နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ တကယ် ရှိခဲ့သလား
ခရစ်ဝင်ကျမ်းတွေမှာ နှစ်ခြင်ပေးသူ ယောဟန်ဆိုတဲ့ လူတစ်ယောက်အကြောင်း ဖော်ပြထားတယ်။ သူက ယုဒနယ်မှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောခဲ့တယ်။ ကျမ်းစာမှာပါတဲ့ အဲဒီပုဂ္ဂိုလ် တကယ် ရှိခဲ့သလား။ စဉ်းစားကြည့်ပါ–
“နှစ်ခြင်းပေးသူ ယောဟန်က ယုဒတောကို လာပြီး၊ ‘နောင်တရကြပါ။ ကောင်းကင်နိုင်ငံ နီးနေပြီ’ လို့ဟောတယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။ (မဿဲ ၃:၁၊ ၂) ဒီအဆိုကို အတည်ပြုတဲ့ လောကစာပေတွေ ရှိသလား။ ရှိပါတယ်။
ပထမရာစုက သမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က “နှစ်ခြင်းပေးသူ ယောဟန်” အကြောင်း ဖော်ပြခဲ့တယ်။ “ဖြောင့်မတ်တဲ့အသက်တာနဲ့ နေထိုင်ဖို့၊ ဘုရားတရား ကိုင်းရှိုင်းဖို့၊ နှစ်ခြင်းခံဖို့ ဂျူးတွေကို သူတိုက်တွန်းခဲ့တယ်။”—ဂျူးတို့၏ ရှေးဟောင်းနှောင်းဖြစ်များ စာအုပ် XVIII.
ဂါလိလဲနယ်နဲ့ ပေရိယနယ်ရဲ့ နယ်စားမင်း ဟေရုဒ် အန္တိပကို ယောဟန် ဆုံးမခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဟေရုဒ်ဟာ မောရှေပညတ်ကို လိုက်နာတယ်လို့ဆိုတဲ့ ဂျူးအမည်ခံတစ်ယောက် ဖြစ်တယ်။ ဟေရုဒ်က ဖတူမိကွဲအစ်ကိုရဲ့ ဇနီး ဟေရောဒိနဲ့ လက်ထပ်လိုက်လို့ သူ့ကို ယောဟန် အပြစ်တင်ခဲ့တယ်။ (မာကု ၆:၁၈) ဒီအကြောင်းကို လောကစာပေမှာ တွေ့ရတယ်။
အန္တိပဟာ “ဟေရောဒိကို ချစ်သွားပြီး မိမိကို လက်ထပ်ဖို့ ရဲရဲတင်းတင်း တောင်းဆိုခဲ့တယ်” လို့ သမိုင်းပညာရှင် ဂျိုစီဖတ်စ် ပြောခဲ့တယ်။ ဟေရောဒိ လက်ခံလိုက်ပြီး အန္တိပကို လက်ထပ်ဖို့ သူ့ခင်ပွန်းကို ထားရစ်ခဲ့တယ်။
“ဂျေရုဆလင်မြို့၊ ယုဒနယ်၊ ဂျော်ဒန်မြစ်ဝှမ်း တစ်လျှောက်မှာနေတဲ့ လူတွေ လာတဲ့အခါ၊ ယောဟန်က ဂျော်ဒန်မြစ်မှာ နှစ်ခြင်းပေးတယ်” လို့ ကျမ်းစာ ပြောတယ်။—မဿဲ ၃:၅၊ ၆။
“လူအုပ်ဟာ” ယောဟန်ဆီ လာကြတယ်။ “ယောဟန်ရဲ့ သွန်သင်ချက်တွေက လူအုပ်အတွက် အကျိုးသက်ရောက်မှု ရှိခဲ့တယ်” ဆိုတဲ့ ဂျိုစီဖတ်စ်ရဲ့ ရေးသားချက်က အဲဒီအချက်ကို ထောက်ခံတယ်။
ပထမရာစုက သမိုင်းပညာရှင် ဂျိုစီဖတ်စ်ဟာ နှစ်ခြင်းပေးသူ ယောဟန် တကယ်ရှိခဲ့တယ်ဆိုတာကို လက်ခံတယ်။ ကျွန်တော်တို့လည်း လက်ခံနိုင်ပါတယ်။