရှုစားရန် ရုပ်ရှင်ရုံများသို့ စုပြုံသွားရောက်ကြသည်။ အကြမ်းဖက်ဗီဒီယိုဈေးကွက်သည် ကျယ်ပြန့်ပြီး စီးပွားဖြစ်ထွန်း၏။ ‘စစ်အရုပ်ကစားစရာများ’ ကိုမိဘများက အမြဲတမ်းမနှစ်သက်ကြသော်လည်း ကလေးများက သဘောကျကြသည်။ ရုပ်မြင်သံကြားမှထုတ်လွှင့်သော အကြမ်းဖက်ဇာတ်ကားများကို လူကြီးရော၊ ကလေးများပါ အလွန်နှစ်သက်ကြသည်၊ ယဉ်ကျေးမှုစံနှုန်းများကို ထုတ်လွှင့်ပေးရာတွင် ရုပ်မြင်သံကြားသည် အဓိကကဏ္ဍတစ်ခုဖြစ်၏” ဟူ၍ အေအိုင်စီ အစီရင်ခံစာတစ်ခုက ဖော်ပြသည်။ ယင်းသည် လမ်းပေါ်နှင့် အိမ်တွင်း ဒေါသပေါက်ကွဲခြင်းနှင့် မည်သို့ဆက်စပ်သနည်း။ ထိုအစီရင်ခံစာက ဤသို့ဆင်ခြင်သုံးသပ်သည်– “လူ့ဘောင်အဖွဲ့အစည်းတစ်ခုသည် အကြမ်းဖက်မှုကို အရေးမယူဘဲ လျစ်လျူရှုထားလျှင် ထိုလူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ လူတို့၏စံနှုန်းများသည် ထိုသို့နှင့်အညီ ဖြစ်ပေါ်လာလိမ့်မည်။”
ယနေ့ လူအများက ဒေါသထွက်ခြင်းသည် ဖိစီးမှုကို သဘာဝအလျောက် တုံ့ပြန်ခြင်း၊ ကျွန်ုပ်တို့၏ ဖိစီးမှုများလွန်းသော၊ ရန်လိုသော လူ့ဘောင်အဖွဲ့အစည်းကို မလွှဲမရှောင် တုံ့ပြန်ခြင်းမျှသာဖြစ်သည်ဟု ဆင်ခြေပေးကြပေမည်။ ထို့ကြောင့် “ဒေါသထွက်လျှင် မထိန်းချုပ်နှင့်” ဟူသော လူကြိုက်များသည့် ယူဆချက်သည် အမှန်ပင် အကြံဉာဏ်ကောင်း ဖြစ်သလော။
ဒေါသကြီးခြင်းကို ထိန်းချုပ်သင့်သလော
ပေါက်ကွဲတတ်သော မီးတောင်တစ်လုံးသည် ၎င်းအနီးပတ်ဝန်းကျင်တွင် နေထိုင်သူများကို အကြီးအကျယ်ဘေးသင့်စေသကဲ့သို့ ဒေါသပေါက်ကွဲသူတစ်ဦးသည် သူ့ပတ်ဝန်းကျင်ရှိ သူများကို အန္တရာယ်ရှိစေ၏။ သူကိုယ်တိုင်လည်း ထိခိုက်နစ်နာ၏။ မည်သည့်နည်းဖြင့်နည်း။ “ဒေါသထွက်ခြင်းသည် ပို၍ပင် ရန်လိုစိတ်ကို ဖြစ်ပေါ်စေ၏” ဟူ၍ အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဂျာနယ် (ဂျေအေအမ်အေ) ကဖော်ပြသည်။ သုတေသနပြုချက်အရ ဒေါသထွက်သော အမျိုးသားများသည် “ဒေါသမထွက်သူများထက် အသက် ၅၀ တွင်ပို၍ သေနိုင်ဖွယ်ရှိသည်။”
အမေရိကန်နှလုံးဘက်ဆိုင်ရာအဖွဲ့အစည်းကလည်း ထိုနည်းတူစွာဖော်ပြ၏– “ဒေါသပေါက်ကွဲသော အမျိုးသားများသည် ဒေါသအမျက်ကို ထိန်းချုပ်သော အမျိုးသားများထက် လေဖြတ်နိုင်သည့်အန္တရာယ် နှစ်ဆရှိသည်။” အဆိုပါသတိပေးချက်များသည် အမျိုးသားရော၊ အမျိုးသမီးများနှင့်ပါ သက်ဆိုင်၏။
မည်သည့်အကြံပြုချက်သည် အမှန်တကယ် အကျိုးသက်ရောက်မှုရှိသနည်း။ လောကအာဏာပိုင်များ၏ အကြံပြုချက်နှင့် ကျယ်ပြန့်စွာထုတ်ဝေထားသည့် လူမှုဆက်ဆံရေးအပေါ် အခွင့်အာဏာရှိသော သမ္မာကျမ်းစာ၏အကြံပြုချက်စပ်ကြား ဆင်တူချက်များကို သတိပြုပါ။
အမျက်ဒေါသကို ချုပ်ထိန်းလော့ —ဒေါသကြီးခြင်းကို ရှောင်လော့
ဒေါက်တာရက်ဖော့ဒ် ဘီ. ဝီလျံသည် ဂျေအေအမ်အေ စာအုပ်တွင် ဤသို့ဖော်ပြ၏– “ရိုးရှင်းသောအကြံပြုချက်မှာ ‘ဒေါသထွက်သောအခါ ဖွင့်ထုတ်လိုက်’ ခြင်းသည် . . . အကူအညီဖြစ်နိုင်ဖွယ်မရှိချေ။ သာ၍အရေးကြီးသည်မှာ သင့်ဒေါသကို ဆန်းစစ်ရန် သင်ယူပြီးနောက် ထိန်းချုပ်ခြင်းဖြစ်သည်။” သင့်ကိုယ်ကိုသင် ဤသို့မေးရန် သူအကြံပြုသည်– “(၁) ဤအခြေအနေသည် ကျွန်ုပ်အတွက် အရေးပါသလော။ (၂) ကျွန်ုပ်၏စဉ်းစားတွေးခေါ်မှုများနှင့် ခံစားချက်များသည် အရှိအတိုင်း အချက်မှန်များနှင့် ကိုက်ညီ၏လော။ (၃) ဒေါသမထွက်မိရန် ဤအခြေအနေကို ပြုပြင်ပြောင်းလဲနိုင်သလော။”
သု. ၁၄:၂၉; ၂၉:၁၁ “စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား အထူးသဖြင့် မိုက်ပေ၏။ မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။”
ဧဖက် ၄:၂၆၊ ၂၇ “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။”
ဖရန့်ခ် ဒေါနဗန်သည် သူ၏ ဒေါသအမျက်ကို ကိုင်တွယ်ဖြေရှင်းခြင်း—အမျိုးသားများအတွက် ဖြေရှင်းနည်းလမ်းညွှန် စာအုပ်တွင် ဤသို့ဖော်ပြသည်– “ဒေါသကိုရှောင်ခြင်း—သို့မဟုတ် ပို၍သတ်သတ်မှတ်မှတ်ဆိုရလျှင် သင်၏ဒေါသထွက်စရာဖြစ်ရပ်တွင်ရှိသည့် နေရာနှင့် သူများကိုရှောင်ခြင်း—သည် ဒေါသအရှိန်အမြင့်ဆုံးအချိန်တွင် အထူးအရေးပါသည့် မဟာဗျူဟာတစ်ခုဖြစ်သည်။”
သု. ၁၇:၁၄၊ သမ “ရန်တွေ့ခြင်းသည် စကားသွန်းလောင်းခြင်းက စ၍ဖြစ်သောကြောင့် ရန်မတွေ့မီ ခုခံငြင်းခုံခြင်းကို စွန့် [“ထွက်ခွာ၊” ကဘ] လော့။”
လူသာပဓာနဝါဒီ ဂျာနယ်စာအုပ်တွင် ရေးသားသော ဘာထရမ် ရော့စ်ချားတ်က ဤသို့ဆို၏– “ဒေါသသည် . . . အဓိအားဖြင့် မိမိအပေါ်မူတည်၏။ ဒေါသဖြစ်လာရသည့် အကြောင်းများသည် ကျွန်ုပ်တို့၏စိတ်ထဲတွင် ရှိနေ၏။ . . . ဒေါသကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများစွာနှင့်နှိုင်းယှဉ်လျှင် ကောင်းကျိုးနည်းပါးလှသည်။ ဒေါသကိုမထွက်စေဘဲ ခံစားခြင်းက သာ၍ကောင်း၏။
ဆာလံ ၃၇:၈ “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ်မရှိစေနှင့်။”
သု. ၁၅:၁၊ သမ “ဖြည်းညင်းစွာ ပြန်ပြောခြင်းသည် ဒေါသကို ငြိမ်းစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကို နှိုးဆော်တတ်၏။”
သု. ၂၉:၂၂၊ သမ “အမျက်ထွက်လွယ်သောသူသည် ရန်ကိုနှိုးဆော်တတ်၏။ ဒေါသပြင်းထန်သောသူလည်း လွန်ကျူးမှု များစေတတ်၏။”
ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီ ယေဟောဝါသက်သေများသည် အထက်ပါဆုံးမစကားကို ထောက်ခံကြသည်။ သင့်ဒေသရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကျင်းပနေသော အစည်းအဝေးများကို တက်ရောက်ရန်၊ ဒေါသအမျက်ကြီးသောခေတ်တွင် ကျွန်ုပ်တို့နေထိုင်နေရသော်လည်း သမ္မာကျမ်းစာအကြံပြုချက်နှင့်အညီ နေထိုင်ခြင်းသည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှုရှိကြောင်း အသင်ကိုယ်တိုင် တွေ့မြင်ရန် ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ပေါက်ကွဲသော မီးတောင်တစ်လုံးကဲ့သို့ ဒေါသကြီးခြင်းကို မထိန်းချုပ်နိုင်သောလူတစ်ဦးသည် ထိခိုက်နစ်နာ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာအကြံပြုချက်သည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှုရှိ