ကိုယ်ချင်းစာပါ
ပြဿနာ
တခြားသူတွေမှာ ရှိတဲ့ ကိုယ်နဲ့မတူတဲ့ အချက်တွေကို အာရုံစိုက်လွန်းမယ်ဆိုရင် မတူတာတွေကို အပြစ်လို့ မြင်လာနိုင်တယ်။ ဒီလိုနဲ့ ကိုယ်နဲ့မတူတဲ့သူတွေကို အထင်အမြင် သေးလာနိုင်တယ်။ တခြားသူတွေအပေါ် မကောင်းမြင်တဲ့စိတ် များလာပြီဆိုရင် ကိုယ်ချင်းစာဖို့ ခက်လာနိုင်တယ်။ ကိုယ်ချင်းစာနာမှု မရှိတာက ခွဲခြားဆက်ဆံတဲ့သဘော ရှိနေပြီဆိုတဲ့ လက္ခဏာပဲ။
ကျမ်းစာအခြေခံမူ
“ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်ပါ။ ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ။”—ရောမ ၁၂:၁၅။
ဘာကိုဆိုလိုသလဲ။ ဒီကျမ်းစာမူကို အတိုချုပ်ရမယ်ဆိုရင် ကိုယ်ချင်းစာနာမှု ပြပါ ဆိုတာပဲ။ ကိုယ်ချင်းစာတယ်ဆိုတာ တခြားသူတွေရဲ့ နေရာမှာ ဝင်နေကြည့်တာ၊ ဝင်ခံစားကြည့်တာ ဖြစ်တယ်။
ကိုယ်ချင်းစာနာမှုက ကူညီပေးနိုင်ပုံ
ကိုယ်ချင်းစာနာမှု ပြတဲ့အခါ ကိုယ်လည်း သူနဲ့ အတူတူပဲဆိုတာ သိလာတယ်။ ကျွန်တော်တို့ ခံစားရသလို သူလည်း ခံစားရတယ်။ ကျွန်တော်တို့ ပြုမူတုံ့ပြန်သလို သူလည်း ပြုမူတုံ့ပြန်တယ်ဆိုတာ သိလာမယ်။ ဘယ်လိုနောက်ခံပဲ ရှိပါစေ လူအားလုံးဟာ လူ့မိသားစုထဲက လူတွေပဲဆိုတာ သိအောင် ကိုယ်ချင်းစာနာမှုက ကူညီပေးနိုင်တယ်။ သူတို့နဲ့ ကိုယ်နဲ့ တူတဲ့အချက်တွေကို အာရုံစိုက်လေ သူတို့အပေါ် မကောင်းမြင်တဲ့စိတ် လျော့နည်းလေပဲ။
ကိုယ်ချင်းစာနာမှုက တခြားသူတွေကို လေးစားအောင်လည်း ကူညီပေးတယ်။ ဆီနီဂေါနိုင်ငံမှာ နေတဲ့ အန်းမာရီဟာ ဇာတ်နိမ့်သူတွေလို့ သတ်မှတ်ထားသူတွေကို အရင်တုန်းက အထင်သေးခဲ့တယ်။ ကိုယ်ချင်းစာနာမှုက သူ့ကို ကူညီပေးခဲ့ပုံအကြောင်း အခုလို ရှင်းပြတယ်။ “ဇာတ်နိမ့်သူတွေ ခံစားရတဲ့ အခက်အခဲကို မြင်တဲ့အခါ သူတို့နေရာမှာသာဆိုရင် ငါဘယ်လိုနေမလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ အဲဒါက ကျွန်မ သူတို့ထက် မသာဘူး။ သူတို့နဲ့ အတူတူပဲဆိုတာ နားလည်စေတယ်။” မှန်ပါတယ်။ တခြားသူတွေရဲ့ အခက်အခဲကို နားလည်ဖို့ ကြိုးစားမယ်ဆိုရင် သူတို့ကို အပြစ်မြင်မယ့်အစား ကိုယ်ချင်းစာလာမယ်။
လုပ်ဆောင်နိုင်တဲ့အချက်
ကိုယ်အပျက်သဘော ရှုမြင်နေတဲ့သူတွေဆီမှာ ရှိတဲ့ မတူကွဲပြားတာတွေကို မကြည့်ဘဲ တူညီတဲ့အချက်ကို ကြည့်ဖို့ ကြိုးစားပါ။ ဥပမာ၊
လူအားလုံးဟာ လူ့မိသားစုထဲက လူတွေပဲဆိုတာ သိအောင် ကိုယ်ချင်းစာနာမှုက ကူညီပေးနိုင်တယ်
သူတို့မိသားစုနဲ့အတူ စားသောက်တဲ့အခါ
သူတို့ကို ကူညီပေးတဲ့အခါ
သူတို့နဲ့ ပေါင်းသင်းတဲ့အခါ
သူတို့ ကြိုက်တဲ့ တေးဂီတကို နားထောင်တဲ့အခါ
သူတို့ ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။
နောက်တစ်ဆင့်အနေနဲ့ သူတို့နေရာမှာ ဝင်နေကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ။
‘တစ်ယောက်ယောက်က ကိုယ့်ကို နှိမ်ပြီး ဆက်ဆံတဲ့အခါ ဘယ်လို ခံစားရမလဲ။’
‘ကိုယ့်အကြောင်းကို မသိဘဲ ကြိုဆုံးဖြတ်ထားမယ်ဆိုရင် ဘယ်လို ခံစားရမလဲ။’
‘ကိုယ်သာ လူတွေ အထင်အမြင်သေးတဲ့ အုပ်စုထဲက တစ်ယောက်ဆိုရင် ကိုယ့်ကို ဘယ်လို ဆက်ဆံစေချင်သလဲ။’