သင်ခန်းစာ ၂
နှိမ့်ချသူ ဖြစ်နိုင်ပုံ
နှိမ့်ချခြင်းဆိုတာ ဘာလဲ
စိတ်နှိမ့်ချသူတွေဟာ လေးစားတတ်ကြတယ်။ မမောက်မာကြဘူး။ အရေးတယူ ဆက်ဆံခံရဖို့ မမျှော်လင့်ကြဘူး။ နှိမ့်ချသူတွေဟာ တခြားသူတွေကို အမှန်တကယ် စိတ်ဝင်စားကြတယ်။ တခြားသူတွေဆီကနေ သင်ယူချင်စိတ် ရှိကြတယ်။
တစ်ခါတလေ စိတ်နှိမ့်ချခြင်းကို ပျော့ညံ့ခြင်းလို့ တလွဲယူဆတတ်ကြတယ်။ တကယ်တော့ ကိုယ့်အပြစ်အနာအဆာ၊ ကိုယ့်အားနည်းချက်ကို အသိအမှတ်ပြုဝန်ခံရဲတဲ့ အစွမ်းသတ္တိ ဖြစ်တယ်။
နှိမ့်ချခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ
-
နှိမ့်ချခြင်းက ဆက်ဆံရေး ကောင်းစေတယ်။ “တကယ်တော့ စိတ်နှိမ့်ချသူတွေဟာ လူချစ်လူခင်ပေါကြတယ်။ လူပေါင်းဆံ့ကြတယ်” လို့ The Narcissism Epidemic စာအုပ်မှာ ဖော်ပြထားတယ်။
-
နှိမ့်ချခြင်းက သင့်ကလေးရှေ့ရေးကို အကျိုးပြုတယ်။ “နှိမ့်ချတတ်အောင် သင်ယူခြင်းက သင့်ကလေးကို လောလောဆယ် အကျိုးပြုသလို နောင်လူကြီးဘဝမှာပါ အလုပ်အကိုင် ရှာဖွေတဲ့အခါ အကျိုးပြုမယ်။ “ကိုယ့်အားနည်းချက်တွေကို မသိဘဲ စိတ်ကြီးဝင်နေတဲ့ လူငယ်ဟာ အလုပ် လူတွေ့မေးမြန်းမှုမှာ အောင်မြင်နိုင်စရာအကြောင်း နည်းတယ်။ လူတွေ့မေးမြန်းတာကို စိတ်ဝင်တစားရှိတဲ့ လူငယ်ကတော့ အလုပ်ရဖို့ ပိုများတယ်” * လို့ ဒေါက်တာ လီယိုနတ် ဆက်ရေးတယ်။
နှိမ့်ချတတ်အောင် သင်ပေးနိုင်ပုံ
ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်တတ်အောင် အားပေးပါ။
ကျမ်းစာ အခြေခံမူ။ “ဘာမှ မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အရေးပါသူလို့ ထင်နေရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။”—ဂလာတိ ၆:၃။
-
လွဲမှားတဲ့ နီတိတွေကို ရှောင်ပါ။ “မင်းရဲ့ စိတ်ကူးအိပ်မက်အားလုံး တကယ် ဖြစ်လာနိုင်တယ်၊” “မင်းဖြစ်ချင်တဲ့အတိုင်း ဘာမဆို ဖြစ်နိုင်တယ်” ဆိုတဲ့ အပြောအဆိုတွေဟာ စေ့ဆော်မှုကောင်း ဖြစ်ပုံရပေမဲ့ လက်တွေ့ဘဝမှာ တကယ်ဖြစ်လာလေ့မရှိဘူး။ လက်တွေ့ကျတဲ့ပန်းတိုင်တွေ ချပြီး ကြိုးစားမှသာ ကလေးတွေ ပိုအောင်မြင်နိုင်မယ်။
-
တိတိကျကျ ချီးမွမ်းပေးပါ။ “တော်လိုက်တာ” လို့ ပြောရုံနဲ့ နှိမ့်ချတတ်လာမှာ မဟုတ်ဘူး။ တိတိကျကျ ချီးမွမ်းပေးပါ။
-
သင့်ကလေး လူမှုမီဒီယာ အသုံးပြုမှုကို ကန့်သတ်ပေးပါ။ လူမှုမီဒီယာဟာ ကိုယ့်အစွမ်းအစတွေ၊ ပြီးမြောက်အောင်မြင်မှုတွေကို ကြော်ငြာခြင်း၊ ကိုယ့်ဂုဏ်ကိုယ်ဖော်ခြင်းနဲ့ ဆက်စပ်လေ့ရှိတယ်။ နှိမ့်ချခြင်းနဲ့ လုံးဝ ဆန့်ကျင်တယ်။
-
ကျေးဇူးသိတတ်အောင် ကူညီပေးပါ။
ကျမ်းစာ အခြေခံမူ။ “ကျေးဇူးသိတတ်ကြပါ။”—ကောလောသဲ ၃:၁၅။
-
ဖန်ဆင်းရာတွေအတွက် ကျေးဇူးသိတတ်ပါ။ ကျွန်တော်တို့ ဆက်ရှင်သန်ရပ်တည်ဖို့ သဘာဝလောကအပေါ် မှီခိုနေရတဲ့အတွက် လေးမြတ်သင့်တယ်။ အသက်ရှူဖို့ လေ၊ သောက်ဖို့ ရေ၊ စားဖို့ အစားအစာ လိုအပ်တယ်။ အံ့ဖွယ်သဘာဝလောကအတွက် ကျေးဇူးတင်လေးမြတ်စိတ် ဝင်စေမယ့် ဥပမာတွေ သုံးပါ။
-
လူတွေကို ကျေးဇူးသိတတ်ပါ။ လူတိုင်းဟာ ကိုယ့်ထက် တစ်နည်းနည်းနဲ့ သာလွန်ကြောင်း၊ တခြားသူတွေရဲ့ ကျွမ်းကျင်မှုတွေ၊ စွမ်းရည်တွေကို မနာလို မဖြစ်ဘဲ သူတို့ဆီက သင်ယူနိုင်ကြောင်း သင့်ကလေးကို သတိပေးပါ။
-
ကျေးဇူးတင်ကြောင်း ပြောပါ။ ပါးစပ်ဖျားနဲ့ “ကျေးဇူးတင်ပါတယ်” လို့ ပြောရုံ မဟုတ်ဘဲ စိတ်ရင်းမှန်နဲ့ ပြောတတ်အောင် သင့်ကလေးကို သင်ပေးပါ။ ကျေးဇူးတင်တတ်တဲ့စိတ်က နှိမ့်ချတတ်စေတယ်။
သူတစ်ပါးအကျိုး ဆောင်ပေးခြင်းက တန်ဖိုးရှိကြောင်း သားသမီးတွေကို သင်ပေးပါ။
ကျမ်းစာ အခြေခံမူ။ “စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။ ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၃၊ ၄။
-
သင့်ကလေးကို အိမ်မှုကိစ္စတွေ ဝိုင်းလုပ်ခိုင်းပါ။ အိမ်မှုကိစ္စတွေ မခိုင်းခြင်းက ‘ဒီလိုနိမ့်ကျတဲ့အလုပ်တွေ လုပ်စရာ မဟုတ်ဘူး’ လို့အထင်ရောက်သွားစေနိုင်တယ်။ အိမ်အလုပ်ကို ဦးစားပေးရမယ်။ ပြီးမှ ကစားရမယ်။ အိမ်မှုကိစ္စ ဝိုင်းကူခြင်းက တခြားသူတွေကို ကူညီရာရောက်သလို တခြားသူတွေရဲ့ ကျေးဇူးတင်လေးစားမှုလည်း ရစေတယ်။
-
သူတစ်ပါးအကျိုး ဆောင်ခြင်းဟာ အခွင့်ထူးဖြစ်ကြောင်း အလေးအနက် ပြောပြပါ။ သူတစ်ပါးအကျိုးဆောင်ခြင်းက ရင့်ကျက်လာစေတယ်။ ဒါကြောင့် အကူအညီ လိုနေသူတွေကို သိမြင်တတ်အောင် ကူညီပေးပါ။ ဘယ်လို ကူညီပေးမလဲဆိုတာ သင့်ကလေးနဲ့ ဆွေးနွေးပါ။ သူတစ်ပါးအကျိုး ဆောင်ပေးတဲ့အခါ ချီးမွမ်းကူညီပေးပါ။
^ အပိုဒ်၊ 8 The Collapse of Parenting စာအုပ်မှ ကောက်နုတ်ချက်။