မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ဘုရင် ဒါဝိဒ်တပ်မှာ တိုင်းတစ်ပါးသားတွေ ဘာကြောင့် စစ်မှုထမ်းသလဲ

ဒါဝိဒ်တပ်မှာ အမ္မုန်အမျိုးသား ဇေလက်၊ ဟိတ္တိလူမျိုး ဥရိယ၊ မောဘအမျိုးသား အိသမတို့လို တိုင်းတစ်ပါးသား စစ်သည်တွေ ပါတယ်။ a (၁ ရာ. ၁၁:၃၉၊ ၄၁၊ ၄၆) “ခေရသိလူတွေ၊ ပေလသိလူတွေနဲ့ . . . ဂါသမြို့သား” တွေလည်း ပါတယ်။ (၂ ရှ. ၁၅:၁၈) ခေရသိလူတွေ၊ ပေလသိလူတွေဟာ ဖိလိတိတွေနဲ့ ဆက်နွှယ်ပုံပဲ။ (ယေဇ. ၂၅:၁၆) ဂါသမြို့သားတွေကတော့ ဖိလိတိပြည်၊ ဂါသမြို့က ဖြစ်တယ်။—ယောရှု ၁၃:၂၊ ၃။ ၁ ရှ. ၆:၁၇၊ ၁၈

တိုင်းတစ်ပါးသားတွေကို ဒါဝိဒ် ဘာကြောင့် စစ်မှုထမ်းစေသလဲ။ မိမိအပေါ်၊ အထူးသဖြင့် ယေဟောဝါအပေါ် သစ္စာရှိသူတွေ ဖြစ်မှန်း စိတ်ချလို့ပဲ။ ဥပမာ၊ ခေရသိလူတွေ၊ ပေလသိလူတွေဟာ “ဒါဝိဒ်နန်းသက်အတွင်း အခက်ခဲဆုံး အခြေအနေတွေမှာ သစ္စာရှိမြဲ ရှိကြတယ်” လို့ ကျမ်းအဘိဓာန်တစ်အုပ် (The New Interpreter’s Dictionary of the Bible) က ဆိုတယ်။ ဘယ်လို သစ္စာရှိကြသလဲ။ ဒါဝိဒ်မင်းနောက် “အစ္စရေးတွေ” မလိုက်တော့ဘဲ “ရှေဘလို့ ခေါ်တဲ့ ပြဿနာဖန်တီးသူ” နောက် လိုက်သွားချိန်မှာ ဒါဝိဒ်အပေါ် ခေရသိလူတွေ၊ ပေလသိလူတွေ ဆက်သစ္စာရှိကြတယ်။ ရှေဘရဲ့ ပုန်ကန်မှုကို လိုက်နှိမ်နင်းကြတယ်။ (၂ ရှ. ၂၀:၁၊ ၂၊) နောက်တော့ ဒါဝိဒ်မင်းရဲ့သား အဒေါနိယ နန်းသိမ်းဖို့ ကြိုးစားတယ်။ ဒီတစ်ကြိမ်မှာလည်း ဒါဝိဒ်အပေါ် ခေရသိလူတွေ၊ ပေလသိလူတွေ သစ္စာရှိကြတယ်။ မင်းလောင်းအဖြစ် ယေဟောဝါ ရွေးထားတဲ့ ရှောလမုန်ကို မင်းမြှောက်နိုင်ဖို့ ကူညီကြတယ်။—၁ ဘု. ၁:၂၄-၂၇၊ ၃၈၊ ၃၉

ဒါဝိဒ်အပေါ် သိပ်သစ္စာရှိတဲ့ တိုင်းတစ်ပါးသား နောက်တစ်ယောက်ကတော့ ဂါသမြို့သား အိတဲပါ။ အစ္စရေးတွေ မိမိဘက် ပါလာအောင် ပုန်ကန်သူ အဗရှလုံ သိမ်းသွင်းချိန်မှာ ဒါဝိဒ်မင်းကို အိတဲတို့ စစ်သည် ၆၀၀ ထောက်မပေးကြတယ်။ တိုင်းတစ်ပါးသား ဖြစ်တဲ့အတွက် လက်ရှောင်နေလို့ ရတဲ့အကြောင်း အိတဲကို ဒါဝိဒ် ပြောသေးတယ်။ ဒါပေမဲ့ အိတဲက “အသက်ရှင်နေတဲ့ ဘုရား ယေဟောဝါကို တိုင်တည်ပြီး၊ အသက်ရှင်နေတဲ့ မင်းကြီးကို တိုင်တည်ပြီး ပြောပါ့မယ်။ ကျွန်တော် သေရမယ်ဆိုရင်တောင် မင်းကြီး သွားတဲ့နောက်ကိုပဲ လိုက်ပါ့မယ်” လို့ ပြောတယ်။—၂ ရှ. ၁၅:၆၊ ၁၈-၂၁

ဘုရားဘိသိက်ပေးထားတဲ့ ဘုရင် ဒါဝိဒ်အပေါ် အိတဲ သစ္စာရှိ

ခေရသိလူတွေ၊ ပေလသိလူတွေ၊ ဂါသမြို့သားတွေဟာ တိုင်းတစ်ပါးသား ဖြစ်ပေမဲ့ ယေဟောဝါကို ဘုရားစစ် ဘုရားမှန်အဖြစ်၊ ဒါဝိဒ်ကို ဘုရားဘိသိက်ပေးသူအဖြစ် အသိအမှတ်ပြု လေးစားကြတယ်။ ဒီလို သစ္စာရှိသူတွေ မိမိဘက်မှာ ရပ်တည်လို့ ဒါဝိဒ် သိပ်ကျေးဇူးတင်မှာပဲ။

a အစ္စရေး အစုအဝေးထဲ အမ္မုန်လူမျိုးနဲ့ မောဘလူမျိုး မပါရဘူးလို့ တရားဟောရာ ၂၃:၃-၆ မှာ ပညတ်ထားတယ်။ ဒီပညတ်ဟာ တရားဝင် လူမျိုးအဝင် ဖြစ်လာခြင်းကို ရည်ညွှန်းနေပုံရပြီး ဘုရားလူမျိုးနဲ့ တိုင်းတစ်ပါးသားတွေ ပေါင်းသင်းတာ၊ လာနေတာကို တားမြစ်နေပုံမရဘူး။ ထိုးထွင်းအမြင် (အင်္ဂလိပ်) အတွဲ ၁၊ စာ. ၉၅ ကို ကြည့်ပါ။