စိတ်ဖိစီးမှုမှ လွတ်မြောက်ခြင်း
စိတ်ဖိစီးမှုဆိုတာ ဘာလဲ
စိတ်ဖိစီးမှုဆိုတာ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခုအတွက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုဖြစ်တယ်။ ဦးနှောက်က ဟော်မုန်းတွေ ထုတ်လွှတ်ပေးတယ်။ ဒါကြောင့် နှလုံးခုန်နှုန်း မြန်လာတယ်။ သွေးတိုး တက်လာတယ်။ အသက်ရှူ မြန်လာတယ်။ ကြွက်သားတွေ တင်းလာတယ်။ ကိုယ်သတိမထားမိလိုက်ခင်မှာပဲ ခန္ဓာကိုယ်က တုံ့ပြန်ဖို့ အသင့်ဖြစ်နေပြီ။ စိတ်ဖိစီးမှု ပြေသွားတဲ့အခါမှ ခန္ဓာကိုယ်က “အသင့်အနေအထား” ကနေ ပုံမှန်ပြန်ဖြစ်သွားတယ်။
စိတ်ဖိစီးမှု အကောင်းနဲ့ အဆိုး
စိတ်ဖိစီးမှုဆိုတာ အခက်အခဲ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ဖြစ်စေတဲ့ သဘာဝ တုံ့ပြန်မှုဖြစ်တယ်။ တုံ့ပြန်မှုဟာ ဦးနှောက်ကနေ အစပြုတယ်။ ကောင်းတဲ့ စိတ်ဖိစီးမှုကြောင့် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်တယ်။ စာမေးပွဲဖြေချိန်၊ အလုပ်အင်တာဗျူး ဒါမှမဟုတ် အားကစားပြိုင်ပွဲဝင်ချိန်တွေမှာ စိတ်ဖိစီးမှု အသင့်အတင့်ရှိတာက ကိုယ့်ရဲ့ပန်းတိုင်ရောက်ဖို့၊ ပိုကောင်းအောင်လုပ်ဖို့ ကူညီပေးနိုင်တယ်။
ဒါပေမဲ့ ရေရှည်၊ အပြင်းအထန် စိတ်ဖိစီးနေတာကတော့ အန္တရာယ်ရှိတယ်။ ခန္ဓာကိုယ်က ခဏခဏ ဒါမှမဟုတ် အမြဲ “အသင့်အနေအထား” ဖြစ်နေရင် ကာယပိုင်း၊ စိတ်ပိုင်း ထိခိုက်လာနိုင်တယ်။ တခြားသူတွေကို ပြုမူဆက်ဆံပုံ အပါအဝင် သင့်အပြုအမူ ပြောင်းလာနိုင်တယ်။ ရေရှည်စိတ်ဖိစီးနေတာက ဆေးဝါးအလွဲသုံးတာ၊ မှားယွင်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတာတွေ ဖြစ်စေနိုင်တယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ပန်းလူပန်းဖြစ်တာ၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ စဉ်းစားတာတွေတောင် ဖြစ်စေနိုင်တယ်။
စိတ်ဖိစီးမှုက လူတိုင်းအပေါ် တစ်ပုံစံတည်း သက်ရောက်မှုရှိတာ မဟုတ်ပေမဲ့ ရောဂါအမျိုးမျိုး ဖြစ်စေနိုင်တယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးနီးပါးကို ထိခိုက်စေနိုင်တယ်။