ဘဝကို လူတို့အရှုံးပေးရသည့်အကြောင်း
ဘဝကို လူတို့အရှုံးပေးရသည့်အကြောင်း
“ကိုယ့်အကြောင်းနှင့်ကိုယ် သေကြောင်းကြံကြသည်– လွန်စွာလျှို့ဝှက်ကာ၊ မသိရှိနိုင်ဘဲ ထိတ်လန့်ဖွယ်ဖြစ်သည်။”—စိတ်ရောဂါအထူးကုဆရာဝန် ကေ ရက်ဒ်ဖီးလ် ဂျေမီဆန်။
“အသက်ရှင်ရခြင်းသည် ဆင်းရဲခြင်းဖြစ်၏။” ယင်းသည် ၂၀ ရာစုအစောပိုင်းက လူကြိုက်များခဲ့သော ဂျပန်စာရေးဆရာ ရူးနိုစူကေ အကူတဂါဝါက ကိုယ့်ကိုယ်ကိုမသတ်သေမီလေးတွင် ရေးသားခဲ့သည့်စကားဖြစ်သည်။ သို့ရာတွင် ဤစကားများဖြင့် အစပျိုးခဲ့သည်– “တကယ်တော့ ကျွန်တော်မသေချင်ပါဘူး၊ ဒါပေမဲ့ . . . ။”
အကူတဂါဝါကဲ့သို့ပင် သေကြောင်းကြံသူများစွာသည်လည်း အမှန်မှာ သေလိုသည့်ဆန္ဒမရှိကြပါ၊ “ဖြစ်ပျက်နေသမျှကို အဆုံးတိုင်” စေလိုကြခြင်းသာဖြစ်သည်ဟု စိတ္တဗေဒပါမောက္ခတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။ ကိုယ့်ကိုယ်ကိုသတ်သေမှုတွင် အတွေ့ရဆုံးစကားမှာ အထက်ပါအတိုင်းဖြစ်သည်။ ‘ကျွန်တော်မခံနိုင်တော့ဘူး’ သို့မဟုတ် ‘ဘာကြောင့် ဆက်အသက်ရှင်ရဦးမှာလဲ’ ဟူသောစကားများသည် ဘဝ၏ခက်ထန်ကြမ်းတမ်းမှုများမှ လွတ်မြောက်လိုသည့်ဆန္ဒပြင်းပြကြောင်း ဖော်ပြသည်။ သို့သော် ကျွမ်းကျင်သူတစ်ဦး ဖော်ပြခဲ့သကဲ့သို့ပင် ကိုယ့်ကိုယ်ကိုသေကြောင်းကြံခြင်းသည် “သာမန်အအေးမိခြင်းကို နျူကလီးယားဗုံးတစ်လုံးဖြင့် ကုသခြင်းကဲ့သို့” ဖြစ်၏။
လူတို့ ကိုယ့်ကိုယ်ကိုသေကြောင်းကြံရသည့် အကြောင်းရင်းများ မတူကြသော်လည်း တစ်စုံတစ်ရာသောဘဝဖြစ်ရပ်များက ကိုယ့်ကိုယ်ကိုသတ်သေရန် အစပျိုးပေးလေ့ရှိသည်။
တွန်းပို့ပေးသောဖြစ်ရပ်များ
အခြားသူများအတွက် အသေးအဖွဲဖြစ်ဟန်တူသည့် ကိစ္စများနှင့်ပင် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းမှာ လူငယ်များအတွက် အဆန်းမဟုတ်ချေ။ လူငယ်များသည် သူတို့စိတ်ထိခိုက်နာကျင်ပြီး ၎င်းနှင့်ပတ်သက်၍ ဘာမျှမတတ်နိုင်တော့သည့်အခါ မိမိကိုယ်ကိုသတ်သေခြင်းသည် မိမိတို့ကိုထိခိုက်စေသူတို့အပေါ် ကလဲ့စားချေသည့် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု ယူဆကြပေမည်။ ဂျပန်နိုင်ငံမှ ကိုယ့်ကိုယ်ကိုသတ်သေမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ
ဟီရိုရှိ အီနာမူရာက ဤသို့ရေးသားခဲ့သည်– “မိမိတို့ကိုယ်နှိုက်၏သေခြင်းဖြင့် သူတို့ကိုထိခိုက်နစ်နာစေသူတို့အား အပြစ်ဒဏ်ပေးဖို့ အတွင်းထဲမှလှုံ့ဆော်မှုကို ကလေးများမြတ်နိုးကြသည်။”ကလေးများသည် အကြီးအကျယ် အနိုင်ကျင့်ခံရသောအခါ [တခြားကလေးများထက်] ခုနစ်ဆနီးပါး ကိုယ့်ကိုယ်ကိုသတ်သေမည့် အလားအလာရှိသည်ဟု မကြာသေးမီက ဗြိတိန်နိုင်ငံမှ လေ့လာချက်တစ်ရပ်က ဖော်ပြသည်။ ဤကလေးများသည် အမှန်ပင် စိတ်ထိခိုက်ကြပါသည်။ ကိုယ့်ကိုယ်ကိုကြိုးဆွဲချသတ်သေခဲ့သည့် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသည် သူ့အား နှိပ်စက်ပြီး ငွေလုယက်သည့်အထိပင် ပြုခဲ့ကြသူငါးဦး၏အမည်ကို ဖော်ပြသည့်စာတစ်စောင်ကို ထားခဲ့သည်။ “ကျေးဇူးပြု၍ တခြားကလေးတွေကို ကယ်တင်ပါ” ဟူ၍ရေးသားခဲ့သည်။
တခြားသူများမှာမူ ကျောင်းတွင် အခက်အခဲတွေ့ကြုံသည့်အခါ၊ ဥပဒေနှင့်ငြိစွန်းသည့်အခါ၊ အချစ်ရေးပြတ်စဲသွားသည့်အခါ၊ အဆင့်ညံ့သည်မှတ်တမ်းကတ်ရသည့်အခါ၊ စာမေးပွဲကြောင့် ဖိစီးမှုကြုံရသည့်အခါ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်လွန်းသည့်အခါ ကိုယ့်ကိုယ်ကိုသေကြောင်းကြံကြပေမည်။ ပြီးပြည့်စုံလင်မှုဝါဒီများဖြစ်လိုသည့် အလွန်တော်သော မြီးကောင်ပေါက်လူငယ်များတွင်—အမှန်တကယ်ဖြစ်စေ၊ စိတ်ထင်ဖြစ်စေ—အဟန့်အတားတစ်ခု သို့မဟုတ် ကျရှုံးမှုတစ်ခုသည် ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုကို ဖြစ်စေနိုင်ပေသည်။
လူကြီးများအတွက် ငွေရေးကြေးရေး သို့မဟုတ် အလုပ်နှင့်ဆက်နွှယ်သော ပြဿနာများသည် တွန်းပို့ပေးသည့်ဖြစ်ရပ်များ ဖြစ်လေ့ရှိသည်။ နှစ်ချီ၍ စီးပွားရေးကျဆင်းလာသည့် ဂျပန်နိုင်ငံတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုသည် မကြာသေးမီက တစ်နှစ်လျှင် ၃၀,၀၀၀ အမှတ်ကို ကျော်လွန်ခဲ့၏။ မိုင်နီချိ နေ့စဉ် သတင်းစာအဆိုအရ မိမိကိုယ်ကိုသတ်သေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားလေးပုံသုံးပုံနီးပါးသည် “အကြွေး၊ စီးပွားရေးဆုံးရှုံးမှုများ၊ ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုတို့ အရင်းခံသည့်ပြဿနာများကြောင့်” ထိုသို့ပြုကြခြင်းဖြစ်သည်။ မိသားစုပြဿနာများသည်လည်း ကိုယ့်ကိုယ်ကိုသတ်သေမှုကို ဖြစ်စေနိုင်သည်။ ဖင်လန်သတင်းစာတစ်စောင်တွင် ဤသို့ဖော်ပြသည်– “မကြာသေးမီက ကွာရှင်းပြတ်စဲကြသော လူလတ်ပိုင်းအမျိုးသားများမှာ” အန္တရာယ်အများဆုံးသူတို့တွင်ပါဝင်သည်။ မိမိကိုယ်ကိုသေကြောင်းကြံသည့် အမျိုးသမီးအများစုမှာ ပြိုကွဲသောအိမ်ထောင်များတွင် ကြီးပြင်းလာခဲ့ကြကြောင်း ဟန်ဂေရီနိုင်ငံမှ လေ့လာမှုတစ်ရပ်က တွေ့ရှိခဲ့သည်။
အငြိမ်းစားယူခြင်းနှင့် ကာယရေးဖျားနာမှုသည်လည်း အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် အဓိကတွန်းပို့ပေးသည့် အကြောင်းရင်းများဖြစ်သည်။ ရောဂါအခြေအနေ နောက်ဆုံးအဆင့်ရောက်သည့်အခါမှသာမဟုတ်ဘဲ လူနာက ဝေဒနာကို မခံရပ်နိုင်ဟုယူမှတ်သည့်အခါ ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ထွက်ပေါက်အဖြစ် ရွေးချယ်လေ့ရှိကြသည်။
သို့ရာတွင် တွန်းပို့ပေးသည့် ဤဖြစ်ရပ်များကို လူတိုင်း ကိုယ့်ကိုယ်ကိုသေကြောင်းကြံခြင်းဖြင့် တုံ့ပြန်ကြသည်မဟုတ်ချေ။ တစ်ဖက်တွင် အဆိုပါဖိစီးမှုဖြစ်စေသည့် အခြေအနေများကို ရင်ဆိုင်ရသည့်အခါ အများစုသည် မိမိတို့ကိုယ်ကို သေကြောင်းမကြံကြပါ။ သို့ဆိုလျှင် ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို လူအများစုက ဖြေရှင်းနည်းအဖြစ် မရွေးချယ်ကြသော်လည်း အချို့က အဘယ်ကြောင့် ရွေးချယ်ကြသနည်း။
ရုတ်တရက်မမြင်သာသော အကြောင်းအချက်များ
“များသောအားဖြင့် သေဖို့ဆုံးဖြတ်ချက်ဟာ အဖြစ်အပျက်တွေကို အဓိပ္ပာယ်ကောက်ပုံပေါ်မှာ မူတည်တယ်” ဟုဂျွန် ဟော့ပ်ကင်းစ် ဆေးတက္ကသိုလ်မှ စိတ်ရောဂါကုဆရာဝန် ပါမောက္ခ ကေး ရက်ဒ်ဖီးလ် ဂျေမီဆန်က ဆိုသည်။ သူမက ဤသို့ထပ်ဆင့်၏– “အများစုဟာ ကျန်းမာနေတဲ့အခါ ဘယ်အဖြစ်အပျက်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုသတ်သေရလောက်အောင် ဆိုးရွားတာပဲဆိုပြီး အဓိပ္ပာယ်ကောက်မှာ မဟုတ်ဘူး။” အကြောင်းအချက်များစွာရှိရာ ရုတ်တရက်မမြင်သာသော အကြောင်းအချက်တချို့သည် ကိုယ့်ကိုယ်ကိုသတ်သေသည့်အဖြစ်သို့ စုပေါင်း၍ရောက်စေသည်ဟု ယူ.အက်စ်. အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့မှ အိဗ် ကေ. မို့စ်ချိကီက ဖော်ပြသည်။ ထိုသို့သောအရင်းခံအကြောင်းတရားများတွင် စိတ်ပိုင်းဆိုင်ရာနှင့် ဆေးစွဲသည့်ရောဂါများ၊ မျိုးရိုးဗီဇပေါင်းစပ်မှုနှင့် ဦးနှောက်၏ဓာတုဖွဲ့စည်းမှုတို့ပါဝင်သည်။ ယင်းတို့အနက် တချို့ကို သုံးသပ်ကြည့်ကြစို့။
ဤအကြောင်းရင်းများအနက် အဖြစ်အများဆုံးမှာ စိတ်ကျရောဂါ၊ ဘိုင်ပိုလာရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါနှင့် အရက် သို့မဟုတ် မူးယစ်ဆေးဝါးတလွဲသုံးမှုအစရှိသော စိတ်ပိုင်းနှင့် ဆေးစွဲသည့်
ရောဂါများဖြစ်သည်။ ဥရောပနှင့် ယူနိုက်တက်စတိတ်တို့မှ သုတေသနပြုချက်က ပြီးမြောက်အောင်မြင်သည့် ကိုယ့်ကိုယ်ကိုသတ်သေမှု ၉၀ ရာခိုင်နှုန်းကျော်သည် အဆိုပါရောဂါများနှင့်ဆက်စပ်မှုရှိကြောင်း ဖော်ပြသည်။ အဆိုပါရောဂါလက္ခဏာမရှိသူ အမျိုးသားများတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းမှာ ၁၀၀,၀၀၀ တွင် ၈.၃ ဖြစ်သော်လည်း စိတ်ကျရောဂါသည်များတွင် ၁၀၀,၀၀၀ လျှင် ၆၅၀ အထိမြင့်တက်သွားကြောင်း ဆွီဒင်သုတေသီများက တွေ့ရှိခဲ့ကြသည်! အရှေ့တိုင်းပြည်များတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုဖြစ်စေသည့် အကြောင်းရင်းများမှာလည်း အလားတူပင်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။ သို့တိုင် စိတ်ကျရောဂါနှင့် တွန်းပို့ပေးသည့်အဖြစ်အပျက်များကို ပေါင်းလိုက်လျှင်ပင် ကိုယ့်ကိုယ်ကိုသတ်သေမှုကို ကျိန်းသေမဖြစ်စေပါ။မိမိကိုယ်ကိုသေကြောင်းကြံခဲ့ဖူးသူ ပါမောက္ခ ဂျေမီဆန်က ဤသို့ဆိုသည်– “အခြေအနေတွေ တိုးတက်ကောင်းမွန်လာမယ်လို့ ယုံကြည်နေသရွေ့ကာလပတ်လုံး စိတ်ဓာတ်ကျမှုကို လူတွေခံနိုင်ရည်ရှိကြမယ့်ပုံပဲ။” သို့ရာတွင် သည်းမခံနိုင်လောက်အောင် စိတ်ပျက်စရာများစုပြုံလာသည်နှင့်အမျှ သေကြောင်းကြံလိုသည့်ဆန္ဒကို တားဆီးပေးမည့် စိတ်စွမ်းရည်မှာ တဖြည်းဖြည်းအားနည်းလာကြောင်း သူတွေ့ရှိခဲ့သည်။ သူသည် မပြတ်တမ်းဖိနင်းခြင်းကြောင့် ပါးသွားသည့် ကားဘရိတ်များနှင့် ယင်းအခြေအနေကို နှိုင်းပြထားသည်။
စိတ်ကျရောဂါကို ကုသနိုင်သောကြောင့် ထိုသို့သောသဘောရှိတတ်ကြောင်း အသိအမှတ်ပြုရန် အရေးကြီးသည်။ မျှော်လင့်ချက်မဲ့သည့် ခံစားချက်များကို ပြောင်းပြန်လှန်နိုင်ပါသည်။ ရုတ်တရက်မမြင်သာသော အကြောင်းအချက်များကို ဖြေရှင်းလိုက်လျှင် လူတို့သည် ကိုယ့်ကိုယ်ကိုသတ်သေရန် တွန်းပို့ပေးလေ့ရှိသည့် နှလုံးကြေကွဲမှုများနှင့် ဖိစီးမှုများကို ခြားနားစွာ တုံ့ပြန်ကြပေမည်။
လူတစ်ဦး၏ မျိုးရိုးဗီဇဖွဲ့စည်းမှုသည် ကိုယ့်ကိုယ်ကိုသတ်သေမှုများစွာတွင် ရုတ်တရက်မမြင်သာသော အကြောင်းအချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တချို့ကယူဆကြသည်။ မှန်ပါသည်၊ မျိုးရိုးဗီဇသည် လူတစ်ဦး၏စိတ်နေသဘောထားကို ပိုင်းဖြတ်ပေးရာ၌ အဓိကကျသဖြင့် တချို့သောမျိုးရိုးများသည် တခြားသူများထက် ကိုယ့်ကိုယ်ကိုသတ်သေမှု ပိုအဖြစ်များကြောင်း လေ့လာမှုများက ဖော်ပြသည်။ သို့တိုင် “မျိုးရိုးဗီဇဆိုင်ရာပင်ကိုသဘောသည် ကိုယ့်ကိုယ်ကိုသတ်သေမှုကို ကျိန်းသေပေါက်ဖြစ်စေသည်ဟု ဆိုလိုခြင်းမဟုတ်ချေ” ဟူ၍ဂျေမီဆန်ကဆိုသည်။
ဦးနှောက်ဓာတုဖွဲ့စည်းမှုသည်လည်း မမြင်သာသည့်အကြောင်းတရားတစ်ခု ဖြစ်နိုင်သည်။ ဦးနှောက်တွင် ဘီလီယံနှင့်ချီသောနဗ်ကြောဆဲလ်များသည် လျှပ်စစ်ဓာတုသဘောအရ ဆက်သွယ်ကြသည်။ ခွဲထွက်သော အာရုံကြောမျှင်များ၏အဆုံးတွင် အချက်အလက်များကို ဓာတုသဘောအရ ပို့ဆောင်ပေးသည့် နဗ်ကြောဆဲလ်ထရန်စမစ်တာများဖြစ်သော နဗ်ကြောဆက်များဟုခေါ်သည့် သေးငယ်သောကြားခံများရှိကြသည်။ ဆီရိုတိုနင်ဟုခေါ်သော နဗ်ကြောဆဲလ်ထရန်စမစ်တာတစ်ခု၏ပမာဏသည် ကိုယ့်ကိုယ်ကိုသတ်သေရန် လူတစ်ဦး၏ဇီဝဆိုင်ရာ ခုခံနိုင်အားနွဲ့မှုတွင် ပါဝင်ပတ်သက်ပေမည်။ ဦးနှောက်၏အတွင်းပိုင်း ဟူသောစာအုပ်တွင် ဤသို့ရှင်းပြသည်– “ဆီရိုတိုနင်ပမာဏနည်းခြင်း . . . သည် ဘဝ၏ပျော်ရွှင်မှုကို ကုန်ခန်းစေနိုင်သည်၊ လူဖြစ်ရခြင်းကို စိတ်ဝင်စားမှုနည်းစေနိုင်သည်၊ စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကိုသတ်သေမည့်အန္တရာယ်ကို တိုးများစေနိုင်သည်။”
သို့ရာတွင် ကိုယ့်ကိုယ်ကိုသေကြောင်းကြံရန် မည်သူမျှ တင်ကြိုသတ်မှတ်ထားခြင်းမခံရကြချေ။ သန်းနှင့်ချီသောသူတို့သည် နှလုံးကြေကွဲမှုများနှင့် ဖိစီးမှုများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ကြသည်။ အချို့သူတို့အား မိမိတို့ကိုယ်ကိုသတ်သေမှု ဖြစ်စေသည့်အရာမှာ ဖိစီးမှုများကို စိတ်နှလုံးက တုံ့ပြန်ပုံကြောင့်ဖြစ်သည်။ တိုက်ရိုက်တွန်းပို့ပေးသည့် အကြောင်းရင်းများကိုသာမဟုတ်ဘဲ အရင်းခံအကြောင်းတရားများကိုလည်း ဖြေရှင်းရမည်ဖြစ်သည်။
သို့ဆိုလျှင် ဘဝကို အတိုင်းအတာတစ်ခုအထိ တစ်ဖန်ပျော်မွေ့စေမည့် အပြုသဘောထား ဖြစ်ပေါ်စေရန် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
လိင်နှင့် ကိုယ့်ကိုယ်ကိုသတ်သေမှု
ယူနိုက်တက်စတိတ်မှ လေ့လာမှုတစ်ရပ်အရ အမျိုးသမီးများသည် အမျိုးသားများထက် ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှု နှစ်ဆမှသုံးဆအထိ ပိုများနိုင်ဖွယ်ရှိသော်လည်း အမျိုးသားများသည် အောင်မြင်ဖို့အလားအလာ လေးဆပိုများသည်။ အမျိုးသမီးများသည် အမျိုးသားများထက် အနည်းဆုံးနှစ်ဆ စိတ်ကျရောဂါခံစားကြသည်၊ ယင်းသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံမှု ပိုများရသည့်အကြောင်းရင်း ဖြစ်ပေမည်။ သို့ရာတွင် အမျိုးသမီးတို့၏စိတ်ကျရောဂါသည် ပြင်းထန်မှုပိုနည်းနိုင်ဖွယ်ရှိသဖြင့် ထိရောက်မှုနည်းသည့် နည်းလမ်းများကို သုံးကြပေမည်။ တစ်ဖက်တွင် အမျိုးသားများမှာမူ သေချာစေရန် ပို၍ထိရောက်ကာ အကျိုးသက်ရောက်သော နည်းလမ်းများကို အသုံးပြုကြပေမည်။
သို့ရာတွင် တရုတ်နိုင်ငံ၌ အမျိုးသားထက် အမျိုးသမီးများ ပိုအထမြောက်ကြသည်။ ကမ္ဘာ့အမျိုးသမီး ကိုယ့်ကိုယ်ကိုသတ်သေမှု၏ ၅၆ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံ၊ အထူးသဖြင့် ကျေးလက်ဒေသများ၌ ဖြစ်ပွားကြောင်း လေ့လာချက်တစ်ရပ်က ဖော်ပြ၏။ စိတ်လိုက်မာန်ပါပြုလုပ်သော အမျိုးသမီး ကိုယ့်ကိုယ်ကိုသတ်သေရန် ကြိုးပမ်းမှုများကို အထမြောက်စေသည့် ကိုယ့်ကိုယ်ကိုသတ်သေမှုများ ဖြစ်စေသည့်အကြောင်းရင်းတစ်ခုမှာ ပိုးသတ်ဆေးများ အလွယ်တကူ ရရှိနိုင်ခြင်းကြောင့် ဖြစ်သည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ကိုယ့်ကိုယ်ကိုသတ်သေမှုနှင့် အထီးကျန်မှု
အထီးကျန်မှုသည် လူတို့ကို စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကိုသတ်သေမှုဖြစ်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ဖင်လန်နိုင်ငံမှ ကိုယ့်ကိုယ်ကိုသတ်သေမှုများကို ဦးဆောင်လေ့လာခဲ့သူ ယိုဂို လွန်ကွစ်က ဤသို့ဆိုခဲ့သည်– “[မိမိကိုယ်ကိုသေကြောင်းကြံသူ] များစွာဟာ အမြဲတမ်းလိုလို အထီးကျန်နေတတ်ကြတယ်။ သူတို့မှာ အချိန်ပိုအများကြီးရှိပေမဲ့ လူမှုပေါင်းသင်းဆက်ဆံမှုနည်းကြတယ်။” “ထီးတည်းနေခြင်း” သည် ၎င်းနိုင်ငံတွင် လူလတ်ပိုင်းအရွယ်အမျိုးသားများ မကြာသေးမီက ကိုယ့်ကိုယ်ကိုသတ်သေမှုတိုးများရသည့် အကြောင်းဖြစ်သည်ဟု ဂျပန်နိုင်ငံ ဟာမာမတ်ဆုဆေးတက္ကသိုလ်မှ စိတ်ရောဂါကုဆရာဝန် ကင်ရှီရို အိုဟာရာက ဖော်ပြခဲ့သည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လူကြီးများအတွက် ငွေရေးကြေးရေး သို့မဟုတ် အလုပ်နှင့်ဆက်နွှယ်သော ပြဿနာများသည် တွန်းပို့ပေးသည့်ဖြစ်ရပ်များ ဖြစ်လေ့ရှိသည်