ကျောက်ထင်းရှူးပင်များ—ဗြိတိန်နိုင်ငံ၏သင်္ချိုင်းများတွင် အဘယ်ကြောင့် ရှိကြသနည်း
ကျောက်ထင်းရှူးပင်များ—ဗြိတိန်နိုင်ငံ၏သင်္ချိုင်းများတွင် အဘယ်ကြောင့် ရှိကြသနည်း
ဗြိတိန်နိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်
၁၆၅၆ ခုနှစ်တွင် အင်္ဂလီကန်ချာ့ခ်ျမှ ဓမ္မဆရာတစ်ဦးက ဤသို့ရေးသားခဲ့သည်– “ကျောက်ထင်းရှူးပင်များ အမြဲစိမ်းလန်းနေခြင်းသည် မသေနိုင်သောဝိညာဉ်စိုးလ်၏ . . . အထိမ်းအမှတ်ဖြစ်ခြင်းကြောင့် ချာ့ခ်ျသုသာန်မြေရှိ ၎င်းအပင်များကို ကျွန်ုပ်တို့၏ဘိုးဘေးများက အထူးဂရုစိုက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းဖြစ်သည်။” ထိုသို့ပြုခြင်းသည် ဓလေ့ထုံးစံဖြစ်၏။ ဖြစ်ရပ်မှန်များကား အဘယ်နည်း။
အမြဲစိမ်းပင်များကို မသေနိုင်သောအဖြစ်နှင့်ဆက်စပ်ခြင်းသည် ရှေးအချိန်ကတည်းကဖြစ်၏။ ဝေလနယ်တွင် ထိုသို့သောအထိမ်းအမှတ်အဖြစ် ကျောက်ထင်းရှူးပင်ဓလေ့ထုံးစံသည် ရှေးဒရူးအစ်ယုံကြည်ချက်များ၊ ထုံးစံများနှင့်ဆက်စပ်နေသည်။ အင်္ဂလန်တွင် ခရစ်ယာန်ခေတ်မတိုင်မီ ကြာမြင့်စွာကတည်းက ကျောက်ထင်းရှူးပင်များကို အယူမှားဘုရားကျောင်းမြေများတွင် စိုက်ပျိုးခဲ့ကြကာ နောက်ဆုံးတွင် “သန့်ရှင်းသောအထိမ်းအမှတ်တစ်ခု” အဖြစ် ချာ့ခ်ျက ခံယူခဲ့သည်။ ဓလေ့ထုံးစံဟူသည် ပျောက်ကွယ်ခဲ၏၊ ချာ့ခ်ျထုံးစံ မလိုက်သူများသည် ခေတ်ရေစီးကြောင်းနောက် မလိုက်ခဲ့ကြသော်လည်း မျက်မှောက်ခေတ် ဗြိတိသျှသုသာန်များတွင် ကျောက်ထင်းရှူးပင်များသည် အရေးပါဆဲဖြစ်သည်။
သမ္မာကျမ်းစာက မသေနိုင်သောဝိညာဉ်စိုးလ်အကြောင်း မည်သို့ဆိုသနည်း။ ၎င်းက “မသေနိုင်သောအဖြစ်” သို့မဟုတ် “မသေနိုင်သော” ဟူသည့်စကားလုံးများနှင့် “စိုးလ်” ကိုမည်သည့်နေရာ၌မျှ ဆက်စပ်မထားပေ။ အင်္ဂလန်ဂိုဏ်းချုပ် ယော့ခ် က “အသက်ရှင်ခြင်း၊ သေခြင်းတို့နှင့်ပတ်သက်သည့် ဘာသာရေးဆိုင်ရာသိနားလည်မှု” ဟူသောပို့ချချက်တွင် “ကိုယ်ခန္ဓာကိုစွန့်ခွာသွားသောစိုးလ်နှင့်ပတ်သက်သည့် အကြမ်းဖျင်းသဘောပေါက်မှု” ကို ကျမ်းစာအခြေခံအမှန်တရားနှင့် နှိုင်းယှဉ်ပြခဲ့သည်။ သူက “ကျွန်ုပ်တို့သေဆုံးသောအခါ တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ကိုယ်ခန္ဓာမှ ထွက်ခွာသွားသည့်အရာ ဘာမျှမရှိပါ” ဟူ၍ဆိုသည်။
ကျောက်ထင်းရှူးပင်သည် မည်သို့သောအပင်မျိုးနည်း
အင်္ဂလိပ်ကျောက်ထင်းရှူးပင် [တက်စပ်စ် ဘက်ကာတာ] သည် ကြီးထွားမှုနှေးကာ ပေ ၃၀၊ ၄၀ မြင့်သည့် ခံ့ညားသောအမြဲစိမ်းပင်တစ်မျိုးဖြစ်၏။ စင်စစ်အားဖြင့် ဗြိတိန်နိုင်ငံရှိ ကျောက်ထင်းရှူးပင်ကြီးများစွာသည် နှစ်ပင် သို့မဟုတ် ထိုထက်မက ပူးကပ်ပေါက်ကြရာ အခေါက်က ၎င်းတို့၏ပေါင်းစပ်နေမှုကို လုံးဝမမြင်ရအောင် ဖုံးထားပေးသည်။ ယခု လုံးပတ် ၅၆ ပေကျော်ရှိ စကော့တလန်ကျောက်ထင်းရှူးပင်တစ်ပင်ကို ထိုသို့နှစ်ပင်ပူးကပ်ပေါက်နေသည်ဟု သိထားကြသည်။
ကျောက်ထင်းရှူးပင်များသည် နှစ်ပေါင်းရာနှင့်ချီ၍ အသက်ရှင်နိုင်၏။ နှစ်ပေါင်းထောင်နှင့်ချီ၍ အသက်ရှင်နိုင်သည်ဟု အချို့ကျွမ်းကျင်သူများကဆို၏။ ဗြိတိန်နိုင်ငံရှိ ကျောက်ထင်းရှူးပင်အိုများစွာသည် ဝန်းကျင်တွင် အခြေချနေထိုင်မှုသစ်များ ထွန်းကားလာခြင်းကြောင့် ရှေးကျသောကျေးရွာများတွင် တစ်ခုတည်းသော အသက်ရှင်ကျန်ရစ်သည့်အပင်များဖြစ်နေသည်။
ကျောက်ထင်းရှူးပင်၏ ရင့်နေသောအစေ့များကို အစေ့ဖုံးဟုသိထားကြသည့် အနီရောင်တောက်၍ ပျော့ပျောင်းကာ ခွက်ပုံသဏ္ဌာန်ရှိသောအမြှေးက ဖုံးထားသည်။ သို့သော် အပင်၏အရွက်များ၊ အခေါက်များနှင့်ဆင်တူသော ယင်းအစေ့များသည် အဆိပ်ရှိကာ အိမ်မွေးတိရစ္ဆာန်များစားမိက သေနိုင်၏။ ကျောက်ထင်းရှူးပင်ဖြင့် အလှဆင်ထားသောအိမ်တစ်လုံးသည် မိသားစုတွင် သေဆုံးမှုဖြစ်စေမည်ဟု တစ်ချိန်ကယုံကြည်ခဲ့ကြသည်။
ကျောက်ထင်းရှူးပင်၏အသားသည် ချောမွတ်သည့်အကွက်ကလေးများရှိကာ မဟော်ဂနီသစ်နှင့်အတော်တူ၏။ ယင်း၏အနှစ်သားမှာ လိမ္မော်ရောင်ဖြစ်ပြီး ယင်းနှင့်လုပ်သောပရိဘောဂများသည် ခိုင်ခံ့သည်။ ပျဉ်းတွဲတွဲဖြစ်ပြီး ဆန့်နိုင်ကျုံ့နိုင်သောအရည်အသွေးကြောင့် ယင်းကို အလယ်ခေတ်တွင် လေးများပြုလုပ်ရန် အသုံးပြုကာ အင်္ဂလိပ်လေးသမားများက ၎င်းတို့ကို စစ်ပွဲတွင် အလွန်ကျွမ်းကျင်စွာ အသုံးပြုခဲ့ကြသည်။
ဗြိတိန်နိုင်ငံတွင်နှင့် ယခင်က အင်္ဂလန်အုပ်ချုပ်ခဲ့သည့် နော်မန်ဒီဒေသအချို့တွင်လည်း ကျောက်ထင်းရှူးပင်များကို ရှေးချာ့ခ်ျသုသာန်မြေများ၌ မြင်ရလေ့ရှိသည်။ အင်္ဂလန်ရှိ ချာ့ခ်ျသုသာန်တစ်ခုသည် ကျောက်ထင်းရှူး ၉၉ ပင်ကြောင့်ကျော်ကြားသော်လည်း ၎င်းအရေအတွက်သည်ထူးခြား၏။ အများအားဖြင့် ကျောက်ထင်းရှူးပင်များကို နှစ်ပင်စီစိုက်လေ့ရှိ၏၊ အဝင်ဝ—ချာ့ခ်ျသုသာန်သို့ အသုဘပို့သောအခါ ဝင်သည့်အပေါက်—တွင်တစ်ပင်နှင့် ချာ့ခ်ျ၏တံခါးနားတွင် အခြားတစ်ပင်ကိုစိုက်သည်။ ယနေ့ တည်ထားသည့်အုတ်ဂူများနှင့်ကပ်၍ နောက်ထပ်စိုက်ထားသော ကျောက်ထင်းရှူးပင်များနှင့်အတူ အနားညှိထားသော အိုင်းရစ်ရှ်ကျောက်ထင်းရှူးပင်နှစ်တန်းက တစ်ခါတစ်ရံ ထိုလူသွားလမ်းကို အမှတ်အသားပြုသည်။
သို့သော် စိုးလ်မသေနိုင်ဟူသောအယူသည် ပလေတို၏သွန်သင်ချက်များနှင့်ဆက်စပ်နေသည့် အယူလွဲဂရိအယူဝါဒတစ်ခုဖြစ်၏။ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ရန် သေလွန်သူများ၏ရှင်ပြန်ထမြောက်ခြင်းသည် သေခြင်းကိုဖယ်ရှားပစ်သောအချိန်တွင် လူသားများအတွက် ဘုရားသခင့်လက်ဆောင်ဖြစ်လိမ့်မည်။—ယောဟန် ၅:၂၈၊ ၂၉; ဗျာဒိတ် ၂၁:၄။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဟာ့ဖာရှာဒေသ၊ တော့တာရစ်(ဂ်ျ)မြို့၊ စိန့် အင်ဒရူး ချာ့ခ်ျသုသာန်မြေရှိ အနှစ်တစ်ထောင်ရှိသည့် ကျောက်ထင်းရှူးပင်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ညာဘက်– ရောင်စုံအစေ့ဖုံးများ—သို့သော် အဆိပ်ရှိသောအစေ့များ
ညာဘက်အစွန်– မစ်ဒယ်စက်(စ်) ဒေသ၊ လစ်တယ်စတန်းမိုးမြို့၊ စိန့် လောရဲန့်စ်ချာ့ခ်ျသုသာန်မြေရှိ အနားညှိထားသော အိုင်းရစ်ရှ် ကျောက်ထင်းရှူးပင်များ