မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာကြောင့် “စောင့်နေ” ရမလဲ

ဘာကြောင့် “စောင့်နေ” ရမလဲ

‘သင်တို့၏သခင် ရောက်လာမည့်နေ့ရက်ကို သင်တို့မသိကြ။’—မ. ၂၄:၄၂

သီချင်း– ၁၃၆၊ ၁၂၉

၁။ အချိန်နဲ့ ပတ်ဝန်းကျင်မှာဖြစ်နေတာကို သတိထားဖို့ အရေးကြီးမှန်း ဖော်ပြတဲ့ ဥပမာတစ်ခုပေးပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

စည်းဝေးကြီး စတော့မယ်။ စင်မြင့်ပေါ် သဘာပတိ တက်လာပြီး အားလုံးကို နှုတ်ဆက်တယ်။ ထိုင်ဖို့ အချိန်ရောက်ပြီဆိုတာ ပရိသတ်တွေ သိတယ်။ တေးသံသာကို ထိုင်နားထောင်ပြီး ကြားရတော့မယ့် ဟောပြောချက်တွေအတွက် စိတ်နှလုံးကို အသင့်ပြင်ရမယ့်အချိန်ပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က သဘာပတိ တက်လာတာ၊ တေးသံသာစနေတာကို သတိမထားမိလို့ လျှောက်သွားပြီး စကားပြောနေနိုင်တယ်။ အချိန်နဲ့ ပတ်ဝန်းကျင်မှာဖြစ်နေတာကို သတိမထားမိတဲ့အခါ ဘာဖြစ်နိုင်မှန်း အဲဒီဥပမာက ဖော်ပြတယ်။ ကျွန်တော်တို့ သင်ခန်းစာယူစရာပဲ။ အကြောင်းကတော့ သတိနဲ့စောင့်နေရမယ့် ပိုကြီးမားတဲ့ဖြစ်ရပ်တစ်ခု သိပ်မကြာခင် ဖြစ်လာတော့မှာမို့လို့ပဲ။ ဘယ်ဖြစ်ရပ်လဲ။

၂။ “စောင့်နေကြလော့” လို့ တပည့်တွေကို ယေရှု ဘာကြောင့်ပြောခဲ့သလဲ။

တပည့်တွေကို “လောကစနစ်နိဂုံးပိုင်း” အကြောင်း ယေရှုခရစ် ပြောရင်း “ထိုအချိန်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့၊ နိုးကြားလျက်နေကြလော့” လို့ တိုက်တွန်းခဲ့တယ်။ ပြီးနောက် “စောင့်နေကြလော့” လို့ အကြိမ်ကြိမ် သတိပေးခဲ့တယ်။ (မ. ၂၄:၃; မာကု ၁၃:၃၂–၃၇ ကိုဖတ်ပါ။) အဲဒီအကြောင်း တပည့်တွေကို သတိပေးခဲ့တယ်လို့ မဿဲကျမ်းမှတ်တမ်းမှာလည်း ဖော်ပြတယ်။ “သင်တို့၏သခင် ရောက်လာမည့်နေ့ရက်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့” လို့ ယေရှု ပြောတယ်။ “အသင့်ရှိနေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သော အချိန်နာရီတွင် လူသားသည် ကြွလာလိမ့်မည်” လို့ ထပ်သတိပေးတယ်။ အဲဒီနောက် “နေ့ရက်၊ အချိန်နာရီကို သင်တို့မသိသောကြောင့် စောင့်နေကြလော့” လို့ ယေရှု ထပ်ပြောတယ်။—မ. ၂၄:၄၂-၄၄; ၂၅:၁၃

၃။ ယေရှုရဲ့သတိပေးချက်ကို ကျွန်တော်တို့ ဘာကြောင့် အလေးထားသလဲ။

ယေဟောဝါသက်သေတွေအနေနဲ့ ယေရှုရဲ့သတိပေးချက်ကို ကျွန်တော်တို့ အလေးထားတယ်။ နောက်ဆုံးကာလမှာ အသက်ရှင်နေရပြီး သိပ်မကြာခင် “ကြီးစွာသောဒုက္ခ” စတော့မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ (ဒံ. ၁၂:၄; မ. ၂၄:၂၁) ယေရှု ကြိုပြောတဲ့အတိုင်း ယေဟောဝါရဲ့လူမျိုးဟာ တစ်ကမ္ဘာလုံးမှာ နိုင်ငံတော်သတင်း ဟောပြောနေတယ်။ တစ်ချိန်တည်းမှာ စစ်ပွဲ၊ ရောဂါ၊ မြေငလျင်၊ ငတ်မွတ်မှုတွေကို ဒေသများစွာမှာ တွေ့နေရတယ်။ ဘာသာရေးလိမ်ညာမှု၊ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ အရင်ကထက် ပိုများလာတယ်။ (မ. ၂၄:၇၊ ၁၁၊ ၁၂၊ ၁၄; လု. ၂၁:၁၁) ယေရှုကြွလာပြီး ဘုရားရဲ့ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်မယ့်အချိန်ကို ကျွန်တော်တို့ စိတ်ထက်သန်စွာ စောင့်မျှော်နေကြတယ်။—မာ. ၁၃:၂၆၊ ၂၇

အချိန်နီးနေပြီ

၄။ (က) အာမဂေဒုန်စစ်ပွဲ စမယ့်အချိန်ကို ယေရှုသိနေပြီလို့ ဘာကြောင့် ကောက်ချက်ချနိုင်သလဲ။ (ခ) ကြီးစွာသောဒုက္ခ စမယ့်အချိန်ကို ကျွန်တော်တို့ မသိပေမဲ့ ဘာကိုတော့ သေချာပြောနိုင်သလဲ။

စည်းဝေးကြီးစမယ့် အချိန်အတိအကျကို ကျွန်တော်တို့သိတယ်။ ကြီးစွာသောဒုက္ခစမယ့် အချိန်အတိအကျကိုတော့ မသိနိုင်ဘူး။ ယေရှု မြေကြီးပေါ်ရှိတုန်းက “ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏” လို့ ပြောခဲ့တယ်။ (မ. ၂၄:၃၆) ဒါပေမဲ့ အာမဂေဒုန်စစ်ပွဲကို ယေရှု ဦးဆောင်မှာဖြစ်လို့ စမယ့်အချိန်ကို အခု သိနေပြီလို့ ကျွန်တော်တို့ ကောက်ချက်ချနိုင်တယ်။ (ဗျာ. ၁၉:၁၁-၁၆) ကျွန်တော်တို့ကတော့ နေ့ရက်၊ အချိန်ကို မသိသေးဘူး။ ဒါကြောင့် သတိနဲ့စောင့်နေဖို့ သိပ်အရေးကြီးတယ်။ ကြီးစွာသောဒုက္ခစမယ့် အချိန်အတိအကျကို ယေဟောဝါ သတ်မှတ်ပြီးပြီဖြစ်လို့ တစ်ရက်ပြီးတစ်ရက် ပိုနီးလာပြီ။ ‘နောက်ကျမှာ မဟုတ်ဘူး။’ (ဟဗက္ကုတ် ၂:၁–၃ ကိုဖတ်ပါ။) ဘာကြောင့် ဒီလောက် သေချာပြောနိုင်တာလဲ။

၅။ ယေဟောဝါရဲ့ ပရောဖက်ပြုချက်တွေ အမြဲတမ်း အချိန်ကိုက် ပြည့်စုံတယ်ဆိုတာ ဖော်ပြတဲ့ ဥပမာတစ်ခုပေးပါ။

ယေဟောဝါရဲ့ ပရောဖက်ပြုချက်တွေက အမြဲတမ်း အချိန်ကိုက် ပြည့်စုံတယ်။ ဥပမာ၊ အီဂျစ်ပြည်ကနေ အစ္စရေးတွေကို ကယ်တင်ခဲ့တဲ့အချိန်အကြောင်း စဉ်းစားကြည့်ပါ။ ဘီစီ ၁၅၁၃၊ နိသန်လ ၁၄ ရက်မှာ သူတို့ကို ယေဟောဝါ ကယ်တင်ခဲ့တယ်။ အဲဒီနေ့အကြောင်း နောက်ပိုင်းမှာ မောရှေ အခုလိုရေးတယ်– ‘နှစ်ပေါင်း ၄၃၀ စေ့တဲ့နေ့မှာပဲ ယေဟောဝါရဲ့လူစုကြီးဟာ အီဂျစ်ပြည်ကနေ ထွက်သွားကြတယ်။’ (ထွ. ၁၂:၄၀-၄၂ကဘ) အဲဒီ ‘နှစ်ပေါင်း ၄၃၀’ ဟာ အာဗြဟံနဲ့ ယေဟောဝါဖွဲ့ခဲ့တဲ့ ပဋိညာဉ် စတင်အကျိုးသက်ရောက်တဲ့ ဘီစီ ၁၉၄၃ မှာ အစပြုတယ်။ (ဂလ. ၃:၁၇၊ ၁၈) အဲဒီနောက်ပိုင်း တစ်ချိန်ချိန်မှာ ယေဟောဝါက အာဗြဟံကို “သင်၏အမျိုးအနွယ်သည် သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့် သူတစ်ပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံး ခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့” လို့ ပြောခဲ့တယ်။ (က. ၁၅:၁၃; တ. ၇:၆) အဲဒီနှစ်ပေါင်း ၄၀၀ ဟာ ဣဇာက်ကို ဣရှမေလ လှောင်ပြောင်တဲ့ ဘီစီ ၁၉၁၃ မှာ အစပြုခဲ့တယ်။ အီဂျစ်ပြည်ကနေ အစ္စရေးတွေ လွတ်မြောက်တဲ့ ဘီစီ ၁၅၁၃ မှာ ကုန်ဆုံးတယ်။ (က. ၂၁:၈-၁၀; ဂလ. ၄:၂၂-၂၉) အစ္စရေးတွေကို ကယ်တင်မယ့် နေ့ရက်အတိအကျကို နှစ်ပေါင်းရာနဲ့ချီပြီး ယေဟောဝါ ကြိုတင်သတ်မှတ်ခဲ့တယ်။

၆။ မိမိလူမျိုးကို ယေဟောဝါ ကယ်တင်မယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

အီဂျစ်ပြည်ကနေ လွတ်မြောက်လာသူတစ်ယောက်ဖြစ်တဲ့ ယောရှုက နှစ်ပေါင်းများစွာကြာပြီးနောက် အစ္စရေးတွေကို ‘သင်တို့၏ ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏’ လို့ ပြောခဲ့တယ်။ (ယောရှု ၂၃:၂၊ ၁၄) ကြီးစွာသောဒုက္ခကနေ မိမိလူမျိုးကို ကယ်တင်ပြီး ကမ္ဘာသစ်မှာ ထာဝရအသက်ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ အဲဒီကတိ ပြည့်စုံမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ဒါကြောင့် ကမ္ဘာသစ်မှာနေချင်ရင် သတိနဲ့စောင့်နေရမယ်။

ကယ်တင်ခံရဖို့ သတိနဲ့စောင့်နေပါ

၇၊ ၈။ (က) ရှေးခေတ် ကင်းစောင့်တွေရဲ့ တာဝန်က ဘာလဲ။ ဘာသင်ခန်းစာ ရရှိသလဲ။ (ခ) ကင်းစောင့်တွေ အိပ်ငိုက်တဲ့အခါ ဘာဖြစ်နိုင်တယ်ဆိုတာ ဥပမာပေးပါ။

ရှေးခေတ်မြို့တွေရဲ့ ကင်းစောင့်တွေဆီကနေ သင်ယူနိုင်တယ်။ ဂျေရုဆလင်လို မြို့ကြီးတွေမှာ ရန်သူတွေ မဝင်ရောက်နိုင်အောင် မြို့ရိုးမြင့်တွေ ကာရံထားတယ်။ ကင်းစောင့်တချို့ဟာ မြို့ရိုးပေါ်ရပ်ပြီး မြို့ဝန်းကျင်ကို ကြည့်ရတယ်။ တချို့က မြို့ဂိတ်တံခါးတွေမှာ ရပ်ရတယ်။ နေ့ရောညပါ သတိနဲ့စောင့်ရတယ်။ ရန်သူလာတာတွေ့ရင် မြို့သားတွေကို သတိပေးရတယ်။ (ဟေရှာ. ၆၂:၆) ဖြစ်ပျက်နေတာကို သတိနဲ့စောင့်ကြည့်နေဖို့ ဘယ်လောက်အရေးကြီးမှန်း သူတို့ သိကြတယ်။ ဒါဟာ သေရေးရှင်ရေးကိစ္စ ဖြစ်တယ်။—ယေဇ. ၃၃:၆

ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်က အေဒီ ၇၀ မှာ ဂျေရုဆလင်မြို့ထဲ ရောမတွေ ဘယ်လိုဝင်ရောက်လာတယ်ဆိုတာ ရှင်းပြတယ်။ ဂျေရုဆလင်မြို့ရိုးနဲ့ဆက်နေတဲ့ အဲန်တိုနီးယားရဲတိုက်ရဲ့ ကင်းစောင့်တွေ အိပ်ငိုက်နေတဲ့အတွက် ရောမတွေ မြို့ထဲဝင်နိုင်ခဲ့ကြတယ်။ ဗိမာန်တော်ကို မီးရှို့ပြီး မြို့ကို ဖျက်ဆီးခဲ့ကြတယ်။ အဲဒါက ဂျူးတွေရင်ဆိုင်ခဲ့ရတဲ့ ကြီးစွာသောဒုက္ခရဲ့ အဆုံးဖြစ်တယ်။

၉။ ဘယ်အချက်ကို ဒီနေ့ခေတ်လူအများစု မသိကြသလဲ။

ဒီနေ့ခေတ် နိုင်ငံများစွာဟာ “ကင်းစောင့်” အဖြစ် နယ်ခြားစောင့်တပ်တွေ၊ နောက်ဆုံးပေါ် လုံခြုံရေးစနစ်တွေ ထားရှိကြတယ်။ တိုင်းပြည်လုံခြုံရေးကို အန္တရာယ်ပြုနိုင်တဲ့ အရာမှန်သမျှကို သူတို့ စောင့်ကြပ်ပေးတယ်။ ဒါပေမဲ့ လူတွေဆီကလာတဲ့ အန္တရာယ်ကိုပဲ သူတို့ သိမြင်နိုင်ကြတယ်။ လူ့အစိုးရအားလုံးကို မကြာခင် တရားစီရင်တော့မယ့်၊ ခရစ်တော်ယေရှု အုပ်ချုပ်နေတဲ့ ကောင်းကင်နိုင်ငံတော်ကိုတော့ မသိကြဘူး။ (ဟေရှာ. ၉:၆၊ ၇; ၅၆:၁၀; ဒံ. ၂:၄၄၊ ၄၅) ကျွန်တော်တို့ကတော့ အဲဒီနေ့ကို သတိနဲ့စောင့်နေခြင်းအားဖြင့် ဘယ်အချိန်ပဲရောက်လာပါစေ အသင့်ဖြစ်နေပါလိမ့်မယ်။—ဆာ. ၁၃၀:၅၊ ၆

အာရုံမများပါနဲ့

၁၀၊ ၁၁။ (က) ဘာကို သတိထားရမလဲ။ ဘာကြောင့်လဲ။ (ခ) ကျမ်းစာပရောဖက်ပြုချက်တွေကို လျစ်လျူရှုဖို့ လူတွေကို မာရ်နတ် လှည့်စားထားတယ်ဆိုတာ ဘာကဖော်ပြသလဲ။

၁၀ တစ်ညလုံး နိုးနိုးကြားကြားစောင့်ခဲ့တဲ့ ကင်းစောင့်တစ်ယောက်ကို မြင်ယောင်ကြည့်ပါ။ ပင်ပန်းလွန်းလို့ မိုးလင်းခါနီးလေ ပိုအိပ်ချင်လေပဲ။ ကျွန်တော်တို့လည်း ဒီလောကစနစ် အဆုံးပိုင်းမှာ အသက်ရှင်နေရတယ်။ အဆုံးနီးလေ နိုးနိုးကြားကြားနေဖို့ ပိုခက်လေပဲ။ သတိနဲ့ဆက်မစောင့်တော့ရင် သိပ်ဝမ်းနည်းစရာ ကောင်းပါလိမ့်မယ်။ နိုးကြားနေဖို့ အခက်တွေ့စေနိုင်တဲ့ အချက်သုံးချက်ကို ဆွေးနွေးကြည့်ကြစို့။

၁၁ လူတွေကို မာရ်နတ် လှည့်စားနေတယ်။ ယေရှုက သူ မသေဆုံးခင်လေးမှာ တပည့်တွေကို “ဤလောကကို အစိုးရသောမင်း” အကြောင်း သုံးကြိမ် သတိပေးခဲ့တယ်။ (ယော. ၁၂:၃၁; ၁၄:၃၀; ၁၆:၁၁) လူတွေကိုလှည့်စားဖို့ မှားယွင်းတဲ့ဘာသာကို မာရ်နတ် အသုံးပြုနေတယ်။ ဒါကြောင့် ဒီလောကရဲ့အဆုံး သိပ်နီးနေပြီဆိုတာ အထင်အရှားဖော်ပြတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေကို လူများစွာ လျစ်လျူရှုနေကြတယ်။ (ဇေ. ၁:၁၄) စာတန်က “မယုံကြည်သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ” တာ ထင်ရှားတယ်။ (၂ ကော. ၄:၃-၆) ရလဒ်အနေနဲ့ ဒီလောကရဲ့အဆုံး နီးပြီ၊ ခရစ်တော်အုပ်ချုပ်နေပြီ ဆိုတဲ့အကြောင်း ကျွန်တော်တို့ဟောတဲ့အခါ လူများစွာ နားမထောင်ကြဘူး။ “စိတ်မဝင်စားဘူး” လို့ ပြောလေ့ရှိကြတယ်။

၁၂။ မာရ်နတ်ရဲ့လှည့်စားမှုကို ဘာကြောင့် မခံသင့်သလဲ။

၁၂ ကျမ်းစာပရောဖက်ပြုချက်တွေကို လူများစွာ စိတ်မဝင်စားပေမဲ့ ကျွန်တော်တို့ စိတ်ဓာတ်မကျသင့်ဘူး။ သတိနဲ့စောင့်နေဖို့ ဘာကြောင့်အရေးကြီးမှန်း ကျွန်တော်တို့ သိတယ်။ “ယေဟောဝါဘုရား၏နေ့ရက်သည် ညအချိန် သူခိုးလာသကဲ့သို့ ရောက်လာမည်ကို သင်တို့ကိုယ်တိုင် ကောင်းစွာ သိကြ၏” လို့ ပေါလု ပြောတယ်။ (၁ သက်သာလောနိတ် ၅:၁–၆ ကိုဖတ်ပါ။) “အသင့်ရှိနေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်” လို့ ယေရှု သတိပေးခဲ့တယ်။ (လု. ၁၂:၃၉၊ ၄၀) “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ လူတွေထင်လာအောင် မကြာခင် စာတန် လှည့်စားပါလိမ့်မယ်။ အဲဒီအခါ ယေဟောဝါရဲ့နေ့ ရုတ်တရက် ရောက်လာလိမ့်မယ်။ ကျွန်တော်တို့ကော။ တခြားသူတွေလို လှည့်စားမခံရဘဲ အဲဒီနေ့အတွက် အသင့်ဖြစ်ချင်ရင် ‘နိုးကြားပြီး သတိရှိနေ’ ရမယ်။ ဒါကြောင့် ကျမ်းစာ နေ့တိုင်းဖတ်ပြီး တွေးတောဆင်ခြင်ဖို့ လိုအပ်တယ်။

၁၃။ လောကစိတ်ဓာတ်က လူတွေကို ဘယ်လို လွှမ်းမိုးထားသလဲ။ အဲဒီလွှမ်းမိုးမှုကို ဘယ်လိုရှောင်နိုင်သလဲ။

၁၃ လူတွေရဲ့ အတွေးအခေါ်ကို လောကစိတ်ဓာတ် လွှမ်းမိုးထားတယ်။ ဘုရားကိုသိဖို့ မလိုဘူးလို့ ဒီနေ့ခေတ်လူများစွာ ယူဆကြတယ်။ (မ. ၅:၃) လောကရဲ့ ပစ္စည်းဥစ္စာတွေရရှိဖို့ပဲ အချိန်နဲ့ ခွန်အားကို နှစ်မြှုပ်ထားကြတယ်။ (၁ ယော. ၂:၁၆) အပျော်အပါးလိုက်စားဖို့၊ စိတ်အလိုလိုက်ဖို့ လူတွေကို ဆွဲဆောင်အားပေးတဲ့ ဖျော်ဖြေရေးပုံစံတွေလည်း အရင်ကထက် ပိုများလာတယ်။ (၂ တိ. ၃:၄) ဒါကြောင့် “လူ့ဇာတိအလိုဆန္ဒများအတွက် မကြံစည်” ဘဲ “အိပ်ပျော်ရာမှ နိုး” ဖို့ ခရစ်ယာန်တွေကို ပေါလု သတိပေးခဲ့တယ်။—ရော. ၁၃:၁၁-၁၄

၁၄။ လုကာ ၂၁:၃၄၊ ၃၅ မှာ ဘယ်လို သတိပေးထားသလဲ။

၁၄ ကျွန်တော်တို့က လောကစိတ်ဓာတ်အစား ဘုရားသခင့်စွမ်းအားတော် လွှမ်းမိုးမှုကို ခံယူချင်တယ်။ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို ရှင်းရှင်းလင်းလင်း နားလည်အောင် စွမ်းအားတော်အားဖြင့် ယေဟောဝါ ကူညီပေးနေတယ်။ [၁] (၁ ကော. ၂:၁၂) ဒါပေမဲ့ သာမန်အရာလေးတွေကတောင် ယေဟောဝါရဲ့လုပ်ငန်းကနေ အာရုံလွဲသွားစေနိုင်တဲ့အတွက် သတိထားဖို့ လိုအပ်တယ်။ (လုကာ ၂၁:၃၄၊ ၃၅ ကိုဖတ်ပါ။) နောက်ဆုံးကာလမှာ အသက်ရှင်နေတယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ကို တခြားသူတွေ လှောင်ပြောင်နိုင်တယ်။ (၂ ပေ. ၃:၃-၇) ဒါပေမဲ့ စိတ်ဓာတ်ကျစရာ ဘာအကြောင်းမှ မရှိဘူး။ အဲဒီအစား ဘုရားသခင့်စွမ်းအားတော် ရှိနေတဲ့ အစည်းအဝေးတွေမှာ ညီအစ်ကိုညီအစ်မတွေနဲ့ ပုံမှန်ပေါင်းသင်းခြင်းအားဖြင့် စွမ်းအားတော်ရဲ့ လွှမ်းမိုးမှုကို ခံယူရမယ်။

နိုးကြားနေဖို့ သင် အတတ်နိုင်ဆုံး ကြိုးစားနေသလား (အပိုဒ် ၁၁-၁၆ ကို ကြည့်ပါ)

၁၅။ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ ဘာဖြစ်ခဲ့သလဲ။ ကျွန်တော်တို့လည်း ဘာဖြစ်နိုင်သလဲ။

၁၅ ကိုယ်တိုင်ရဲ့အားနည်းချက်တွေက နိုးကြားနေဖို့ အခက်တွေ့စေတယ်။ လူသားတွေ မစုံလင်မှန်း၊ အားနည်းချက်တွေရှိမှန်း ယေရှုသိတယ်။ သူ မသေဆုံးခင်ညမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ စုံလင်သူဖြစ်ပေမဲ့ ဆက်သစ္စာရှိနိုင်ဖို့ ယေဟောဝါရဲ့ အကူအညီလိုအပ်မှန်း သိတဲ့အတွက် ဆုတောင်းခဲ့တယ်။ သူ ဆုတောင်းနေတုန်း တမန်တော် ပေတရု၊ ယာကုပ်နဲ့ ယောဟန်ကိုလည်း နိုးနိုးကြားကြားနေဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ နိုးနိုးကြားကြားရှိနေဖို့ ဘယ်လောက်အရေးကြီးမှန်း သူတို့ နားမလည်ကြဘူး။ သတိနဲ့စောင့်နေမယ့်အစား မောပန်းလွန်းလို့ အိပ်ပျော်သွားကြတယ်။ ယေရှုလည်း မောပန်းနေတာပဲ။ ဒါပေမဲ့ ကောင်းကင်ဖခင်ဆီ ပြင်းပြင်းပြပြဆုတောင်းရင်း နိုးကြားနေခဲ့တယ်။ တကယ်တော့ တမန်တော်တွေလည်း အဲဒီလို ဆုတောင်းနေသင့်တယ်။—မာ. ၁၄:၃၂-၄၁

၁၆။ လုကာ ၂၁:၃၆ အရ “နိုးကြား” နေဖို့ ဘာလုပ်ပါလို့ ယေရှု ညွှန်ကြားခဲ့သလဲ။

၁၆ ယေဟောဝါရဲ့နေ့အတွက် “နိုးကြား” ပြီး အသင့်ဖြစ်နေဖို့ ဘာက ကူညီပေးမလဲ။ မှန်ရာကိုလုပ်ချင်စိတ် ပြင်းပြနေရုံထက်မက လိုအပ်တယ်။ မသေဆုံးခင်ရက်အနည်းငယ်မှာ ယေရှုက တပည့်တွေကို ယေဟောဝါရဲ့ အကူအညီအတွက် ဆုတောင်းဖို့ ပြောခဲ့တယ်။ (လုကာ ၂၁:၃၆ ကိုဖတ်ပါ။) ကျွန်တော်တို့လည်း ဒီနောက်ဆုံးကာလမှာ နိုးကြားနေဖို့ ယေဟောဝါဆီ မပြတ်ဆုတောင်းရမယ်။—၁ ပေ. ၄:၇

စောင့်နေကြပါ

၁၇။ အဆုံးရောက်တဲ့အခါ အသင့်ဖြစ်နေဖို့ ဘာလုပ်ရမလဲ။

၁၇ အဆုံးဟာ ကျွန်တော်တို့ “မထင်မမှတ်သော အချိန်နာရီတွင်” ရောက်လာလိမ့်မယ်လို့ ယေရှု ပြောတယ်။ (မ. ၂၄:၄၄) ဒါကြောင့် အချိန်တိုင်း အသင့်ဖြစ်နေရမယ်။ အခုအချိန်ဟာ စာတန့်လောက ကမ်းလှမ်းတဲ့ အရာတွေနောက် လိုက်နေရမယ့်အချိန် မဟုတ်ဘူး။ အဲဒီလို လိုက်နေရင် တံလျှပ်ကို ရေထင်ပြီး အလိုက်မှားသလို ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အသက်ရေးဖြစ်လို့ နိုးနိုးကြားကြား နေနိုင်မယ့်နည်းတွေကို ကျမ်းစာကတစ်ဆင့် ယေဟောဝါနဲ့ ယေရှု သင်ပေးနေတယ်။ ဒါကြောင့် ကျမ်းစာပရောဖက်ပြုချက်တွေကို သေချာလေ့လာပြီး ဘယ်လိုပြည့်စုံနေတယ်ဆိုတာ အာရုံစိုက်ကြပါစို့။ ယေဟောဝါနဲ့ ဆက်ရင်းနှီးဖို့၊ နိုင်ငံတော်ကို ဦးစားထားဖို့ ကြိုးစားကြပါစို့။ ဒါဆို အဆုံးရောက်တဲ့အခါ အသင့်ဖြစ်နေပါလိမ့်မယ်။—ဗျာ. ၂၂:၂၀

^ [၁] (အပိုဒ် ၁၄) ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ စာအုပ်၊ အခန်း ၂၁ ကိုကြည့်ပါ။