မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မော်ကွန်းတိုက်မှ

ကွဲပြားတဲ့နိုင်ငံမှာ စည်းလုံးနေကြ

ကွဲပြားတဲ့နိုင်ငံမှာ စည်းလုံးနေကြ

 ၁၉၄၈ ကနေ ၁၉၉၀ နောက်ပိုင်းအထိ တောင်အာဖရိကမှာ လူဖြူလူမည်းခွဲခြားမှုစနစ် ရှိခဲ့တယ်။ a လူမျိုးမတူသူတွေကို မမျှမတ ဆက်ဆံကြတယ်။ “လူဖြူမဟုတ်တဲ့သူအချင်းချင်းလည်း တစ်ယောက်ကိုတစ်ယောက် နှိမ်ကြတာပဲ” ဆိုပြီး အဲဒီတုန်းက လူမည်း (ကပြား) တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ခိုင်လီ ပြောပြတယ်။

 တောင်အာဖရိကမှာ ယေဟောဝါသက်သေ လူမျိုးပေါင်းစုံ နေကြတာ။ လူမျိုးရေးခွဲခြားဆက်ဆံမှု ပြဿနာကို သူတို့ ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။ ဒီသမိုင်းဖြစ်ရပ်ကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။

လူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်လာတဲ့ အန္တရာယ်တွေကို ဖြေရှင်းခြင်း

 တောင်အာဖရိကမှာ အစိုးရက လူမျိုးရေးခွဲခြားဆက်ဆံတဲ့ စည်းမျဉ်းဥပဒေတွေ ထုတ်တယ်။ ဒါနဲ့ ကန့်ကွက်ဆန္ဒပြကြတယ်။ အစိုးရကလည်း ဆန္ဒပြတဲ့သူတွေကို ဖမ်းတယ်။ တချို့ကို သတ်တယ်။ ဒီလိုနဲ့ ဆန္ဒပြသူတွေ ပိုဆူပူသောင်းကျန်းလာတယ်။ ယေဟောဝါသက်သေတွေကျတော့ ဥပဒေကို လိုက်နာတယ်။ ဆန္ဒပြသူတွေနဲ့ မပူးပေါင်းဘူး။ မတော်လှန်ကြဘူး။ ပထမရာစုခေတ်က ခရစ်ယာန်တွေကို တုပပြီး ‘အထက်အာဏာပိုင်တွေကို လက်အောက်ခံ’ ကြတယ်။—ရောမ ၁၃:၁၊ ၂

 ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်ကြားနေမှု ချိုးဖောက်ဖို့၊ တစ်ဖက်ဖက်ကို အားပေးထောက်ခံဖို့ ခဏခဏ ဖိအားပေးခံရတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာဟာ နိုင်ငံရေး အကြမ်းဖက် ဆူပူအုံကြွမှုတွေကို ထောက်ခံရာရောက်သလို ညီအစ်ကို/မတွေကိုလည်း ကိုယ်ထိလက်ရောက် အန္တရာယ်ပေးမိနိုင်တယ်။ ဥပမာ၊ ညီအစ်မ သမ်စီ အခုလိုပြောပြတယ်– “၁၉၇၆ ခုနှစ် ဆူပူအုံကြွမှုတွေ ဖြစ်တုန်းက အထက်တန်းကျောင်းသားတွေဆို နိုင်ငံရေးအဓိကရုဏ်းမှာ ပါဝင်ဖို့ ဖိအားပေးခံရတာ။ အဓိကရုဏ်းမှာပါဝင်တဲ့ ကျောင်းသားတွေက အိမ်တိုင်းစေ့သွားပြီး တခြားကျောင်းသားတွေကို သူတို့နဲ့ ပူးပေါင်းခိုင်းတယ်။ ပြောတဲ့အတိုင်း မလုပ်ရင် အိမ်တွေကို မီးရှို့ကြတယ်။ သေတဲ့အထိ ရိုက်သတ်တာမျိုးလည်း ရှိတယ်။” သီအိုဖီးလက်စ်လို့ခေါ်တဲ့ သက်သေခံတစ်ယောက်ကို ဆန့်ကျင်ဘက်နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ယောက် အခုလို ပြောခဲ့တယ်– “လူဖြူတွေကို ငါတို့ အောင်ပွဲခံတဲ့နေ့ကတော့ တိုင်းပြည်အတွက် တိုက်ပွဲမဝင်ခဲ့တဲ့ မင်းလိုကောင်ကို အပြတ်ရှင်းရမယ့်နေ့ပဲ။”

ကွဲပြားတဲ့တိုင်းပြည်မှာ အတူတကွ စုဝေးခြင်း

 တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုကြောင့် အခက်အခဲတွေ ရှိနေပေမဲ့ သက်သေခံတွေက ဝတ်ပြုဖို့ အတူစုဝေးကြတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) လူမျိုးရေးခွဲခြားမှု ဥပဒေကြောင့် လူများစွာ ဆင်းရဲချွတ်ခြုံကျခဲ့လို့ အသင်းတော်တချို့ဆို ဝတ်ပြုရာခန်းမတောင် မရှိကြဘူး။ b ညီအစ်ကို အန်ဗာ အခုလိုပြောပြတယ်– “အငှားအိမ် စုတ်စုတ်ပြတ်ပြတ်လေးတွေမှာပဲ နှစ်ပေါင်းများစွာ အစည်းအဝေးလုပ်ခဲ့ရတာ။ ဒါနဲ့ အဖေက ကျွန်တော်တို့အိမ်လေးကို ဝတ်ပြုရာခန်းမအဖြစ် အသွင်ပြောင်းပြီး တစ်ပတ်ကို နှစ်ရက် အသင်းတော်အစည်းအဝေးတွေ လုပ်တယ်။ တစ်ခါတလေဆို လူ ၁၀၀ တောင် ကျော်တယ်။ အစည်းအဝေးပြီးရင် အားလုံး တပျော်တပါး စားကြသောက်ကြ၊ ပေါင်းကြသင်းကြပေါ့။”

၁၉၅၀ ပြည့်နှစ်၊ ဧပြီလ၊ လူဖြူလူမည်း ယေဟောဝါသက်သေတွေ အတူတကွ စုဝေးဝတ်ပြုကြ

၁၉၈၀ ပြည့်နှစ်၊ ဂျိုဟန်နက်ဘာ့ဂ်မြို့က ရန်အားကစားကွင်းမှာကျင်းပတဲ့ လူမျိုးစုံအစည်းအဝေးကြီး

 လူမျိုးရေးခွဲခြားဆက်ဆံမှုဥပဒေကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ညီအစ်ကိုတွေက ဖြတ်ထိုးဉာဏ်သုံးပြီး ဖြေရှင်းကြတယ်။ ဥပမာ၊ လူဖြူညီအစ်ကိုတစ်ယောက်က လူမည်းတွေနေတဲ့ လင်မ်ပိုပိုပြည်နယ်က တိုက်နယ်စည်းဝေးပွဲမှာ ဟောပြောချက်သွားပေးရမှာ။ အဲဒီဒေသထဲ ဝင်ခွင့်မရဘူး။ ဖြစ်ချင်တော့ အဲဒီဒေသနဲ့ ကပ်လျက်မှာ လူဖြူတစ်ယောက်ရဲ့ ခြံရှိတယ်။ ဒါနဲ့ အဲဒီလူဆီသွားပြီး စာချုပ်ချုပ်တယ်။ တိုက်နယ်စည်းဝေးပွဲကို အဲဒီခြံဘေးမှာ ကျင်းပပြီး သူက ဒီဘက်ခြံထဲကနေ ဟောပြောချက်ပေးနိုင်ခဲ့တယ်။

လူမျိုးခွဲခြားထားတဲ့ ရပ်ကွက်မှာ သက်သေခံခြင်း

 လူမျိုးရေးခွဲခြားတဲ့ဥပဒေအရ လူမျိုးတူအချင်းချင်းပဲ စုပေါင်းနေရတယ်။ ဒါကြောင့် အသင်းတော်ရပ်ကွက်မှာ နေတဲ့သူတွေကလည်း များသောအားဖြင့် လူမျိုးတူသူတွေပဲ။ အမှုဆောင်ထွက်ဖို့ ကြေညာသူတွေအတွက် စီစဉ်ပေးတဲ့အခါ ပြောင်းသာလဲသာတော့ ရှိရတယ်။ ဥပမာအနေနဲ့ ရပ်ဝေးဒေသတွေမှာ သွားဟောရင် အခက်အခဲတွေရှိတယ်။ “အင်ဒီးယန်း” အဖြစ် အဲဒီတုန်းက သတ်မှတ်ခံခဲ့ရတဲ့ ညီအစ်ကိုခရစ်ရှ် ဒီလိုပြောပြတယ်– “လူဖြူမဟုတ်ရင် ညအိပ်တည်းခိုခွင့် မရတာ များတယ်။ ဒီတော့ ကားထဲမှာ၊ သစ်ပင်အောက်မှာ အိပ်ရတယ်။ မနက်ရောက်ရင် ဓာတ်ဆီဆိုင်က အိမ်သာမှာ ကိုယ်လက်သန့်စင်ရတယ်။ တစ်ခါတလေများဆို အဲဒီအိမ်သာတွေကိုတောင် ‘လူဖြူများအတွက်သာ’ ဆိုပြီး ရေးထားတာ။” ဒါပေမဲ့ ကြေညာသူတွေက အမှုဆောင်မှာ တက်တက်ကြွကြွပါဝင်ပြီး သီးခြားဒေသတွေမှာ စိတ်ဝင်စားသူများစွာကို ဟောပြောနိုင်ခဲ့တယ်။

၁၉၈၁ ခုနှစ်၊ ရပ်ဝေးဒေသ ဟောပြောခြင်းမှာ ပါဝင်ကြတဲ့ လူမျိုးပေါင်းစုံက ယေဟောဝါသက်သေများ

 ဒီလိုအခက်အခဲတွေကြား ယေဟောဝါရဲ့လူမျိုး ဆက်တိုးတက်လာတယ်။ လူမျိုးရေးခွဲခြားမှု ဥပဒေပြဋ္ဌာန်းတဲ့ ၁၉၄၈ ခုနှစ်တုန်းက တောင်အာဖရိကမှာ ကြေညာသူ ၄,၈၃၁ ယောက်ပဲ ရှိပေမဲ့ ဥပဒေကို ရုပ်သိမ်းလိုက်တဲ့ ၁၉၉၄ ခုနှစ်မှာ ကြေညာသူ ၅၈,၇၂၉ ယောက် ရှိလာတယ်။ နောက်ပိုင်း ပိုတိုးတက်လာပြီး ၂၀၂၁ ခုနှစ်မှာ ကြေညာသူ ၁၀၀,၁၁၂ ယောက် ရှိလာတယ်။

အမုန်းတရားတွေ ပတ်လည်ဝိုင်းနေတဲ့ကြားက မေတ္တာကြောင့် စည်းလုံး

 လူမျိုးရေးခွဲခြားတဲ့ဥပဒေ တည်ဆဲကာလအတွင်း တောင်အာဖရိကမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်ကို လူမျိုးတူသူ အချင်းချင်းနဲ့ပဲ ဖွဲ့စည်းခဲ့ရပေမဲ့ ညီအစ်ကို/မတွေအားလုံးက မေတ္တာနဲ့ စည်းလုံးမှုရှိအောင် ကြိုးစားကြတယ်။ တခြားသူတွေကို ကျမ်းစာအခြေခံမူတွေ သွန်သင်ပေးရုံမက ကိုယ်တိုင်လည်း လိုက်လျှောက်ကြတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅) အမုန်းတရားတွေ ပတ်လည်ဝိုင်းနေတဲ့ကြားက မေတ္တာကြောင့် စည်းလုံးနိုင်ခဲ့တယ်။—ယောဟန် ၁၃:၃၄၊ ၃၅

 ၁၉၉၃ ခုနှစ်မှာ ယေဟောဝါသက်သေတွေရဲ့ လူမျိုးပေါင်းစုံ အစည်းအဝေးကြီးကို တောင်အာဖရိကမှာ ကျင်းပတယ်။ လေဆိပ်မှာ အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေကို တောင်အာဖရိကနိုင်ငံသား ညီအစ်ကို/မတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်နေတာကို မြင်ပြီး အထင်ကရ နိုင်ငံရေးခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့သာ ခင်ဗျားတို့လို စည်းလုံးခဲ့ရင် ဒီပြဿနာတွေကို ဟိုးအရင်ကတည်းက ဖြေရှင်းနိုင်ခဲ့မှာ” လို့ ပြောခဲ့တယ်။

၁၉၅၅ ခုနှစ်၊ ယေဟောဝါသက်သေတွေရဲ့ လူမျိုးစုံ အစည်းအဝေးကြီးမှာ ကမ္ဘာ့ဌာနချုပ်က ညီအစ်ကို မီလ်တန် ဟန်ရှယ် ဟောပြောနေစဉ်

၁၉၈၆ ခုနှစ်၊ ယေဟောဝါသက်သေတွေရဲ့ တောင်အာဖရိကဌာနခွဲမှာ လူဖြူလူမည်း စေတနာ့ဝန်ထမ်းတွေ အတူတကွ အလုပ်လုပ်နေကြစဉ်

သက်တမ်းကြာ သက်သေခံတွေဖြစ်တဲ့ သောမတ်စ် စကိုဆာနာ (ဘယ်) နဲ့ အဲလ်ဖရက် စတိန်ဘတ်ကို ၁၉၈၅ ခုနှစ် အစည်းအဝေးကြီးမှာ တွေ့ရစဉ်

၁၉၈၅ ခုနှစ် အစည်းအဝေးကြီးမှာ လူမျိုးမတူတဲ့ ယေဟောဝါသက်သေတွေ အစားအသောက်ဌာနမှာ လုပ်အားပေးနေစဉ်

၂၀၁၁ ခုနှစ်၊ ဂျိုဟန်နက်ဘာ့ဂ်မြို့က FNB အားကစားကွင်းမှာ စုဆုံနေကြတဲ့ လူမျိုးပေါင်းစုံက ယေဟောဝါသက်သေများ

a လူဖြူလူမည်း ခွဲခြားမှုစနစ်အရ လူမျိုးမတူသူတွေ ရောနှောနေထိုင်လို့ မရဘူး။ ပညာရေး၊ အလုပ်အကိုင်၊ နေထိုင်ရမယ့်ဒေသ၊ အိမ်ထောင်ဖက်ရွေးချယ်မှု ဒါတွေအားလုံးကို လူမျိုးအလိုက် ခွဲခြားသတ်မှတ်ထားတာ။ ထပ်သိချင်ရင် ၂၀၀၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ် ထဲက “လူဖြူလူမည်းခွဲခြားမှုစနစ်ဆိုတာ ဘာလဲ” အင်္ဂလိပ် ဆောင်းပါးကို ကြည့်ပါ။

b ၁၉၉၉ ခုနှစ်ကစပြီး ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေရဲ့ အသင်းတော် အလှူငွေကို သုံးပြီး လိုအပ်တဲ့ဒေသမှာ ဝတ်ပြုရာခန်းမတွေ ဆောက်လုပ်ပြုပြင်တယ်။