ခရစ်ယာန် ကြင်နာမှု လုပ်ရပ်တစ်ခု
အိန္ဒိယနိုင်ငံ၊ ဂူဂျရတ်ပြည်နယ် ရွာကလေးတစ်ရွာက ဂျွန်ရဲ့ ဖခင်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းမှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခဲ့တယ်။ ဂျွန်၊ မောင်နှမ ငါးယောက်နဲ့ အမေတို့ကတော့ ဘာသာတရား ကိုင်းရှိုင်းတဲ့ ရိုမန်ကက်သလစ်တွေ ဖြစ်တယ်။ အဖေ့ ယုံကြည်ခြင်းကို ဆန့်ကျင်ကြတယ်။
တစ်နေ့၊ အဖေက ဂျွန်ကို အသင်းတော်မှာရှိတဲ့ မိတ်ဆွေတစ်ယောက်ဆီ စာသွားပို့ခိုင်းတယ်။ အဲဒီမနက်ပိုင်းမှာ သံစည်ပိုင်း ဖွင့်ရင်း ဂျွန် ဆိုးဆိုးရွားရွား လက်ရှသွားတယ်။ ဒါပေမဲ့ အဖေ့စကား နာခံချင်လို့ သွေးထွက်နေတဲ့လက်ချောင်းကို အဝတ်စနဲ့ စည်းပြီး စာပို့ဖို့ လမ်းလျှောက်ထွက်လာတယ်။
လိပ်စာအတိုင်း ဂျွန် ရောက်သွားတဲ့အခါ ယေဟောဝါသက်သေဖြစ်တဲ့ အိမ်ရှင်မက စာအိတ်ကို လက်ခံယူတော့ ဂျွန်ရဲ့ လက်ဒဏ်ရာကို သတိထားမိတယ်။ ချက်ချင်း ဆေးသေတ္တာ သွားယူ၊ ဒဏ်ရာကို ပိုးသတ်ဆေးနဲ့ ဆေးကြောပြီး ပတ်တီးစည်းပေးလိုက်တယ်။ ပြီးတော့ လက်ဖက်ရည် ပူပူလေး တိုက်ပြီး ကျမ်းစာအကြောင်း ရင်းရင်းနှီးနှီး ပြောပြတယ်။
စကားပြောရင်း သက်သေခံတွေအပေါ် ဂျွန်ရဲ့ စိတ်ကွက်မှု ပျော့ပျောင်းလာတယ်။ ဒါကြောင့် ဖခင်နဲ့ မိမိရဲ့ ယုံကြည်ချက် ကွဲပြားမှုနှစ်ခုအကြောင်း မေးကြည့်တယ်။ ယေရှုက ဘုရားလား၊ မာရိဆီ ခရစ်ယာန်တွေ ဆုတောင်းသင့်သလား ဆိုတာတွေပေါ့။ သက်သေခံ ညီအစ်မက ဂျွန်ရဲ့ ဂူဂျရာတီစကား တတ်ထားလို့ ကျမ်းစာကနေ အဖြေပေးပြီး “နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း” စာအုပ်ငယ်ကို ပေးလိုက်တယ်။
နောက်ပိုင်း အဲဒီစာအုပ်ငယ်ကို ဖတ်ပြီး ကျမ်းစာအမှန်တရားကို ဦးဆုံးအကြိမ် သိရတာပဲလို့ ဂျွန် ခံစားလိုက်ရတယ်။ ဒါနဲ့ ဘုန်းတော်ကြီးဆီ သွားပြီး အထက်က မေးခွန်းနှစ်ခုကို မေးခဲ့တယ်။ ဘုန်းတော်ကြီး ဒေါသထွက်ပြီး ကျမ်းစာနဲ့ ပစ်ပေါက်လိုက်တယ်။ “မင်း စာတန် ဖြစ်သွားပြီ။ ယေရှု ဘုရား မဟုတ်ဘူး၊ မာရိကို မကိုးကွယ်ရဘူးလို့ ပြောထားတဲ့ကျမ်းချက် ငါ့ကို ပြစမ်း။ ပြစမ်း” လို့ အော်ပြောတယ်။ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကြောင့် ဂျွန် အံ့အားသင့်သွားပြီး “ကက်သလစ် ဘုရားကျောင်းမှာ ဘယ်တော့မှ ခြေမချတော့ဘူး” လို့ပြောလိုက်တယ်။ တကယ်လည်း ခြေမချတော့ပါဘူး။
မကြာခင်မှာပဲ သက်သေခံတွေနဲ့ ကျမ်းစာ လေ့လာပြီး စစ်မှန်တဲ့ ဝတ်ပြုရေးဘက် ရပ်တည်ခဲ့တယ်။ ယေဟောဝါကို စတင် ဝတ်ပြုလာတယ်။ အချိန်တန်တော့ တခြားမိသားစုဝင် အတော်များများလည်း ဝတ်ပြုလာကြတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်တုန်းက ညာဘက်လက်ညှိုးမှာ ရခဲ့တဲ့ဒဏ်ရာ အမာရွတ် ဒီနေ့ထိ ရှိနေတုန်းပါပဲ။ စင်ကြယ်တဲ့ ဝတ်ပြုရေးဘက် ဆွဲဆောင်ခဲ့တဲ့ ခရစ်ယာန်ကြင်နာမှု လုပ်ရပ်တစ်ခုကို ဂျွန် အမှတ်ရနေတုန်းပါပဲ။—၂ ကော. ၆:၄၊ ၆။