ချစ်ခင်ရသူ သေဆုံးသွားတဲ့အခါ
ချစ်ခင်ရသူ သေဆုံးသွားတာမျိုး ကြုံဖူးရင် ဝမ်းနည်းမှု၊ အထီးကျန်မှု၊ အကူအညီမဲ့မှု စတဲ့ ခံစားချက်တွေ ဖြစ်ပေါ်တတ်တယ်။ ဒေါသထွက်တယ်၊ အပြစ်ရှိတယ်လို့ ခံစားရပြီး ကြောက်စိတ်လည်း ဝင်နေနိုင်တယ်။ အသက်ရှင်ရကျိုး နပ်သေးရဲ့လားလို့တောင် စဉ်းစားမိနိုင်တယ်။
ဝမ်းနည်းကြေကွဲခြင်းက ပျော့ညံ့တဲ့အမှတ်လက္ခဏာ မဟုတ်ပါဘူး။ သေဆုံးသွားသူကို ဘယ်လောက် ချစ်ခင်ကြောင်း ဖော်ပြတာပဲ။ ဒါပေမဲ့ ဝမ်းနည်းပူဆွေးမှုကနေ စိတ်သက်သာရာ ရနိုင်ပါ့မလား။
တချို့ ရင်ဆိုင်ဖြေရှင်းကြပုံ
တော်တော်နဲ့ ဖြေမဆည်နိုင်ရင်တောင် အောက်ပါအကြံပြုချက်တွေကနေ နှစ်သိမ့်မှု ရနိုင်ပါတယ်။
ဝမ်းနည်းပူဆွေးပါ
ဝမ်းနည်းပူဆွေးပုံ၊ ဝမ်းနည်းပူဆွေးချိန်ချင်း မတူကြဘူး။ ငိုချလိုက်တာက အတော်အတန် စိတ်သက်သာရာ ရစေနိုင်တယ်။ ဗာနက်ဆာ ဒီလိုပြောတယ်– “ကျွန်မ ငိုချလိုက်တယ်။ ဝမ်းနည်းစိတ်ကို ဖြေရမယ်လေ။” ညီမဖြစ်သူ ရုတ်တရက် သေဆုံးသွားတဲ့ ဆိုဖီယာ ဒီလိုပြောတယ်– “အဲဒီအကြောင်း ပြန်တွေးမိရင် ရင်နာလို့ မဆုံးဘူး။ ဒဏ်ရာကို ခွဲပြီး ဆေးထည့်တာနဲ့ တူတယ်။ မခံရပ်နိုင်အောင် နာကျင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်မှ ဒဏ်ရာသက်သာမယ်လေ။”
ကိုယ့်အတွေး၊ ခံစားချက်တွေကို ပြောပြပါ
တစ်ယောက်တည်း နေချင်တဲ့အခါတွေ ရှိနိုင်ပါတယ်။ တစ်ယောက်တည်း ကြိတ်မှိတ်ခံနေရင်တော့ ခံနိုင်မှာ မဟုတ်ဘူး။ ဖခင် ဆုံးပါးသွားတဲ့ အသက် ၁၇ နှစ်အရွယ် ဂျဲရက် ဒီလိုပြောပြတယ်– “ကျွန်တော့်
ခံစားချက်တွေ တခြားသူတွေကို ပြောပြတယ်။ ကျွန်တော့်ကို နားလည်ကြသလားတော့ မသိဘူး။ ဒါပေမဲ့ ဖွင့်ပြောနိုင်ခဲ့တာ ကျွန်တော့်အတွက် ကောင်းသွားတယ်။” အစဆောင်းပါးမှာ ကိုးကားခဲ့တဲ့ ဂျဲနစ်က နောက်ထပ် အကျိုးကျေးဇူးကို ဒီလိုပြောပြတယ်– “တခြားသူတွေကို ပြောပြလိုက်တော့ အတော်လေး စိတ်သက်သာရာရသွားတယ်။ ကျွန်မကို နားလည်ပေးကြတယ်လို့ ခံစားရတယ်။ အထီးမကျန်တော့ဘူး။”အကူအညီကို လက်ခံပါ
ဆရာဝန်တစ်ယောက် ဒီလိုပြောတယ်– “ဝမ်းနည်းပူဆွေးသူအနေနဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေရဲ့ အကူအညီကို စောစောစီးစီး လက်ခံလိုက်ရင် ဝမ်းနည်းစိတ် ပြန်ပေါ်လာတဲ့အခါ ရင်ဆိုင်ကျော်လွှားနိုင်စေတယ်။” မိတ်ဆွေတွေ ကူညီပေးချင်ပေမဲ့ ဘယ်လို ကူညီရမှန်း မသိဖြစ်တတ်တဲ့အတွက် ဘာအကူအညီ လိုကြောင်း အသိပေးပါ။—ပညာအလိမ္မာ ၁၇:၁၇။
ဘုရားသခင်နဲ့ ပိုရင်းနှီးအောင် ကြိုးစားပါ
တီနာ ဒီလိုပြောတယ်– “ကျွန်မခင်ပွန်း ကင်ဆာရောဂါနဲ့ ရုတ်တရက် ဆုံးသွားတော့ သူနဲ့ ရင်ဖွင့်တိုင်ပင်လို့ မရတော့ဘူး။ ဒါကြောင့် ဘုရားကိုပဲ အားလုံး ပြောပြရတော့တယ်။ တစ်နေ့တာကို ဖြတ်ကျော်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းခြင်းနဲ့ အစပြုတယ်။ ကျွန်မ ပြောပြနိုင်တာထက် ဘုရား ကူညီပေးတယ်။” မိခင် ဆုံးပါးသွားချိန်မှာ အသက် ၂၂ ပဲရှိသေးတဲ့ တာရှာ ဒီလိုပြောတယ်– “နေ့စဉ် ကျမ်းစာဖတ်ရှုခြင်းကနေ နှစ်သိမ့်မှု ရတယ်။ အားရှိစရာတစ်ခုခုတော့ တွေ့တယ်။”
ရှင်ပြန်ထမြောက်ချိန်ကို မြင်ယောင်ပါ
တီနာ ဒီလိုဆက်ပြောတယ်– “စစချင်းတော့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ကျွန်မကို နှစ်သိမ့်မှု မဖြစ်စေဘူး။ ကျွန်မခင်ပွန်းကို ကျွန်မ လိုအပ်တယ်။ ကျွန်မသားတွေလည်း အဖေ လိုအပ်တယ်လေ။ ဒါပေမဲ့ အခု လေးနှစ်ကြာပြီးနောက်မှာတော့ ဒီမျှော်လင့်ချက်ကို ကျွန်မ ဖက်တွယ်ထားတယ်။ ကျွန်မအတွက် အသက်ကယ်ကြိုးနဲ့ တူတယ်။ သူနဲ့ ပြန်ဆုံတာကို မြင်ယောင်ကြည့်တယ်။ အဲဒါက စိတ်ချမ်းသာစေတယ်၊ ကြည်နူးစေတယ်။”
ချက်ချင်းတော့ စိတ်သက်သာရာရမှာ မဟုတ်ဘူး။ ဗာနက်ဆာရဲ့ တွေ့ကြုံမှုကနေ အားယူနိုင်တယ်။ သူ ဒီလိုပြောတယ်– “ဘယ်တော့မှ စိတ်သက်သာရာရမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒါပေမဲ့ တဖြည်းဖြည်း စိတ်သက်သာရာ ရလာတယ်။”
ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေပေမဲ့ အသက်ရှင်ရကျိုး နပ်နိုင်ပါသေးတယ်။ ဘုရားရဲ့ ကူညီမစမှုကြောင့် မိတ်ဆွေတွေနဲ့ ပျော်ရွှင်နိုင်ပါသေးတယ်။ အဓိပ္ပာယ်ရှိတဲ့ဘဝ ပိုင်ဆိုင်နိုင်ပါသေးတယ်။ သေလွန်သွားသူတွေကို ဘုရားသခင် မကြာခင် အသက်ပြန်ရှင်စေပါတော့မယ်။ ချစ်ခင်ရသူကို ပြန်ပွေ့ဖက်ခွင့် ရစေချင်တယ်။ အဲဒီအချိန်ကျရင် ရင်ထဲက နာကျင်မှုတွေ ထာဝစဉ် ပျောက်သွားပါလိမ့်မယ်။