မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလုပ်လက်မဲ့ဖြစ်ခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကူညီပေးတဲ့ ကျမ်းစာမူများ

အလုပ်လက်မဲ့ဖြစ်ခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကူညီပေးတဲ့ ကျမ်းစာမူများ

 အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ ဝင်ငွေထိခိုက်ရုံမက တစ်မိသားစုလုံးနဲ့ ကိုယ့်စိတ်ပိုင်းကိုလည်း ဂယက်ရိုက်တယ်။ အချိန်မရွေး အသုံးတည့်တဲ့ အောက်ပါ ကျမ်းစာမူတွေက အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကူညီပေးတယ်။

  •   ရင်ဖွင့်ပါ။

     ကျမ်းစာအဆို– “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။”​—ပညာအလိမ္မာ ၁၇:၁၇

     အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ ဝမ်းနည်းလိုက်၊ စိတ်တိုလိုက်၊ အသုံးမကျဘူးလို့ ခံစားလိုက်၊ ဦးတည်ရာမဲ့ဖြစ်လိုက် ခံစားရနိုင်တယ်။ မိသားစုနဲ့ သူငယ်ချင်း အရင်းအချာတွေကို ရင်ဖွင့်လိုက်တာက စိတ်ပိုင်းဆိုင်ရာ အကူအညီ ရစေတယ်။ သူတို့က ရှေ့ဆက်သွားနိုင်ဖို့ ကိုယ့်ကို လက်တွေ့ကျ အကူအညီတွေ ပေးနိုင်တယ်။

  •   အစိုးအရိမ် မလွန်ကဲပါနဲ့။

     ကျမ်းစာအဆို– “နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။”​—မဿဲ ၆:၃၄

     ကြိုတင်စီစဉ်ထားဖို့ ကျမ်းစာက တိုက်တွန်းတယ်။ (ပညာအလိမ္မာ ၂၁:၅) ဒါပေမဲ့ အနာဂတ်အတွက် အစိုးအရိမ် လွန်ကဲတာကို ရှောင်ဖို့ အကြံပြုထားတယ်။ စိတ်ပူနေတာတွေ ဖြစ်မလာတတ်တာမို့ တစ်နေ့တာအတွက်ပဲ စဉ်းစားပါ။

     လက်ရှိခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းရာမှာ လက်တွေ့သုံးနိုင်တဲ့ အကြံဉာဏ်တွေကို ကျမ်းစာထဲမှာ ထပ်ဖတ်နိုင်တယ်။ ထပ်သိဖို့ “စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ” ဆောင်းပါးကို ဖတ်ပါ။

  •   အသုံးအစွဲ ဆင်ခြင်ပါ။

     ကျမ်းစာအဆို– “ကြွယ်ဝတာဖြစ်စေ၊ ချို့တဲ့တာဖြစ်စေ . . . သင်ယူထားပြီ။”​— ဖိလိပ္ပိ ၄:၁၂

     အခြေအနေပေါ်မူတည်ပြီး အလိုက်သင့် နေထိုင်ပါ။ ဒီတော့ ရှိတာလေးနဲ့ ဆက်ရပ်တည်နိုင်ဖို့ အသုံးအစွဲ ဆင်ခြင်ပါ။ မလိုအပ်ဘဲ အကြွေးမယူပါနဲ့။​—ပညာအလိမ္မာ ၂၂:၇

     ရှိတဲ့ငွေကြေးနဲ့ ဆက်ရပ်တည်နိုင်ပုံအကြောင်း ထပ်သိချင်ရင် “ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ” ဆောင်းပါးကို ဖတ်ပါ။

  •   အချိန်ကို အကျိုးရှိရှိ သုံးပါ။

     ကျမ်းစာအဆို– “ပညာသတိနဲ့ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”​— ကောလောသဲ ၄:၅

     အရင်လို အလုပ်သွားချိန် မရှိတော့ပေမဲ့ အဲဒီအချိန်ကို ကောင်းကောင်းသုံးတဲ့ အလေ့အထ လုပ်ပါ။ အဲဒီလိုလုပ်တာက ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်အောင်၊ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ခံစားရအောင် ကူညီပေးတယ်။

  •   ပြောင်းသာလဲသာရှိပါ။

     ကျမ်းစာအဆို– “ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။”​—ပညာအလိမ္မာ ၁၄:၂၃

     အရင်က မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ချင်စိတ်ရှိပါ။ ဂုဏ်မရှိဘူးလို့ထင်ရတဲ့၊ အရင်ကထက် လစာနည်းတဲ့ အလုပ်တွေ လုပ်ကြည့်ဖို့ စဉ်းစားနိုင်တယ်။

  •   ဇွဲမလျှော့ပါနဲ့။

     ကျမ်းစာအဆို– “နံနက်ခင်းမှာ မျိုးစေ့ကြဲပါ။ ညနေစောင်းအထိ လက်ကို အနားမပေးပါနဲ့။ နံနက်ခင်းမှာကြဲတဲ့ မျိုးစေ့ဟာ အပင်ပေါက်မလား၊ ညနေစောင်းမှာကြဲတဲ့ မျိုးစေ့ဟာ အပင်ပေါက်မလား ဒါမှမဟုတ် နှစ်ခုစလုံး ပေါက်လာမလား မသိနိုင်ဘူး။”​— ဒေသနာ ၁၁:၆

     အလုပ် ဆက်ရှာနေပါ။ အလုပ်ရှာနေတယ်လို့ ဆွေမျိုးတွေ၊ အသိအကျွမ်းတွေ၊ အလုပ်ဖော်ဟောင်းတွေ၊ အိမ်နီးချင်းတွေ၊ တခြားသူတွေကို ပြောပြပါ။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို မေးပါ။ အလုပ်ခေါ်မခေါ် သိနိုင်ဖို့ ကုမ္ပဏီဝက်ဆိုက်တွေမှာ ရှာဖွေလေ့လာပါ။ အလုပ်မရမချင်း အင်တာဗျူးတွေ ဖြေဖို့၊ အလုပ်လျှောက်ဖောင်တွေ တင်ဖို့ ပြင်ဆင်ထားပါ။