မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ကျန်းမာရေး—ကမ္ဘာချီ ပြဿနာ

စိတ်ကျန်းမာရေး—ကမ္ဘာချီ ပြဿနာ

“ကိုယ့်ဘာသာ ငုတ်တုတ် ထိုင်နေရင်းနဲ့တောင် အကြောင်းရင်း မရှိ စိုးရိမ်စိတ်တွေ ဝင်လာတတ်တယ်။”

“ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်နေရင် စိတ်ပူရပြီ။ အပျော်လွန်ရင် ငိုရတော့မယ်ဆိုတာ အတွေ့အကြုံကနေ သိထားလို့လေ။”

“တစ်ရက်အတွက်ပဲ စဉ်းစားပေမဲ့ အဲဒီတစ်ရက်ထဲမှာတင် ပြဿနာ အများကြီးကို အာရုံစိုက်နေမိတယ်။”

စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေသူတွေ ဒီလိုပြောတာကို သင် နားလည်ပေးလို့ ရသလား။ သင်ကိုယ်တိုင် ဒါမှမဟုတ် ချစ်ရသူတစ်ယောက် အဲဒီလို ခံစားနေရသလား။

သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီနေ့ခေတ် လူများစွာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရဲ့ ဂယက်ရိုက်မှုကို ခံနေကြရတယ်။ ကိုယ်တိုင် ဒါမှမဟုတ် ချစ်မြတ်နိုးရသူတွေဆီမှာ ဒီပြဿနာ ရှိနေလို့ပါ။

စိတ်ဖိစီးစရာ များတဲ့ “အလွန် ခက်ခဲကျပ်တည်း” တဲ့ ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေရတာ သိပ်သေချာတယ်။ (၂ တိမောသေ ၃:၁) လေ့လာမှုတစ်ခုအရ ကမ္ဘာတစ်ဝန်း လူရှစ်ယောက်မှာ တစ်ယောက်က စိတ်ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေရတယ်။ ၂၀၂၀ မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အစိုးရိမ်လွန်သူ၊ ပြင်းထန် စိတ်ကျဝေဒနာ ခံစားရသူ ၇၈ သန်းလောက်စီ တိုးလာတယ်။

ကိုယ်တိုင်နဲ့ ချစ်မြတ်နိုးရသူတွေဆီမှာ စိတ်ကျန်းမာရေး ပြဿနာ ရှိ/မရှိဆိုတာ ကိန်းဂဏန်းတွေနဲ့တော့ မဆိုင်ပါဘူး။ တစ်ယောက်စီရဲ့ ခံစားချက်နဲ့ပဲ ဆိုင်ပါတယ်။

စိတ်ကျန်းမာရေး ကောင်းတယ်ဆိုတာ ဘာလဲ

စိတ်ကျန်းမာရေး ကောင်းတယ်ဆိုတာ ကောင်းကောင်း တွေးတောခံစားနိုင်တာ၊ စွမ်းဆောင်နိုင်တာကို ဆိုလိုတယ်။ စိတ်ကျန်းမာရေး ကောင်းသူဟာ သာမန် စိတ်ဖိစီးမှုလောက်ကို ကောင်းကောင်း ဖြေရှင်းနိုင်တယ်။ အလုပ်တွင်တယ်။ ဘဝမှာ ကျေနပ်နေတယ်။

စိတ်မူမမှန်မှုဆိုတာ ဘာလဲ

  • ဗီဇ မကောင်းလို့ ဖြစ်လာတာ မဟုတ်ဘူး။

  • အတွေး၊ ခံစားချက်၊ အပြုအမူ ထိန်းချုပ်ဖို့ ခက်စေတဲ့၊ သိသိသာသာ စိတ်ဓာတ်ကျစေတဲ့ ကျန်းမာရေး ပြဿနာ ဖြစ်တယ်။

  • စိတ်မူမမှန်သူတွေဟာ ပေါင်းသင်းရ ခက်တယ်။ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ကြဘူး။

  • ဘယ်အသက်အရွယ်၊ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေး၊ ပညာရေး၊ စီးပွားရေး နောက်ခံ ရှိရှိ စိတ်မူမမှန်မှု ဝေဒနာ ကြုံရနိုင်တယ်။

စိတ်ကျန်းမာရေး ပြဿနာအတွက် အကူအညီ

ကိုယ်တိုင် ဒါမှမဟုတ် ချစ်မြတ်နိုးရသူ တစ်ယောက် ရုတ်တရက် ထူးထူးဆန်းဆန်း စပြုမူလာမယ်၊ အအိပ်အစား မူမမှန်တော့ဘူး၊ ရေရှည် စိတ်ဖိစီးနေမယ်၊ စိုးရိမ်နေမယ်၊ ဝမ်းနည်းနေမယ်ဆိုရင် ဘာကြောင့် ဖြစ်တယ်၊ ဘယ်လို ကုသနိုင်တယ်ဆိုတာ သိဖို့ အကူအညီ လိုအပ်နိုင်တယ်။ ဘယ်က ရနိုင်သလဲ။

အသက်ရှင်ခဲ့သမျှမှာ ပညာအရှိဆုံး ယေရှုခရစ်က “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ” လို့ ပြောတယ်။ (မဿဲ ၉:၁၂) စိတ်ကျန်းမာရေး ပြဿနာ ရှိသူတွေဟာ သင့်တော်တဲ့ ဆေးဝါးကုသမှု ခံယူလို့၊ ဆေးသောက်လို့ ရောဂါလက္ခဏာတွေ လျော့လာကြတယ်။ ကျေနပ်ပျော်ရွှင်စွာ အသက်ဆက်ရှင်နိုင်ကြတယ်။ ဒါကြောင့် ရောဂါလက္ခဏာ ပြင်းထန်တယ်၊ တာရှည်နေပြီဆိုရင် ကုသမှု ခံယူဖို့ မနှောင့်နှေးပါနဲ့။ a

ကျမ်းစာဟာ ဆေးကျမ်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အချက်တွေ ပါတယ်။ စိတ်ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းဖို့ ကျမ်းစာ ဘယ်လို ကူညီပေးသလဲဆိုတာ နောက်ဆောင်းပါးတွေမှာ ဆွေးနွေးထားပါတယ်။

a ဆေးကုသမှု တစ်မျိုးမျိုးကို ကင်းမျှော်စင်က ထောက်ခံနေတာ မဟုတ်ပါဘူး။ ဘယ်ကုသမှု ရွေးချယ်မယ်ဆိုတာ မဆုံးဖြတ်ခင် ယောက်တိုင်း သေသေချာချာ ဆန်းစစ်သင့်တယ်။