အတိတ်မှပုံရိပ်များ
အယ်ဟာဇန်
အဘူ အလီ အယ်ဟာစန် အိဗ်နု အယ်ဟိုင်သမ် အကြောင်းကို သင် ကြားဖူးချင်မှ ကြားဖူးမယ်။ အနောက်တိုင်းမှာ အယ်ဟာဇန်လို့ လူသိများတယ်။ အာရဗီနာမည် အယ်ဟာစန်ကို လက်တင်လေသံနဲ့ ပြောင်းထားတာ။ တကယ်တော့ သူ့ရဲ့ စမ်းသပ်မှုတွေကနေ ကျွန်တော်တို့ အကျိုးခံစားနေရတယ်။ သူ့ကို “သိပ္ပံပညာသမိုင်းမှာ အရေးပါဆုံး၊ သြဇာအလွှမ်းဆုံး ပညာရှင်တစ်ဦး” အဖြစ် ဖော်ပြကြတယ်။
အေဒီ ၉၆၅၊ အီရတ်နိုင်ငံ ဘာဆရာမြို့မှာ အယ်ဟာဇန် မွေးဖွားလာတယ်။ နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ ဆေးပညာ၊ တေးဂီတ၊ စက္ခုဗေဒ၊ ရူပဗေဒနဲ့ ကဗျာ စတာတွေကို သူ စိတ်ဝင်စားတယ်။ ဘယ်အချက်ကြောင့် သူ့ကို ကျေးဇူးတင်ရမလဲ။
နိုင်းမြစ် ရေကာတာ
အယ်ဟာဇန်နဲ့ပတ်သက်ပြီး ရှေးကတည်းက လူတွေ သိထားကြတာ တစ်ခုရှိတယ်။ နိုင်းမြစ် ရေလျှံတာကို ဖြေရှင်းမယ်ဆိုတဲ့ သူ့ရဲ့အစီအစဉ်ပဲ။ အဲဒီအစီအစဉ်ကို အနှစ် ၁,၀၀၀ လောက်ကြာပြီးတဲ့နောက် ၁၉၀၂ ခုနှစ်ကျမှ အက်စ်ဝန်မြို့မှာ အကောင်အထည်ဖော်နိုင်ခဲ့တယ်။
အီဂျစ်ပြည်မှာ မကြာမကြာ ရေကြီးပြီး မိုးခေါင်တတ်တယ်။ ဒါကို ဖြေရှင်းတဲ့အနေနဲ့ နိုင်းမြစ်ကို ပိတ်ဆို့ပြီး ရေကာတာဆောက်ဖို့ အယ်ဟာဇန် အကြံရတယ်။ အယ်ဟာဇန်ရဲ့ အကြံကို ကိုင်ရိုရဲ့ အုပ်စိုးရှင် ခလီဖာ အယ် ဟကင်မ် ကြားတဲ့အခါ အီဂျစ်မှာ ရေကာတာ လာဆောက်ဖို့ ခေါ်လိုက်တယ်။ ဒါပေမဲ့ နိုင်းမြစ်ကို သူကိုယ်တိုင် လေ့လာကြည့်တဲ့အခါ အဲဒီအစီအစဉ် မအောင်မြင်နိုင်မှန်း ရိပ်မိသွားတယ်။ ကမူးရူးထိုးနိုင်ပြီး ထင်တိုင်းကြဲတတ်တဲ့ အုပ်စိုးရှင် ပြစ်ဒဏ်ပေးမှာကို ကြောက်လို့ အယ်ဟာဇန်ဟာ ရူးချင်ယောင်ဆောင်ခဲ့ရတယ်။ နောက် ၁၁ နှစ်အကြာ ၁၀၂၁ ခုနှစ်မှာ အဲဒီအုပ်စိုးရှင် သေဆုံးချိန်အထိပဲ။ အဲဒီလို ရူးချင်ယောင်ဆောင်လို့ အကျယ်ချုပ်ခံရတဲ့ နှစ်တွေတစ်လျှောက် သူ စိတ်ဝင်စားရာတွေကို ရှာဖွေလေ့လာပြီး သုတေသနပြုခဲ့တယ်။
အလင်းပညာရပ်ဆိုင်ရာကျမ်း
အယ်ဟာဇန် လွတ်လာချိန်မှာ အတွဲခုနစ်တွဲပါတဲ့ အလင်းပညာရပ်ဆိုင်ရာကျမ်း ကို ရေးလို့ပြီးတော့မယ်။ အဲဒီကျမ်းကို “ရူပဗေဒပညာသမိုင်းမှာ အရေးပါဆုံးကျမ်း” လို့ သတ်မှတ်ကြတယ်။ အလင်းဖြာထွက်ပုံ၊ အလင်းပြန်ပုံ၊ ကြားခံတစ်ခုခုကို ဖြတ်သွားတဲ့အခါ အလင်းယိုင်ပုံအပါအဝင် အလင်းရဲ့ သဘာဝနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို အဲဒီကျမ်းမှာ
ဖော်ပြထားတယ်။ အမြင်အာရုံ၊ မျက်လုံးရဲ့ တည်ဆောက်ပုံ၊ လုပ်ဆောင်ပုံတွေကိုလည်း သူ လေ့လာတယ်။၁၃ ရာစုရောက်တဲ့အခါ အယ်ဟာဇန်ရဲ့ စာအုပ်တွေကို အာရဗီကနေ လက်တင်လို ဘာသာပြန်ပြီးသွားပြီ။ ဥရောပသား ပညာရှင်တွေက သူ့ရဲ့စာအုပ်တွေကို အကိုးအကားအဖြစ် နှစ်ပေါင်းရာနဲ့ချီ အသုံးပြုခဲ့တယ်။ ဥရောပသားတွေဟာ မှန်ဘီလူးနဲ့ပတ်သက်တဲ့ အယ်ဟာဇန်ရဲ့ စာအုပ်တွေကို မှီငြမ်းပြီး မျက်မှန်တွေ တီထွင်နိုင်ခဲ့တယ်။ မှန်ဘီလူးတွေကို အဆင့်ဆင့် စီလိုက်ခြင်းအားဖြင့် အဝေးကြည့်မှန်ပြောင်းနဲ့ အဏုကြည့်မှန်ပြောင်းကိုလည်း တီထွင်ကြတယ်။
ရှေးခေတ်ကင်မရာ
အယ်ဟာဇန်ဟာ ပထမဆုံးကင်မရာလို့ ပြောနိုင်တဲ့အရာကို တီထွင်ပြီး ဓာတ်ပုံပညာရဲ့ အခြေခံသဘောတရားတွေကို ဖော်ထုတ်ခဲ့တယ်။ အပြင်က အလင်းတန်းဟာ အပေါက်ငယ်လေးကတစ်ဆင့် “အမှောင်ခန်း” ထဲဝင်လာပြီး အပြင်က ပုံရိပ်ကို အတွင်းနံရံမှာ ပြောင်းပြန် ပေါ်လာစေတယ်။
၁၈၀၀ ပြည့်လွန်နှစ်တွေမှာ ပုံရိပ်တွေကို အသေဖမ်းယူထားနိုင်တဲ့ ပုံရိပ်ဖမ်း ပလိတ်ပြားတွေ ထပ်ထည့်လိုက်တဲ့အခါ အခုခေတ် ကင်မရာမျိုး ပေါ်လာတယ်။ တကယ်ဆိုရင် မျက်လုံးအပါအဝင် အခုခေတ် ကင်မရာတွေဟာ ရှေးခေတ်ကင်မရာနဲ့ ရူပဗေဒ အခြေခံသဘောတရား အတူတူပါပဲ။ *
သိပ္ပံနည်းစနစ်
အယ်ဟာဇန်ရဲ့ တစ်မူထူးတဲ့ လုပ်ဆောင်ချက်ကတော့ သဘာဝဖြစ်စဉ်တွေကို စေ့စေ့စပ်စပ်၊ စနစ်တကျ စူးစမ်းလေ့လာခြင်းပဲ။ သူ့ရဲ့လုပ်နည်းလုပ်ဟန်တွေဟာ အဲဒီခေတ်အတွက်တော့ အထူးအဆန်းကြီး ဖြစ်နေတယ်။ သူဟာ သီအိုရီတွေ မှန်မမှန် လက်တွေ့စမ်းသပ်ကြည့်တဲ့ စူးစမ်း လေ့လာသူတွေထဲမှာ ဦးဆုံးပုဂ္ဂိုလ်ပဲ။ လက်ခံပြီးသား အချက်အလက်ဆိုပေမဲ့ အထောက်အထား မခိုင်လုံဘူးဆိုရင် မေးခွန်းထုတ်ဖို့ ဝန်မလေးသူပဲ။
ခေတ်သစ်သိပ္ပံပညာရဲ့ အခြေခံယူဆချက်ကို “ယုံကြည်ချက်ကို သက်သေပြပါ” ဆိုတဲ့ အဆိုအမိန့်တစ်ခုနဲ့ အကျဉ်းချုပ်ဖော်ပြနိုင်တယ်။ အယ်ဟာဇန်ကို “ခေတ်သစ်သိပ္ပံပညာရဲ့ စွန့်ဦးတီထွင်သူ” လို့ တချို့ ယူဆကြတယ်။ အဲဒီအတွက် သူ့ကို ကျွန်တော်တို့ ကျေးဇူးတင်ရမယ်။
^ စာပိုဒ်၊ 13 အနောက်နိုင်ငံတွေမှာ ရှေးခေတ်ကင်မရာနဲ့ မျက်လုံးရဲ့ တူညီချက်ကို နားမလည်ခဲ့ဘူး။ ၁၇ ရာစုရောက်မှ ယိုဟန်နပ်စ် ကဲပ်လာက အဲဒီအကြောင်းကို ရှင်းပြခဲ့တယ်။