စိတ်ကျန်းမာရေး
အပျက်သဘောထားတွေကို ရှောင်ဖို့၊ အပြုသဘောထား မွေးမြူဖို့ ကျမ်းစာက သတိပေးတိုက်တွန်းထားတယ်။
ဒေါသ
ကျမ်းစာ အခြေခံမူ။ “လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ ခွန်အားကြီးသူထက် သာလွန်တယ်။”—ပညာအလိမ္မာ ၁၆:၃၂။
အဓိပ္ပာယ်။ စိတ်ထိန်းချုပ်နိုင်စွမ်း ရှိတာ ကောင်းတယ်။ တစ်ခါတလေ ဒေါသထွက်စရာအကြောင်း ရှိနိုင်ပေမဲ့ ဒေါသကို မထိန်းဘူးဆိုရင် ပျက်စီးရာရောက်စေတယ်။ ဒေါသထွက်နေချိန်မှာ နောက်မှ နောင်တရစရာမျိုးကို ပြောမိလုပ်မိတတ်တယ်လို့ သုတေသီတွေ တွေ့ရှိကြတယ်။
လုပ်ဆောင်နိုင်ရာ။ ဒေါသက ကိုယ့်ကို မလွှမ်းမိုးခင် ကိုယ်က ဒေါသကို ထိန်းချုပ်တတ်အောင် သင်ယူပါ။ ဒေါသထွက်တာ စိတ်ဓာတ်ကြံ့ခိုင်ခြင်းလို့ တချို့ ယူဆကြပေမဲ့ တကယ်တော့ ပျော့ညံ့ခြင်း ဖြစ်ကြောင်း သိထားသင့်တယ်။ “စိတ်မချုပ်တည်း နိုင်သူဟာ မြို့ရိုး ပြိုပျက်ပြီး အကာအရံမဲ့နေတဲ့ မြို့နဲ့ တူတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၂၅:၂၈) ဒေါသထိန်းချုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ မတုံ့ပြန်ခင် အကြောင်းရင်းကို သိအောင်လုပ်ခြင်းပါပဲ။ “ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။” (ပညာအလိမ္မာ ၁၉:၁၁) နှစ်ဖက်စကားကို သေသေချာချာ နားထောင်သင့်တယ်။ ဒါဆိုရင် ထိုးထွင်းဉာဏ် ရှိလာမယ်။ စိတ်တည်ငြိမ်လာမယ်။
ကျေးဇူးသိတတ်ပါ
ကျမ်းစာ အခြေခံမူ။ “ကျေးဇူးသိတတ်ကြပါ။” —ကောလောသဲ ၃:၁၅။
အဓိပ္ပာယ်။ ကျေးဇူးသိတတ်တဲ့သူတွေပဲ ပျော်ရွှင်ချမ်းမြေ့တတ်ကြတယ်လို့ ဆိုကြတယ်။ ဆုံးရှုံးမှုကြီး ကြုံတွေ့ရတဲ့သူတွေတောင် ဒီအချက်ကို လက်ခံကြတယ်။ ဆုံးရှုံးသွားတဲ့အရာကို အာရုံမစိုက်ဘဲ ရှိထားတာလေးအတွက် ကျေးဇူးသိတတ်ခြင်းက အောင်မြင်ခြင်းရဲ့ သော့ချက် ဖြစ်တယ်လို့ ဆိုကြတယ်။
လုပ်ဆောင်နိုင်ရာ။ နေ့စဉ် ကျေးဇူးတင်စရာအကြောင်းတွေ စာရင်းလုပ်ပါ။ ကြီးကြီးမားမား ဖြစ်စရာ မလိုဘူး။ အရုဏ်ဦးအလှ၊ ချစ်ခင်ရသူနဲ့ စကားစမြည်ပြောတာ၊ အသက်ရှင်ရတာစတဲ့ အသေးအဖွဲလေးတွေကို စဉ်းစားပါ။ ဒီလိုအပြုသဘောဆောင်တဲ့အရာတွေကို အချိန်ပေးစဉ်းစားမယ်၊ ကျေးဇူးတင်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေမယ်။
မိသားစုနဲ့ မိတ်ဆွေတွေ ရှိလို့ ဘယ်လောက် ကျေးဇူးတင်စရာကောင်းသလဲဆိုတာကို စဉ်းစားမယ်ဆိုရင် အကျိုးရှိနိုင်တယ်။ ကိုယ်တန်ဖိုးထားရတဲ့ အချက်လေးတွေ တွေ့ရင် သူတို့ကို လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်၊ စာတိုပို့ပြီးဖြစ်စေ ပြောပြပါ။ အဲဒါက ခင်မင်ရင်းနှီးမှု တိုးစေပြီး ပေးကမ်းခြင်းကြောင့် ပျော်ရွှင်မှု ရစေမယ်။—တမန်တော် ၂၀:၃၅။
တခြား ကျမ်းစာ အခြေခံမူများ
အငြင်းပွားခြင်းကို ရှောင်ပါ။
“ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံ မဖြစ်ခင် ရှောင်ထွက်သွားပါ။”—ပညာအလိမ္မာ ၁၇:၁၄။
အနာဂတ်အတွက် အစိုးရိမ်မလွန်ပါနဲ့။
“နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ။”—မဿဲ ၆:၃၄။
စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။
“စဉ်းစားဆင်ခြင်နိုင်စွမ်းက မင်းကို စောင့်ကြပ်ပေးလိမ့်မယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းက ကာကွယ်ပေးလိမ့်မယ်။”—ပညာအလိမ္မာ ၂:၁၁။