မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အယ်လ်ဖရီးဒီ အာဘန် | ဘဝအတ္ထုပ္ပတ္တိ

ကျေနပ်စရာ သာသနာပြုဘဝ

ကျေနပ်စရာ သာသနာပြုဘဝ

ကျွန်မ ငယ်ဘဝ အစ မကောင်းခဲ့ဘူး။ ဒုတိယ ကမ္ဘာစစ် စပြီး သုံးလအကြာ ၁၉၃၉၊ ဒီဇင်ဘာ ၁၁၊ ချက်ကိုစလိုဗက်ကီးယားမှာ ကျွန်မကို မွေးတယ်။ နှစ်ပတ်အကြာမှာ အမေ မီးတွင်းဖျားနဲ့ ဆုံးသွားတယ်။ အဲဒီမတိုင်ခင်ကပဲ အဖေက အလုပ်လုပ်ဖို့ ဂျာမနီကို ထွက်သွားတာ။ အမေ့ဘက်က အဘိုးအဘွားတွေ ကျွန်မကို ခေါ်ထားပေးလို့ တော်သေးတယ်။ အဲဒီတုန်းက အမေ့အောက်က ညီမ သုံးယောက်တောင် တော်တော်လေး ငယ်သေးတယ်။

အဘိုးအဘွားနဲ့အတူ

 ၁၉၄၅ မှာ စစ်ပြီးသွားတယ်။ ဒါပေမဲ့ စစ်ပြီးကာလမှာ သိပ်ခက်တာပဲ။ ကျွန်မတို့က ဂျာမန်တွေဆိုတော့ ကျွန်မတို့ကို ချက်ကိုစလိုဗက်ကီးယားကနေ နယ်နှင်ပြီး ဂျာမနီကို ပို့ကြတယ်။ အဲဒီမှာ မြို့တွေကလည်း ပျက်၊ လူတွေကလည်း ချွတ်ခြုံကျနေလိုက်ကြတာ။ တစ်ခါတလေ စားစရာ နည်းနည်းပါးပါး ရဖို့အရေး အဒေါ်တွေခမျာ ညလုံးပေါက် တန်းစီကြရတယ်။ တစ်ခါတလေကျတော့ ကျွန်မတို့ တောထဲ သွားပြီး ဘယ်ရီသီးတွေ၊ မှိုတွေ ခူးကြတယ်။ အဲဒါတွေကို ပေါင်မုန့်နဲ့ လဲလို့ ရတယ်လေ။ ကျပ်တည်းလွန်းလို့ လူတွေက အိမ်မွေး တိရစ္ဆာန်တွေတောင် မချန် ခိုးစားကြတာ။ ကျွန်မတို့ ဗိုက်ဟောင်းလောင်းနဲ့ အိပ်ခဲ့ရတဲ့ ညတွေ မနည်းဘူး။

ကျမ်းစာ အမှန်တရား ဦးဆုံး ကြားရ

 ကျွန်မရဲ့ အဘိုးအဘွားတွေက ကက်သလစ်။ ဒါပေမဲ့ သူတို့မှာ ကျမ်းစာအုပ် မရှိဘူး။ ဘုန်းကြီးဆီကနေ ကျမ်းစာအုပ် အဘိုး တောင်းဝယ်ပေမဲ့ အသင်းသားတွေဆိုတာ ပွဲတော်မှာ နားထောင်ရင် ရပြီဆိုပြီး ပေးမရောင်းဘူး။ ဒါနဲ့ အဘိုးခမျာ ဘုရားနဲ့ပတ်သက်တဲ့ မေးခွန်းတွေ တစ်ပုံတစ်ခေါင်းနဲ့ပေါ့။

 ကျွန်မ အသက် ခုနစ်နှစ်မှာ အိမ်ကို ယေဟောဝါသက်သေ နှစ်ယောက် ရောက်လာကြတယ်။ သုံးပါးပေါင်း တစ်ဆူ၊ မီးငရဲ၊ လူသေတွေရဲ့ အခြေအနေ စသဖြင့် အဘိုး မေးသမျှ ကျမ်းစာ သုံးပြီး ဖြေပေးကြတယ်။ ရှင်းလင်းပြီး စိတ်ကျေနပ်စရာ ကောင်းတဲ့ ကျမ်းစာ အဖြေတွေ သိလိုက်ရတော့ အမှန်တရား တွေ့ပြီဆိုတာ အဘိုး ယုံသွားတယ်။ နောက်တော့ သက်သေခံ မောင်နှံတစ်စုံနဲ့ တစ်မိသားစုလုံး မှန်မှန် ကျမ်းစာ လေ့လာကြတော့တယ်။

ဘဝပန်းတိုင် ချခြင်း

 ကျွန်မ အသက် ငယ်သေးပေမဲ့ ယေဟောဝါဘုရားကို သိပ်ချစ်တယ်။ ဝေးလံတဲ့ ဒေသတွေမှာ ဘုရားအမှုဆောင်နေတဲ့ သာသနာပြုတွေအကြောင်း ဆောင်းပါးတွေ ဖတ်ရတာ တအား ကြိုက်တယ်။ ‘သာသနာပြုဘဝက ဘယ်လိုမျိုးလေးပါလိမ့်၊ ယေဟောဝါဘုရားရဲ့ နာမည် တစ်ခါမှ မကြားဖူးတဲ့ လူတွေကို ဟောရတာ ဘယ်လိုများ နေမလဲ’ စသဖြင့် တွေးမိတယ်။

သာသနာပြု ပန်းတိုင် မထားခင်လေး

 အသက် ၁၂ နှစ် ရောက်တော့ သာသနာပြု ပန်းတိုင် ထားလိုက်တယ်။ ပန်းတိုင် ရောက်ဖို့ လုပ်စရာ ရှိတာတွေ စလုပ်တယ်။ သတင်းကောင်းကို ဇွဲရှိရှိ ဟောတယ်။ ၁၉၅၄၊ ဒီဇင်ဘာ ၁၂ မှာ နှစ်ခြင်းခံတယ်။ နောက်တော့ ရှေ့ဆောင် လုပ်တယ်။ ပန်းတိုင် နီးလာပြီ။

 သာသနာပြုတွေအတွက် ဂိလဒ်သင်တန်း တက်နိုင်ဖို့ အင်္ဂလိပ်စကား တက်မှ ဖြစ်မယ်ဆိုပြီး ကြိုးစားသင်ယူတယ်။ ဂျာမနီမှာ ရှိနေတဲ့ အမေရိကန် စစ်သားတွေနဲ့ လေ့ကျင့်လို့ ရတာပဲလို့ အကြံရသွားတယ်။ ဒါနဲ့၊ တစ်ရက် စစ်သားတစ်ယောက်ဆီ သွားပြီး “ကျွန်မက ခရစ်ပါ” လို့ ပြောလိုက်တယ်။ ကျွန်မကို ကြည့်ပြီး “‘ကျွန်မက ခရစ်ယာန်ပါ’ လို့ ပြောချင်တာနဲ့ တူတယ်” ဆိုပြီး ထောက်ပေးရှာတယ်။ ထင်သလောက် မပြောတတ်သေးပဲကိုး။

 အသက် ၂၀ ကျော်ခါစမှာ အင်္ဂလန်ကို ပြောင်းလာတယ်။ မနက်ပိုင်းတွေမှာ သက်သေခံ မိသားစု တစ်စုနဲ့အတူ ကလေးထိန်းတဲ့အလုပ် လုပ်တယ်။ နေ့ခင်းပိုင်းမှာ တစ်အိမ်တက်ဆင်း အမှုဆောင် သွားတယ်။ အဲဒါ အင်္ဂလိပ်စကား လေ့ကျင့်ဖို့ အခွင့်အရေးပဲ။ တစ်နှစ်ကြာတော့ ကျွန်မ အင်္ဂလိပ်လို တော်တော်လေး ကျွမ်းသွားပြီ။

 ၁၉၆၆၊ အောက်တိုဘာလမှာ ဂျာမနီကို ပြန်သွားတော့ မဲရှာနစ်ရှ်မြို့မှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီမှာ ရာသီဥတု အေးသလောက် လူတွေကလည်း အေးစက်စက်နိုင်လိုက်ကြတာ။ အပြင်မှာ ဒီလောက် အေးနေတာတောင် အိမ်ထဲ တစ်ခါမှ မခေါ်ကြဘူး။ “တစ်နေ့၊ သာသနာပြုအဖြစ် အမှုဆောင်ဖို့ ကျွန်မကို ဘုရား အခွင့်ပေးခဲ့ရင် ပူတဲ့ တိုင်းပြည်လေး ပို့ပေးပါနော်” လို့ ဆုတောင်းမိတဲ့အထိပဲ။

ပန်းတိုင် ရောက်လာ

 အထူးရှေ့ဆောင်အဖြစ် လအနည်းငယ်လောက် အမှုဆောင်ပြီးနောက်မှာပဲ ကျွန်မဆန္ဒကို ယေဟောဝါဘုရား ဖြည့်ဆည်းပေးခဲ့တယ်။ သာသနာပြုတွေအတွက် ၄၄ ကြိမ်မြောက် ဂိလဒ်သင်တန်း တက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ၁၉၆၇၊ စက်တင်ဘာ ၁၀ ရက်မှာ သင်တန်းဆင်းတယ်။ ဘယ်မှာ တာဝန်ကျသလဲ သိကြလား။ ဗဟို အမေရိက၊ နီကာရာဂွါနိုင်ငံမှာ။ သိပ်လှတဲ့ အပူပိုင်း နိုင်ငံလေးပေါ့။ အဲဒီမှာ ရောက်နှင့်နေတဲ့ သာသနာပြုတွေက ကျွန်မနဲ့ သာသနာပြု အဖော် သုံးယောက်ကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ ညီအစ်ကိုတွေ လာကြိုတာ မြင်တော့ “ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းပြီး အားတက်” သွားတဲ့ တမန်တော် ပေါလုလိုပဲ ခံစားလိုက်ရတယ်။—တမန်တော် ၂၈:၁၅

ဂိလဒ် သင်တန်းမှာ (ဘယ်ဘက်က ကျွန်မ)၊ သင်တန်းဖော် ဖရန်စစ်၊ မာဂရက် ရှစ်ပ်လီတို့နဲ့အတူ

 သိပ်အေးချမ်းတဲ့ လီယွန်မြို့လေးမှာ တာဝန်ကျတယ်။ စပိန်စကား မြန်မြန် သင်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်လလောက် တစ်ရက် ၁၁ နာရီ လေ့လာတာတောင် ကောင်းကောင်း မပြောတတ်သေးဘူး။

 မှတ်မိသေးတယ်။ တစ်ရက်၊ အိမ်ရှင်တစ်ယောက်က ဖရက်စကို လို့ ခေါ်တဲ့ အသီးဖျော်ရည် တိုက်တယ်။ “ရေသန့်” ပဲ သောက်လို့ရတယ်လို့ ပြန်ပြောလိုက်တယ်ထင်တာ။ အိမ်ရှင်အမျိုးသမီး ကြောင်သွားတယ်။ ကိုယ့်စပိန်စကား တော်တော်ဆိုးမှန်း ရက်နည်းနည်းလောက် ကြာမှ သိလိုက်ရတယ်။ “သန့်ရှင်းမြင့်မြတ်တဲ့ ရေ” ပဲ သောက်မယ်လို့ ပြောမိသွားတာကိုး။ စပိန်စကား တဖြည်းဖြည်း တိုးတက်လာလို့ တော်သေးတယ်။

၁၇ နှစ်ကြာ သာသနာပြု တွဲဖက် မာဂရိနဲ့အတူ

 မိသားစုလိုက်ကို ကျမ်းစာ သင်ပေးရတာတွေ ရှိတယ်။ လီယွန်မြို့မှာနေရတာ လုံခြုံတယ်လို့ ခံစားရလို့ ကျမ်းစာသင်အံမှုတွေဆီ ညနေပိုင်း သွားတယ်။ တစ်ခါတလေဆိုရင် ည ၁၀ နာရီ ထိုးတယ်။ အဲဒီမြို့က လူတိုင်းလိုလိုကို ကျွန်မ နာမည်နဲ့ သိတယ်။ အိမ်အပြန်လမ်းမှာ အိမ်နီးနားချင်းတွေကို နှုတ်ဆက်လိုက်၊ စကား ခဏရပ်ပြောလိုက်နဲ့ပေါ့။ သူတို့က ညနေစောင်းပြီဆိုရင် လှုပ်ကုလားထိုင်တွေ အိမ်ပြင်ထုတ် ထိုင်ပြီး လေညင်းခံကြပြီလေ။

 လီယွန်မြို့မှာ လူအများကြီးကို အမှန်တရား သိအောင် ကူညီပေးခဲ့တယ်။ တစ်ယောက်ကတော့ သားရှစ်ယောက် အမေ နူဘီယာပါ။ ၁၉၇၆၊ မနာဂွါမြို့ကို တာဝန်နဲ့ မပြောင်းခင်အထိ ကျမ်းစာ သင်ပေးတယ်။ နောက်တော့ နူဘီယာတို့ သားအမိတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ၁၈ နှစ် ကြာပြီးနောက် လီယွန်မြို့မှာ အစည်းအဝေးကြီးတစ်ခု ကျွန်မ သွားတက်တယ်။ နေ့လယ် ရပ်နားချိန်မှာ ကျွန်မဘေးကို လူငယ်တစ်စု ရောက်လာတယ်။ နူဘီယာရဲ့ သားတွေလေ။ သားတွေကို အမှန်တရားထဲမှာ နူဘီယာ အောင်အောင်မြင်မြင် ပျိုးထောင်ထားတာ မြင်ရလို့ ဝမ်းသာလိုက်တာ။

ခက်ခဲချိန်အတွင်း သာသနာပြု ဘဝ

 ၁၉၇၀ ပြည့်လွန်နှစ် နှောင်းပိုင်း၊ နီကာရာဂွါမှာ လူမှုရေး၊ နိုင်ငံရေး အကြီးအကျယ် စပြောင်းလဲလာတယ်။ ကျွန်မတို့ အတတ်နိုင်ဆုံး ဆက်ဟောကြတယ်။ မြို့တော် တောင်ပိုင်း၊ ကျွန်မ တာဝန်ကျတဲ့ မဆာယာမြို့မှာတုန်းကဆိုရင် ဆန္ဒပြပွဲတွေ၊ လက်နက်ကိုင် အဓိကရုဏ်းတွေနဲ့ ခဏခဏ ကြုံတယ်။ တစ်ည၊ အစည်းအဝေး တက်နေရင်း ဆန်ဒီနီစတာ စစ်သားတွေနဲ့ အစိုးရ စစ်သားတွေ အပြန်အလှန် ပစ်ခတ်ကြလို့ နိုင်ငံတော် ခန်းမ ကြမ်းပြင်မှာ ကျွန်မတို့ ဝပ်နေကြရတယ်။ a

 နောက်တစ်နေ့ အမှုဆောင် ထွက်နေတုန်း စစ်သားတစ်ယောက်ကို မျက်နှာဖုံး စွပ်ထားတဲ့ ဆန်ဒီနီစတာ တစ်ယောက် သေနတ်နဲ့ ပစ်နေတာ ပက်ပင်းသွားတိုးတယ်။ ထွက်ပြေးမလို့ လုပ်တုန်း မျက်နှာဖုံး စွပ်ထားတဲ့ လူတွေ နောက်ထပ် ရောက်လာတယ်။ ထောင့်နားလေးကို ပြေးသွားပေမဲ့ ပြေးစရာမြေ မရှိဘူး။ အဲဒီအချိန်မှာပဲ အစိုးရဘက်က ရဟတ်တွေနဲ့ အပေါ်ကနေ တရစပ် ပစ်ပါလေရော။ ရုတ်တရက် လူတစ်ယောက် တံခါး ဖွင့်ပြီး ကျွန်မကို အိမ်ထဲ ဆွဲခေါ်ပေးတယ်။ ယေဟောဝါ ကယ်လို့သာပေါ့။

ပြည်နှင်ခံရ

 ၁၉၈၂၊ မတ် ၂၀ ရက်နေ့အထိ မဆာယာမြို့မှာ အမှုဆောင်တယ်။ အဲဒီနေ့ကို ဘယ်တော့မှ မမေ့ဘူး။ အဲဒီနေ့ မနက်စောစော သာသနာပြု အဖော် ငါးယောက်နဲ့ ကျွန်မ မနက်စာ စားဖို့ လုပ်နေတုန်း သာသနာပြုအိမ် နောက်ဖေးဘက်ကို ဆန်ဒီနီစတာ စစ်သားတစ်စု စက်သေနတ်တွေနဲ့ ရောက်လာပြီး ထမင်းစားခန်းထဲ ဝုန်းခနဲ ဝင်လာကြတယ်။ သူတို့ထဲက တစ်ယောက်က “မင်းတို့ကို အချိန် တစ်နာရီ ပေးမယ်။ တစ်ယောက် အိတ်တစ်လုံး ဆွဲပြီး ငါတို့နောက် လိုက်ခဲ့” လို့ ခပ်မာမာ ပြောတယ်။

 ကျွန်မတို့ကို လယ်ကွင်းထဲ ခေါ်သွားပြီး နာရီနဲ့ချီ ချုပ်ထားတယ်။ ကျွန်မတို့ထဲက လေးယောက်ကို ကော့စတာရီကာ နယ်စပ်ဆီ ဘတ်စကားနဲ့ ခေါ်သွားပြီး နယ်နှင်လိုက်ကြတယ်။ အဲဒီတုန်းက စုစုပေါင်း သာသနာပြု ၂၁ ယောက် နယ်နှင်ခံကြရတယ်။

 ကော့စတာရီကာက ညီအစ်ကိုတွေ လာခေါ်ပေးလို့ နောက်နေ့မှာ ဆန် ဟိုဆေး ဌာနခွဲရုံးကို ကျွန်မတို့ ရောက်သွားကြတယ်။ ကြာကြာ မနေဖြစ်ပါဘူး။ ဆယ်ရက်လောက် ကြာတော့ ကျွန်မတို့ ရှစ်ယောက် ဟွန်ဒူးရပ်စ်ကို သာသနာပြု တာဝန်သစ်နဲ့ ပြောင်းကြတယ်။

ဟွန်ဒူးရပ်စ်မှာ အမှုဆောင်ခြင်း

 ဟွန်ဒူးရပ်စ်၊ တေဂူဆီဂါလ်ပါမြို့မှာ တာဝန်ကျတယ်။ အဲဒီမြို့မှာ အမှုဆောင်တဲ့ ၃၃ နှစ်အတွင်း အသင်းတော် တစ်ခုကနေ ရှစ်ခုအထိ တိုးတက်လာတယ်။ ဝမ်းနည်းစရာက နှစ်တွေတစ်လျှောက် တေဂူဆီဂါလ်ပါမှာ အကြမ်းဖက်မှုတွေ များလာတာပဲ။ သူခိုး ပေါလွန်းလို့ ကျွန်မဆိုရင် ပစ္စည်းတွေ ခဏခဏ ပါသွားတယ်။ လက်နက်ကိုင်တွေလည်း ရှိတယ်။ တွေ့ရင် ပိုက်ဆံတောင်းပြီ။ သူတို့ကတော့ “စစ်ခွန်” လို့ ခေါ်ကြတာပဲ။ “ပိုက်ဆံထက် ပိုတန်ဖိုးရှိတာ ကျွန်မမှာ ရှိတယ်” လို့ ပြောပြီး ဝေစာ ဒါမှမဟုတ် မဂ္ဂဇင်း ထုတ်ပေးလိုက်ရင် အမြဲ လွှတ်ပေးတယ်။

 တေဂူဆီဂါလ်ပါမြို့သား အများစုက အေးဆေးတယ်။ ကြင်နာတယ်။ တချို့ကို အမှန်တရား သိလာအောင် ကျွန်မ ကူညီပေးနိုင်ခဲ့တယ်။ ဘက်တီလို့ ခေါ်တဲ့ ကျမ်းစာသင်သားကို မှတ်မိသေးတယ်။ တော်တော် တိုးတက်လာပြီလို့ ထင်ထားတာ။ ဧဝံဂေလိအသင်းထဲ ဝင်တော့မယ်လို့ ပြောလာတော့ ကျွန်မဖြင့် စိတ်ပျက်သွားပဲ။ ဒါပေမဲ့ နောက်နှစ်နှစ်အကြာမှာ ချာ့ချ်ကနေ ထွက်ပြီး ကျမ်းစာ ပြန်လေ့လာတယ်။ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်မှာ ခံစားရတဲ့ မေတ္တာစစ်ကို သတိရလို့တဲ့။ (ယောဟန် ၁၃:၃၄၊ ၃၅) “ရှင်တို့က ဆင်းရဲချမ်းသာမရွေး အားလုံးကို အစည်းအဝေးမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ အဲဒါ သိပ်ထူးခြားတယ်” လို့ ပြောတယ်။ နောက်တော့ ဘက်တီ နှစ်ခြင်းခံလိုက်တယ်။

 ၂၀၁၄ မှာ တေဂူဆီဂါလ်ပါမြို့က သာသနာပြုအိမ်ကို ပိတ်လိုက်တယ်။ ကျွန်မကတော့ ပနားမားမြို့မှာ တာဝန်ကျတယ်။ အခု၊ သက်တမ်းကြာ သာသနာပြု လေးယောက်နဲ့အတူ ပနားမား သာသနာပြုအိမ်မှာ နေနေပါတယ်။

ဘုရားရေးရာ ပန်းတိုင်တွေ ပြည့်သွားလို့ သိပ်ပျော်ရ

 သာသနာပြုအဖြစ် အမှုဆောင်တာ ၅၅ နှစ်လောက် ရှိသွားပြီ။ ဒီနောက်ပိုင်း ကျန်းမာရေးကြောင့် အရင်လောက် မလုပ်နိုင်တော့ဘူး။ တခြားသူတွေကို ဘုရားအကြောင်း ဆက်သင်ပေးနိုင်ဖို့တော့ ယေဟောဝါဘုရား ကူညီပေးနေတုန်းပဲ။

 မတူညီတဲ့ ဘဝလမ်းစဉ်တစ်ခုကို ကျွန်မ ရွေးချင်ရင် ရွေးလို့ ရခဲ့သားပဲ။ ဒါပေမဲ့ ကောင်းချီးတွေ အများကြီး လက်လွှတ်လိုက်ရမှာ။ အမှန်တရားထဲ ရောက်လာအောင် ကျွန်မ ကူညီပေးခဲ့သူ၊ သားသမီးတွေလို ဖြစ်နေသူ အယောက် ၅၀ ကျော် ရှိတယ်။ နောက်ထပ် မိတ်ဆွေတွေလည်း အများကြီးပဲ။ ဒါ့အပြင် ဂျာမနီက ချစ်ရတဲ့အဒေါ် စတက်ဖီဆီက မေတ္တာနဲ့ ထောက်မမှု အများကြီး ရနေပါတယ်။

 ကျွန်မ အိမ်ထောင် မရှိဘူး။ ဒါပေမဲ့ တစ်ခါမှ အထီးမကျန်ဘူး။ ကျွန်မနဲ့အတူ ယေဟောဝါဘုရား ရှိတယ်။ ၁၇ နှစ်ကြာ သာသနာပြု တွဲဖက် မာဂရိ ဖော်စတာလိုမျိုး မိတ်ဆွေကောင်းတွေလည်း ရှိတယ်။ ကျွန်မတို့ နှစ်ယောက်မှာ အမှတ်တရတွေ အများကြီး ရှိတယ်။ ဒီနေ့အထိ ခင်နေကြတုန်းပဲ။—ပညာအလိမ္မာ ၁၈:၂၄

 ယေဟောဝါဘုရားအတွက် အပြည့်အဝ အမှုဆောင်ပြီး ဘဝကို အကောင်းဆုံးနည်းနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတဲ့ အသိကြောင့် သိပ်ကျေနပ်တယ်။ ကလေးဘဝ အိပ်မက်လေးအတိုင်း ဖြစ်လာတယ်။ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေ အများကြီး ရတယ်။ သိပ်ပျော်တယ်။ ထာဝစဉ် ဘုရားအမှုဆောင်နိုင်မယ့်အချိန်ကို ကျွန်မ စောင့်မျှော်နေပါတယ်။

a ၁၉၇၀ ပြည့်လွန်နှစ် နှောင်းပိုင်း၊ နီကာရာဂွါမှာ ဆန်ဒီနီစတာ အမျိုးသား လွတ်မြောက်ရေး တပ်ဦးဆိုတာ နာမည် သိပ်ကြီးတယ်။ နှစ် ၄၀ ကျော် အာဏာရခဲ့တဲ့ မိသားစုကို ဖြုတ်ချခဲ့ကြတယ်။