ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ—မာဒါဂတ်စကာမှာ
“ရှေ့ဆောင်တွေ အကြီးအကျယ် လိုအပ်နေတဲ့ဒေသတွေမှာ အမှုဆောင်နေတဲ့ မိတ်ဆွေတွေရဲ့ တွေ့ကြုံမှုတွေ ကြားရတဲ့အခါ ကျွန်မလည်း အဲဒီလို ရွှင်လန်းမှုကို မြည်းစမ်းချင်မိတယ်” လို့ အသက် ၂၇ နှစ်အရွယ် ရှေ့ဆောင် ဆီလ်ဗီယာနာ ပြောတယ်။ “ဒါပေမဲ့ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ မဖြစ်နိုင်ဘူး” လို့ ထပ်ပြောတယ်။
ဆီလ်ဗီယာနာရဲ့ ခံစားချက်ကို စဉ်းစားကြည့်နိုင်မလား။ ဘုရားနိုင်ငံတော်လုပ်သားတွေ ပိုလိုအပ်နေတဲ့ဒေသမှာ အမှုဆောင်ချင်ပေမဲ့ ဖြစ်နိုင်ပါ့မလားလို့ သင်လည်း တွေးပူနေပါသလား။ စိတ်ဓာတ်မကျပါနဲ့။ ထောင်နဲ့ချီတဲ့ ညီအစ်ကို/မတွေဟာ အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ အဟန့်အတားတွေကို ယေဟောဝါရဲ့ အကူအညီနဲ့ ကျော်လွှား အောင်မြင်ခဲ့ကြပါပြီ။ တချို့အတွက် ယေဟောဝါ လမ်းဖွင့်ပေးခဲ့ပုံကို သိဖို့ ကမ္ဘာ့စတုတ္ထအကြီးဆုံးကျွန်း မာဒါဂတ်စကာကို သွားကြည့်ရအောင်။
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ၁၁ နိုင်ငံက ထက်သန်တဲ့ ကြေညာသူနဲ့ ရှေ့ဆောင် ၇၀ ကျော်ဟာ ဖြစ်ထွန်းအောင်မြင်တဲ့ ဒီအာဖရိကလယ်ကွင်းမှာ လာရောက်အမှုဆောင်ခဲ့ကြတယ်။ * ဒေသခံတွေဟာ ကျမ်းစာကို လေးစားကြတယ်။ ဒီကြီးမားကျယ်ပြန့်တဲ့ ဒေသတစ်လျှောက်မှာ ဘုရားနိုင်ငံတော် သတင်းတရား ပျံ့နှံ့စေဖို့ ဒေသခံ ကြေညာသူများစွာလည်း လိုလိုလားလား ပြောင်းရွှေ့အမှုဆောင်ကြတယ်။ တချို့အကြောင်း လေ့လာကြည့်ရအောင်။
စိုးရိမ်ကြောက်လန့်မှုနဲ့ စိတ်ဓာတ်ကျမှုကို ကျော်လွှားခြင်း
အသက် ၃၀ ကျော် မောင်နှံ လူဝီနဲ့ ပေရင်းတို့ဟာ ပြင်သစ်ကနေ မာဒါဂတ်စကာကို ပြောင်းရွှေ့ကြတယ်။ နှစ်တွေတစ်လျှောက် တိုင်းတစ်ပါးမှာ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ စဉ်းစားနေခဲ့ပေမဲ့ ပေရင်းက ပြောင်းရွှေ့ဖို့ တွန့်ဆုတ်ခဲ့တယ်။ “မသိကျွမ်းတဲ့နေရာကို သွားရမှာ ကြောက်တယ်။ မိသားစု၊ အသင်းတော်၊ အိမ်၊ ရင်းနှီးကျွမ်းဝင်ပြီးသား နေရာတွေ၊ တခြားလုပ်ရိုးလုပ်စဉ်တွေကို ထားခဲ့ရမှာ စိတ်ပူတယ်။ တကယ်တော့ ကိုယ့်အပူတွေက ကျော်လွှားရမယ့် အကြီးမားဆုံး အတားအဆီးတွေ ဖြစ်နေတယ်” လို့ ပေရင်း ပြောပြတယ်။ ၂၀၁၂ ခုနှစ်မှာ ပေရင်း သတ္တိမွေးပြီး သူတို့မောင်နှံ ပြောင်းရွှေ့သွားကြတယ်။ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပေရင်း ဘယ်လို ခံစားရသလဲ။ “နောက်ကြောင်းပြန်တွေးကြည့်တဲ့အခါ ကျွန်မတို့ရဲ့ အသက်တာမှာ ယေဟောဝါရဲ့ အကူအညီကို တွေ့ကြုံခံစားခဲ့ကြရတာက ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ အတွေ့အကြုံပဲလို့ ပြောနိုင်ပါတယ်” တဲ့။ လူဝီကလည်း “မာဒါဂတ်စကာမှာ ပထမဆုံး အောက်မေ့ရာပွဲမှာ ကျွန်တော်တို့ရဲ့
ကျမ်းစာသင်သား ၁၀ ယောက် တက်ရောက်ခဲ့တယ်” လို့ဖြည့်ပြောတယ်။ပြဿနာတွေ ပေါ်လာတဲ့အခါ တာဝန်ကျရာမှာ ဆက်နေနိုင်ဖို့ ဒီမောင်နှံကို ဘာက ခွန်အားပေးခဲ့သလဲ။ ခံနိုင်ရည်ရှိဖို့ လိုအပ်တဲ့ အစွမ်းခွန်အားပေးပါလို့ ယေဟောဝါဆီ တိုးလျှိုးအသနားခံ ဆုတောင်းခဲ့ကြတယ်။ (ဖိ. ၄:၁၃) “ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေကြားပေးပြီး ‘ဘုရားသခင့် ငြိမ်သက်ခြင်း’ ခံစားခဲ့ရတယ်။ အမှုဆောင်ခြင်းကနေ ရရှိတဲ့ရွှင်လန်းမှုတွေကို အာရုံစိုက်နိုင်ခဲ့ကြတယ်။ အိမ်က မိတ်ဆွေတွေကလည်း လက်မလျှော့ဖို့ အီးမေးလ်တွေ၊ စာတွေ ပို့ပြီးအားပေးခဲ့ကြတယ်” လို့ လူဝီပြောတယ်။—ဖိ. ၄:၆၊ ၇။ ၂ ကော. ၄:၇။
လူဝီနဲ့ ပေရင်းတို့ ပြခဲ့တဲ့ ခံနိုင်ရည်ကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးခဲ့တယ်။ “၂၀၁၄ အောက်တိုဘာလမှာ ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်း * ကို ပြင်သစ်မှာ တက်ခဲ့တယ်။ အဲဒီသင်တန်း တက်ရတာက ယေဟောဝါပေးတဲ့ မမေ့နိုင်စရာ လက်ဆောင်ပါပဲ” လို့ လူဝီ ပြောတယ်။ သင်တန်းဆင်းပြီးတဲ့နောက် မာဒါဂတ်စကာမှာ တာဝန်ပြန်ကျလို့ ဒီမောင်နှံ ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။
“ဂုဏ်ယူနေမှာပါ”
ပြင်သစ်က အသက် ၅၀ ကျော် မောင်နှံစုံ ဒီဒီယာနဲ့ နာဒီနေတို့လည်း ၂၀၁၀ ပြည့်နှစ်မှာ မာဒါဂတ်စကာကို ပြောင်းရွှေ့ခဲ့ကြတယ်။ “ကျွန်တော်တို့ ငယ်ရွယ်တုန်းမှာ ရှေ့ဆောင်လုပ်ကြတယ်။ နောက်တော့ သားသမီးသုံးယောက် ထွန်းကားတယ်။ သားသမီးတွေ အရွယ်ရောက်တော့ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ ဖြစ်နိုင်မလားလို့ စဉ်းစားကြတယ်” လို့ ဒီဒီယာ ပြောတယ်။ “သားသမီးတွေနဲ့ ခွဲရမယ်ဆိုတဲ့အတွေးက ကျွန်မကို တွန့်ဆုတ်စေတယ်။ ဒါပေမဲ့ သားသမီးတွေက ‘ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်သူတွေအနေနဲ့ တိုင်းတစ်ပါးကို ပြောင်းရွှေ့မယ်ဆိုရင် သားတို့သမီးတို့ ဂုဏ်ယူနေမှာပါ’ လို့ပြောကြတယ်။ သူတို့ရဲ့စကားတွေက ပြောင်းရွှေ့ဖို့ အားပေးမှု ဖြစ်ခဲ့တယ်။ အခု သူတို့နဲ့ ဝေးကွာနေပေမဲ့ မကြာခဏ စကားပြောနိုင်လို့ ဝမ်းသာတယ်” လို့ နာဒီနေ ပြောတယ်။
ဒီဒီယာနဲ့ နာဒီနေတို့အတွက် မာလာဂါဆီဘာသာစကား သင်ယူရတာ တကယ့်စိန်ခေါ်ချက်ပါပဲ။ “ကျွန်မတို့က အသက် ၂၀ အရွယ်တွေမှ မဟုတ်တော့တာ” လို့ နာဒီနေ ပြုံးပြီး ပြောတယ်။ သူတို့ ဘယ်လို အောင်မြင်ခဲ့ကြသလဲ။ ပထမ၊ ပြင်သစ်စကားပြောအသင်းတော်နဲ့ ပူးပေါင်းတယ်။ နောက်တော့ ဒေသခံဘာသာစကားကို သင်ယူဖို့ အဆင်သင့်ဖြစ်လာတဲ့အခါ မာလာဂါဆီစကားပြောအသင်းတော်ကို ပြောင်းရွှေ့ကြတယ်။ နာဒီနေ ဒီလိုပြောတယ်– “ဟောပြောခြင်းလုပ်ငန်းမှာ တွေ့ရတဲ့လူတွေဟာ ကျမ်းစာလေ့လာချင်ကြတယ်။ သူတို့ဆီ လည်ပတ်တဲ့အခါ ကျေးဇူးတင်ကြတယ်။ အစပိုင်းမှာတော့ ယုံတောင်မယုံနိုင်ဘူး။ ဒီဒေသမှာ ရှေ့ဆောင်လုပ်ရတာ ကျွန်မ ကြိုက်တယ်။ မနက်နိုးတာနဲ့ ‘ကောင်းလိုက်တာ။ ဒီနေ့ ဟောပြောရမယ်’ လို့ ပြောမိတယ်။”
မာလာဂါဆီစကား သင်ယူခါစအချိန်ကို ပြန်တွေးတိုင်း ဒီဒီယာ ပြုံးမိတယ်။ “အသင်းတော်အစည်းအဝေးတစ်ခုကို ဦးစီးကိုင်တွယ်ပေးရပေမဲ့ ညီအစ်ကို/မတွေရဲ့ အဖြေတစ်ခုကိုမှ နားမလည်ခဲ့ဘူး။ ‘ကျေးဇူးတင်ပါတယ်’ လို့ပဲ ပြောတတ်တယ်။ ညီအစ်မတစ်ယောက်ရဲ့ အဖြေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တော့ ညီအစ်မနောက်မှာ ထိုင်နေတဲ့သူတချို့က အဖြေမှားနေတယ်လို့ အမူအယာနဲ့ သတိပေးကြတယ်။ ချက်ချင်းပဲ အဖြေမှန်ပေးမယ့် ညီအစ်ကိုကို ခေါ်လိုက်တယ်။ သူ မှန်မယ် ထင်တာပဲ။”
ဖိတ်ခေါ်ချက်ကို ဝမ်းသာအားရ လက်ခံ
၂၀၀၅ ခုနှစ် အစည်းအဝေးကြီးမှာ သီအယ်ရီနဲ့ ဇနီးနာဒီယာတို့ဟာ “ဘုရားသခင်အား ဂုဏ်တင်သော ပန်းတိုင်များကို မီအောင်လိုက်လော့” ပြဇာတ်ကို ကြည့်ခဲ့ကြတယ်။ တိမောသေအကြောင်း ကျမ်းစာပြဇာတ်က သူတို့ရဲ့ စိတ်နှလုံးကို ထိမိခဲ့ပြီး ဘုရားနိုင်ငံတော်လုပ်သားတွေ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ချင်တဲ့ဆန္ဒ ပိုပြင်းပြစေခဲ့တယ်။ သီအယ်ရီ ဒီလိုပြောတယ်– “ပြဇာတ်ပြီးတော့ လက်ခုပ်တီးရင်း မိန်းမဘက် ကိုင်းပြီး ‘ငါတို့ ဘယ်သွားကြမလဲ’ လို့မေးလိုက်တယ်။ ကျွန်တော့်ဇနီးလည်း အဲဒါပဲ စဉ်းစားနေတာလို့ ပြောတယ်။” သိပ်မကြာခင်မှာပဲ သူတို့ရဲ့ပန်းတိုင် ပြည့်မီဖို့ စလုပ်ဆောင်ကြတယ်။ “ခရီးဆောင်လက်ဆွဲအိတ် လေးလုံးစာပဲ ကျန်တဲ့အထိ ပိုင်ဆိုင်ရာတွေကို လျှော့ချလိုက်ကြတယ်” လို့ နာဒီယာ ပြောပြတယ်။
မာဒါဂတ်စကာကို ၂၀၀၆ ခုနှစ်မှာ ရောက်လာကြတယ်။ ရောက်ကတည်းက အမှုဆောင်လုပ်ငန်းမှာ ပျော်ကြတယ်။ “ကျွန်မတို့နဲ့ တွေ့တဲ့လူတွေကြောင့် တအားပျော်ရတယ်” လို့ နာဒီယာ ပြောတယ်။
ဒါပေမဲ့ ခြောက်နှစ်ကြာပြီးတဲ့နောက် ဒီမောင်နှံလည်း အခက်အခဲတစ်ခု ရင်ဆိုင်ရတယ်။ ပြင်သစ်မှာနေတဲ့ နာဒီယာရဲ့ မိခင် မာရီမာဒီလင်း ချော်လဲလို့ လက်ကျိုးပြီး ခေါင်းမှာ ဒဏ်ရာရသွားတယ်။ ဒါနဲ့ အမေ့ရဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတဲ့နောက် မာဒါဂတ်စကာမှာ အတူလာနေဖို့ အမေ့ကို ပြောတယ်။ အသက် ၈၀ ရှိနေပြီဖြစ်ပေမဲ့ ဖိတ်ခေါ်ချက်ကို ဝမ်းသာအားရ လက်ခံခဲ့တယ်။ တိုင်းတစ်ပါးမှာ နေရတာကို မာရီမာဒီလင်း ဘယ်လို ခံစားရသလဲ။ “ကိုယ်တိုင်ရဲ့ အကန့်အသတ်တွေ ရှိလို့ တစ်ခါတလေ နေသားကျဖို့ ခက်ပေမဲ့ အသင်းတော်မှာ အသုံးဝင်နေသေးတယ်လို့ ခံစားရတယ်။ ဒီမှာ လာနေတာက ကျွန်မရဲ့ သားသမီးတွေ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်နေဖို့ အကူအညီ ဖြစ်စေလို့ တကယ်ပျော်ပါတယ်” လို့ မာရီမာဒီလင်း ပြောတယ်။
“ယေဟောဝါရဲ့ ကူညီမစမှု ခံစားရတယ်”
ရီယာနာဟာ အသက် ၂၂ နှစ်အရွယ် ညီအစ်ကိုပါ။ မာဒါဂတ်စကာအရှေ့ပိုင်း မြေဩဇာကောင်းတဲ့ဒေသ အလိုအိုထရာ မန်ဂိုရိုမှာ ကြီးပြင်းလာတယ်။ ကျောင်းမှာ စာတော်တော့ အဆင့်မြင့်ပညာရေးကို လိုက်စားချင်ခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာ လေ့လာပြီးတဲ့နောက် စိတ်ပြောင်းသွားတယ်။ “ကျောင်း စောစောပြီးအောင် ကြိုးစားပြီး ‘စာမေးပွဲ အောင်မယ်ဆိုရင် ရှေ့ဆောင် စလုပ်ပါမယ်’ လို့ ယေဟောဝါဆီ ကတိပေးခဲ့တယ်။” ကျောင်းပြီးသွားတော့ ရီယာနာ ကတိတည်ခဲ့ပါတယ်။ ရှေ့ဆောင်ညီအစ်ကိုတစ်ယောက်နဲ့ သွားနေပြီး အချိန်ပိုင်းအလုပ် လုပ်တယ်။ ရှေ့ဆောင် စလုပ်တယ်။ “ဆုံးဖြတ်ခဲ့သမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ” လို့ ရီယာနာ ပြောတယ်။
ဒါပေမဲ့ ဆွေမျိုးတွေက ရီယာနာ လောကအလုပ် ဘာကြောင့် မလုပ်သလဲဆိုတာကို နားမလည်နိုင်ကြဘူး။ “အဖေ၊ ဦးလေး၊ အဘွားလေးတို့က အဆင့်မြင့်ပညာရေး လိုက်စားဖို့ အားပေးခဲ့ကြတယ်။ ဒါပေမဲ့ ဘာအတွက်ကြောင့်မှ ရှေ့ဆောင်လုပ်ငန်းကို မရပ်ချင်ဘူး” လို့ ရီယာနာ ပြောတယ်။ မကြာခင်မှာပဲ ရီယာနာဟာ ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်ချင်လာတယ်။ ဘာကြောင့် အဲဒီဆန္ဒ ပေါ်လာရသလဲ။ ရီယာနာ ဒီလိုပြောပြတယ်– “ကျွန်တော်တို့အိမ်ကို သူခိုးတွေ ဝင်လာပြီး ပစ္စည်းအတော်များများ ခိုးသွားကြတယ်။ အဲဒီဖောက်ထွင်းမှုက ‘ကောင်းကင်ဘဏ္ဍာကိုပဲ စုဆောင်းကြပါ’ ဆိုတဲ့ ယေရှုရဲ့ စကားတွေကို သတိရစေတယ်။ ဒါကြောင့် ဘုရားရေးရာဘဏ္ဍာ စုဆောင်းရာမှာ ပိုကြိုးစားဖို့ ဆုံးဖြတ်ခဲ့တယ်။” (မ. ၆:၁၉၊ ၂၀) နေခဲ့တဲ့နေရာကနေ မိုင် ၈၀၀ (ကီလိုမီတာ ၁,၃၀၀) ဝေးတဲ့ နိုင်ငံရဲ့ တောင်ဘက်စွန်း မိုးခေါင်ရေရှားဒေသကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီဒေသမှာ အန်တန်ဒရိုအီ လူမျိုးတွေ နေထိုင်ကြတယ်။ ဘာကြောင့် အဲဒီကို သွားရသလဲ။
ဖောက်ထွင်းမှု မတိုင်ခင် တစ်လမှာ ရီယာနာက အန်တန်ဒရိုအီ အမျိုးသားနှစ်ယောက်နဲ့ ကျမ်းစာသင်အံမှု စတင်ခဲ့ပြီ။ သူတို့ရဲ့ ဘာသာစကားကို အနည်းငယ် လေ့လာထားတော့ ဘုရားနိုင်ငံတော် သတင်းတရား မကြားရသေးတဲ့ အန်တန်ဒရိုအီ လူမျိုးတွေအကြောင်း စဉ်းစားမိတယ်။ “အန်တန်ဒရိုအီ စကားပြောဒေသကို ပြောင်းရွှေ့ဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်” လို့ ရီယာနာ ပြောတယ်။
ရီယာနာ ပြောင်းရွှေ့ချင်းမှာပဲ အခက်အခဲတစ်ခု ကြုံခဲ့တယ်။ အလုပ် ရှာမရဘူး။ လူတစ်ယောက်က “ဒီကို ဘာလို့ လာတာလဲ။ အလုပ်ရှာဖို့ ဒီကလူတွေတောင် မင်းနေခဲ့တဲ့နေရာကို သွားကြတာ” လို့ပြောတယ်။ နှစ်ပတ်ကြာတော့ ခရိုင်အစည်းအဝေးတစ်ခု တက်ဖို့ ငွေတစ်ပြားမှ မပါဘဲ ထွက်သွားတယ်။ ဘာလုပ်ရမှန်း မသိဘူး။ အစည်းအဝေး နောက်ဆုံးနေ့မှာ ညီအစ်ကိုတစ်ယောက်က ရီယာနာရဲ့ ကုတ်အင်္ကျီအိတ်ကပ်ထဲ တစ်ခုခု ထည့်ပေးလိုက်တယ်။ အဲဒါက အန်တန်ဒရိုအီကို အပြန်စရိတ်အပြင် ဒိန်ချဉ်ရောင်းတဲ့လုပ်ငန်းလေး စဖို့ လုံလောက်တဲ့ ငွေပမာဏ ဖြစ်နေတယ်။ “ယေဟောဝါ အချိန်ကိုက် ကူညီပေးတယ်လို့ ခံစားရတယ်။ ယေဟောဝါအကြောင်း မသိသေးတဲ့သူတွေကို ဆက်ကူညီပေးနိုင်တယ်။ အသင်းတော်မှာလည်း လုပ်စရာအများကြီး ရှိတယ်။ နှစ်ပတ်တစ်ခါ လူထုဟောပြောချက် ပေးဖို့ တာဝန်ကျတယ်။ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ကျွန်တော့်ကို လေ့ကျင့်ပေးနေတယ်” လို့ ရီယာနာ ပြောတယ်။ ရီယာနာဟာ ယေဟောဝါ
အကြောင်း သိချင်တဲ့ အန်တန်ဒရိုအီ စကားပြောတဲ့လူများစွာကို ဘုရားနိုင်ငံတော် သတင်းတရား ပြောပြနေတုန်းပါပဲ။“အမှန်တရားရဲ့ ဘုရားသခင်ဆီကနေပဲ ကောင်းချီးခံစားရ”
“ကမ္ဘာပေါ်မှာ ကောင်းချီးတောင်းခံသူတွေဟာ အမှန်တရားရဲ့ ဘုရားသခင်ဆီကနေပဲ ကောင်းချီးခံစားရမယ်” လို့ ယေဟောဝါ စိတ်ချစေတယ်။ (ဟေရှာ. ၆၅:၁၆) အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ အတားအဆီးတွေကို ကျော်လွှားနိုင်အောင် ကြိုးစားတဲ့အခါ ယေဟောဝါရဲ့ ကောင်းချီးကို တကယ်ပဲ ခံစားရပါတယ်။ ဆောင်းပါးအစပိုင်းမှာ ဖော်ပြတဲ့ ဆီလ်ဗီယာနာအကြောင်း သုံးသပ်ကြည့်ပါ။ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး စိုးရိမ်ခဲ့တာကို သတိရပါ။ ဘာကြောင့် အဲဒီလို ထင်ခဲ့ရတာလဲ။ “ကျွန်မရဲ့ ဘယ်ခြေထောက်က ညာဘက်ခြေထောက်ထက် သုံးလက်မခွဲ (၉ စင်တီမီတာ) လောက် တိုနေတယ်။ ထော့နဲ့ထော့နဲ့ လျှောက်ရတော့ ခဏလေးနဲ့ မောတယ်” လို့ ဆီလ်ဗီယာနာ ရှင်းပြတယ်။
ဘာပဲဖြစ်ဖြစ် ဆီလ်ဗီယာနာဟာ ၂၀၁၄ ခုနှစ်မှာ အသင်းတော်က ရှေ့ဆောင်ညီအစ်မငယ် ဆီလ်ဗီအန်း နဲ့အတူ ဇာတိမြို့ကနေ ၅၃ မိုင် (၈၅ ကီလိုမီတာ) ဝေးတဲ့ ရွာငယ်လေးကို ပြောင်းရွှေ့လိုက်တယ်။ အခက်အခဲတွေ ရှိပေမဲ့ ဆီလ်ဗီယာနာ စိတ်ကူးတဲ့အတိုင်း ဖြစ်လာခဲ့ပြီ။ တကယ့်ကောင်းချီးပါပဲ။ “တာဝန်သစ်မှာ တစ်နှစ်အမှုဆောင်ပြီးတဲ့နောက် ကျွန်မ ကျမ်းစာသင်ပေးတဲ့၊ ငယ်ရွယ်တဲ့မိခင် ဒိုရတင်းဟာ တိုက်နယ်အစည်းအဝေးမှာ နှစ်ခြင်းခံခဲ့တယ်” လို့ ဆီလ်ဗီယာနာ ပြောပြတယ်။
‘ငါကူညီပေးမယ်’
ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ကြတဲ့ ဒီညီအစ်ကို/မတွေရဲ့ ယုံကြည်ချက်တွေက ဖော်ပြတဲ့အတိုင်းပဲ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ အခက်အခဲကို ကျော်လွှားဖို့ ကျွန်တော်တို့ ကြိုးစားတဲ့အခါ “မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်” ဆိုတဲ့ ယေဟောဝါရဲ့ ကတိတော် မှန်ကန်မှုကို ကိုယ်တွေ့ ခံစားရပါမယ်။ (ဟေရှာ. ၄၁:၁၀) ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးလည်း ပိုနက်ရှိုင်းလာပါလိမ့်မယ်။ ဒီ့အပြင် ကိုယ့်ဒေသမှာပဲဖြစ်ဖြစ်၊ တိုင်းတစ်ပါးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ခြင်းက ကမ္ဘာသစ်မှာ စောင့်ကြိုနေတဲ့ ဘုရားရေးရာလုပ်ငန်းတွေအတွက် အသင့်ပြင်ပေးတယ်။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒီဒီယာက “ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ခြင်းဟာ အနာဂတ်အတွက် လေ့ကျင့်မှုကောင်းပါပဲ” လို့ပြောတယ်။ တလိုတလားရှိတဲ့လုပ်သားများများ အဲဒီလေ့ကျင့်မှုကို အဆောတလျင် စနိုင်ကြပါစေ။
^ စာပိုဒ်၊ 4 ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်တဲ့သူတွေဟာ ကနေဒါ၊ ချက်၊ ပြင်သစ်၊ ဂျာမနီ၊ ဂွါဒီလုတ်၊ လူဇင်ဘတ်၊ နယူး ကယ်လီဒိုးနီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့ကနေ လာကြတယ်။
^ စာပိုဒ်၊ 8 သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းနဲ့ အခု အစားထိုးလိုက်ပြီ။ အရည်အချင်း ပြည့်မီတဲ့၊ တိုင်းတစ်ပါးမှာ အချိန်ပြည့်အမှုဆောင်နေသူတွေဟာ မိခင်ဘာသာစကားနဲ့ ကျင်းပတဲ့သင်တန်းကို ကိုယ့်နိုင်ငံမှာဖြစ်ဖြစ်၊ တခြားနိုင်ငံမှာဖြစ်ဖြစ် တက်ဖို့ လျှောက်ထားနိုင်ပါတယ်။