အင်ဒိုနီးရှားနိုင်ငံ
ရှေ့ဆက်ချီတက်ဖို့ ဆုံးဖြတ်ထားကြ
ပိတ်ပင်မှုအကြောင်း ဌာနခွဲရုံးက ညီအစ်ကိုတွေ ကြားတာနဲ့ လုပ်စရာရှိတာလုပ်ကြတယ်။ ညီအစ်ကိုရော်နယ် ဂျက်ကာ အခုလိုပြောပြတယ်– “လျှို့ဝှက်မှတ်တမ်းတွေ၊ စာအုပ်စာတမ်းနဲ့ အလှူငွေတွေကို ဂျကာတာမြို့က လုံခြုံတဲ့နေရာတွေမှာ ပို့ထားလိုက်တယ်။ ဌာနခွဲရုံးကိုလည်း စိတ်ချရတဲ့နေရာဆီ ပြောင်းရွှေ့ပြီး အဆောက်အအုံဟောင်းကိုတော့ တိတ်တိတ်လေး ရောင်းလိုက်တယ်။”
ညီအစ်ကိုအများစုက စိတ်ဓာတ်မကျဘူး၊ မကြောက်ဘူး။ ပိတ်ပင်မှုမတိုင်ခင်ကတည်းက ပြင်းထန်တဲ့ဆန့်ကျင်မှုတွေကို ခံရပ်ခဲ့သလို အခုလည်း ယေဟောဝါကို ဆက်ပြီးယုံကြည်အားကိုးကြတယ်။ ညီအစ်ကိုတချို့ကတော့ အငိုက်မိသွားတယ်။ အကြီးအကဲတချို့ဆို ကြောက်ပြီး ဆက်မဟောတော့ပါဘူးလို့ လက်မှတ်ထိုးလိုက်တယ်။ တချို့က ညီအစ်ကိုညီအစ်မတွေရဲ့နာမည်ကို ထုတ်ပြောလိုက်တယ်။ အသင်းတော်တွေကိုအားပေးဖို့၊ အလျှော့ပေးလိုက်သူတွေကို ကူညီပေးဖို့ ရင့်ကျက်တဲ့ညီအစ်ကိုတွေကို ဌာနခွဲက စေလွှတ်ခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျွန် ဘုသ်လည်း အင်ဒိုနီးရှားကို လည်ပတ်ပြီး ဖခင်တစ်ယောက်လို လိုအပ်တဲ့အကြံဉာဏ်တွေ ပေးခဲ့တယ်။
မဟာသိုးထိန်းရှင် ယေဟောဝါက သူ့လူမျိုးကို ခွန်အားပေးပြီး နှစ်သိမ့်ပေးမှန်း ရှင်းနေပါတယ်။ (ယေဇ. ၃၄:၁၅) အကြီးအကဲတွေက ဘုရားရေးရာဘက်မှာ ပိုတက်တက်ကြွကြွ ဦးဆောင်ပေးတယ်။ ကြေညာသူတွေကလည်း နည်းလမ်းသစ်ရှာပြီး လိမ္မာပါးနပ်စွာ ဟောကြတယ်။ (မ. ၁၀:၁၆) ညီအစ်ကိုအများစုက အင်ဒိုနီးရှားကျမ်းစာအသင်းကနေ စျေးသက်သာတဲ့ ခေတ်သုံးကျမ်းစာတွေဝယ်ပြီး အမှုဆောင်လုပ်ငန်းမှာ သုံးကြတယ်။ သတင်းကောင်းကို အတတ်နိုင်ဆုံး ပါးနပ်မှုရှိရှိ ဟောခဲ့ကြတယ်။ တချို့ကျတော့ အဖွဲ့အစည်းစာပေထဲက မူပိုင်ခွင့်စာမျက်နှာကိုဖယ်ပြီး စိတ်ဝင်စားသူတွေကို ဝေငှတယ်။ ရှေ့ဆောင်တွေဟာ ဂျပန်ခေတ်က ညီအစ်ကိုညီအစ်မတွေလုပ်သလို တစ်အိမ်မှတစ်အိမ် စျေးလိုက်ရောင်းတဲ့ပုံစံမျိုးနဲ့ သတင်းကောင်းဆက်ဟောကြတယ်။
* မြောက်ပိုင်းဆူလာဝေစီ၊ မာနာဒိုမြို့မှာ ဇနီးမာဂရေးတာနဲ့အတူ အမှုဆောင်တဲ့ သာသနာပြု နော်ဘတ် ဟော်စလာ အခုလိုပြောပြတယ်– “လေဆိပ်မှာ ရာနဲ့ချီတဲ့ ညီအစ်ကိုညီအစ်မတွေ လာနှုတ်ဆက်ကြတယ်။ လေယာဉ်ပေါ်တက်ရင်း နောက်ပြန်လှည့်ကြည့်တော့ လေထဲမှာဝှေ့ယမ်းနေတဲ့ လက်အများကြီးကို တွေ့လိုက်ရတယ်။ ‘ဒီမှာလာအမှုဆောင် တဲ့အတွက် ကျေးဇူးပဲ၊ ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ သူတို့ရဲ့အော်သံက လေယာဉ်ပြေးလမ်းတစ်လျှောက် ပဲ့တင်ထပ်သွားတော့တယ်။ လေယာဉ်ပေါ်ရောက်တော့ ကျွန်တော်တို့လည်း မျက်ရည်မထိန်းနိုင်တော့ဘူး။”
၁၉၇၇ ခုနှစ်မှာ သာသနာရေးဌာနက ယေဟောဝါသက်သေတွေကို သာသနာပြုဗီဇာသက်တမ်း မတိုးပေးတော့ဘူး။ အဲဒါက သက်သေခံတွေအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုပဲ။ သာသနာပြုအများစုဟာ တခြားနိုင်ငံတွေကို တာဝန်ပြောင်းရွှေ့ခံခဲ့ရတယ်။စွမ်ဘာကျွန်းမှာကြုံရတဲ့ နှိပ်စက်ညှဉ်းပန်းမှု
ပိတ်ပင်မှုသတင်း တစ်နိုင်ငံလုံးကို ပျံ့သွားတဲ့အခါ အင်ဒိုနီးရှားချာ့ခ်ျများအသင်းက သက်သေခံတွေရဲ့ လုပ်ဆောင်မှုအကြောင်း အာဏာပိုင်တွေဆီ သတင်းပေးဖို့ အသင်းသားတွေကို တိုက်တွန်းတယ်။ ဒါကြောင့် ကျွန်းများစွာမှာ ဖမ်းဆီးမှု၊ စစ်ဆေးမေးမြန်းမှုတွေ စလုပ်လာကြတယ်။
စွမ်ဘာကျွန်း၊ ဝိုင်ဂါပူမြို့မှာ ခရိုင်အဆင့် ဗိုလ်ကြီးက ညီအစ်ကို ၂၃ ယောက်ကို စစ်အခြေစိုက်စခန်းဆီ ဆင့်ခေါ်ပြီး ယုံကြည်ခြင်းကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးတဲ့အခါ ဗိုလ်ကြီးက နောက်တစ်နေ့ စခန်းကိုပြန်လာခိုင်းတယ်။ အဲဒီကိုသွားဖို့ အသွားအပြန် ရှစ်မိုင် လမ်းလျှောက်ရတယ်။
နောက်နေ့မနက်စောစော ညီအစ်ကိုတွေရောက်လာတဲ့အခါ ဗိုလ်ကြီးက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်ပြီး လက်မှတ်ထိုးဖို့ အမိန့်ပေးတယ်။ လက်မှတ်မထိုးတဲ့ ညီအစ်ကိုတစ်ယောက်ကို စစ်သားတွေက ဆူးကိုင်းတွေနဲ့ ရိုက်တယ်။ သွေးဆူနေတဲ့စစ်သားတွေရဲ့ ထိုးကြိတ်ရိုက်နှက်မှုကြောင့် ညီအစ်ကိုတချို့ဆို သတိတောင်လစ်သွားတယ်။ ကျန်တဲ့သူတွေကတော့ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲဆိုပြီး စောင့်နေကြတယ်။ နောက်ဆုံးတော့ မန်နီ ကယ်လီဆိုတဲ့ ညီအစ်ကိုလေးက ရှေ့ထွက်လာပြီး စာရွက်ပေါ်မှာ ရေးလိုက်တယ်။ ဒါကိုမြင်တော့ ညီအစ်ကိုတွေ စိတ်ပျက်သွားပေမဲ့ ဗိုလ်ကြီးကတော့ တအားစိတ်ဆိုးသွားတယ်။ “ယေဟောဝါသက်သေတစ်ယောက်အဖြစ် အမြဲရပ်တည်သွားမယ်” ဆိုပြီး မန်နီ ရေးလိုက်လို့လေ။ သူအကြီးအကျယ်အရိုက်ခံရပြီး ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်လိုက်ရတဲ့အထိပဲ။ သူ့ကိုယ်ခန္ဓာက ထိခိုက်ကျိုးပဲ့သွားပေမဲ့ ယေဟောဝါနဲ့သူ့ဆက်ဆံရေးကတော့ လုံးဝမထိခိုက်သွားဘူး။
ဗိုလ်ကြီးက ညီအစ်ကိုတွေရဲ့ သမာဓိကိုချိုးဖျက်ဖို့ ၁၁ ရက်လောက် ကြိုးစားခဲ့တယ်။ နေပူကျဲကျဲအောက်မှာ တစ်ရက်လုံး ရပ်ခိုင်းတယ်၊ ခုနစ်မိုင်
လောက် တွားသွားခိုင်းတယ်၊ အိတ်အလေးကြီးတွေသယ်ပြီး အဝေးကြီးပြေးခိုင်းတယ်၊ လည်ပင်းကို လှံစွပ်နဲ့ထောက်ပြီး အလံအလေးပြုခိုင်းတယ်။ ညီအစ်ကိုတွေကတော့ မလုပ်ကြဘူး။ ဒါကြောင့် ပိုပြင်းပြင်းထန်ထန် ရိုက်နှက်ခံရတယ်။ညီအစ်ကိုတွေဟာ မနက်တိုင်း ဘယ်လိုနည်းနဲ့ နှိပ်စက်ခံရအုံးမလဲဆိုတာတွေးရင်း လေးလံတဲ့ခြေလှမ်းတွေနဲ့ စခန်းဆီလာကြတယ်။ လာတဲ့လမ်းတစ်လျှောက် အတူဆုတောင်းကြ၊ ဆက်သစ္စာရှိဖို့ အားပေးကြတယ်။ ညရောက်လို့ အိမ်ပြန်တဲ့အခါ ဒဏ်ရာဗရပွ၊ သွေးအလိမ်းလိမ်းနဲ့ ခြေထောက်တောင် မသယ်နိုင်ဖြစ်နေပေမဲ့ ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိနိုင်လို့ ပျော်ရွှင်ကြတယ်။
ညီအစ်ကိုတွေ မတရားနှိပ်စက်ခံရတာကို ဌာနခွဲရုံးကသိသွားတဲ့အခါ ချက်ချင်း ကန့်ကွက်စာတွေရေးပြီး ဝိုင်ဂါပူမြို့က ဗိုလ်ကြီး၊ တီမောကျွန်းက ပြည်နယ်အဆင့် ဗိုလ်ကြီး၊ ဘာလီကျွန်းက တိုင်းအဆင့် ဗိုလ်ကြီး၊ ဂျကာတာမြို့က စစ်ဦးစီးချုပ်နဲ့ အရေးပါတဲ့ တခြားအရာရှိတွေဆီ ကြေးနန်းပို့တယ်။ ဝိုင်ဂါပူမြို့က ဗိုလ်ကြီးရဲ့ ရက်စက်ယုတ်မာမှုကို အင်ဒိုနီးရှားတစ်ခွင် သိသွားတာမို့ ညီအစ်ကိုတွေကို သူထပ်မနှိပ်စက်ရဲတော့ဘူး။
“ယေဟောဝါသက်သေတွေဟာ သံနဲ့တူတယ်”
နောက်ပိုင်းနှစ်တွေမှာ အင်ဒိုနီးရှားက သက်သေခံများစွာဟာ ဖမ်းဆီးထိန်းသိမ်းတာ၊ စစ်ဆေးမေးမြန်းတာ၊ နှိပ်စက်ညှဉ်းပန်းတာတွေ ခံရတယ်။ သာသနာပြုညီအစ်ကို ဘီလ်ပယ်ရီ အခုလိုပြောပြတယ်– “ဒေသတစ်ခုမှာ ညီအစ်ကိုအတော်များများ ရှေ့သွားတွေ အနုတ်ခံရတယ်။ ဒါကြောင့် ရှေ့သွားတွေရှိတဲ့ ညီအစ်ကိုတစ်ယောက်ကို တွေ့ပြီဆိုရင် ‘ခင်ဗျားက သွားအသစ်စိုက်ထားတာလား ဒါမှမဟုတ် သစ္စာဖောက်လိုက်တာလား’ ဆိုပြီး နောက်တတ်ကြတယ်။
နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံခဲ့ရတာတောင် ယေဟောဝါရဲ့အမှုတော်မှာ သူတို့ရဲ့ပျော်ရွှင်မှုနဲ့ ထက်သန်မှု လုံးဝပျောက်မသွားဘူး။”“ထောင်ထဲမှာနေခဲ့ချိန်အတွင်း ယေဟောဝါကို ပိုအားကိုးတတ်လာတယ်၊ ဘုရားနဲ့ဆက်ဆံရေး ပိုခိုင်မြဲလာတယ်”
၁၃ နှစ်အတွင်း သက်သေခံ ၉၃ ယောက်ဟာ နှစ်လကနေ လေးနှစ်အထိ ထောင်ဒဏ်အသီးသီး ချမှတ်ခံရတယ်။ ဒီလိုမတရားနှိပ်စက်မှုတွေက ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိမယ်ဆိုတဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေခဲ့တယ်။ ညီအစ်ကို မူဆာ ရာဒီဟာ ရှစ်လထောင်ချခံရပြီးနောက် နေရင်းဒေသက ညီအစ်ကိုတွေဆီလည်ပတ်ပြီး ဆက်ဟောပြောဖို့ အားပေးခဲ့တယ်။ “ထောင်ထဲမှာနေခဲ့ချိန်အတွင်း ယေဟောဝါကို ပိုအားကိုးတတ်လာတယ်၊ ဘုရားနဲ့ဆက်ဆံရေး ပိုခိုင်မြဲလာတယ်” လို့ သူပြောတယ်။ ဒါကြောင့် “ယေဟောဝါသက်သေတွေဟာ သံနဲ့တူတယ်။ ရိုက်လေ နစ်ဝင်သွားလေပဲ” ဆိုပြီး လူတချို့ပြောကြတာ အံ့ဩစရာမဟုတ်ပါဘူး။
^ စာပိုဒ်၊ 1 သက်တမ်းကြာ သာသနာပြုတွေဖြစ်တဲ့ ပီတာ ဗွန်ဒါဟာကန်နဲ့ လဲန် ဒေးဗီစ်တို့က အသက် ၆၀ ကျော်သွားလို့၊ မာရီယန် တန်ဗူနန် (အရင်နာမည် မာရီယန် စတူဗီ) ကတော့ အင်ဒိုနီးရှားနိုင်ငံသားနဲ့ လက်ထပ်လိုက်လို့ အင်ဒိုနီးရှားမှာ ဆက်နေခွင့်ရတယ်။ သူတို့သုံးယောက်စလုံး တက်တက်ကြွကြွ ဆက်အမှုဆောင်ပြီး ပိတ်ပင်မှုကြားမှာ ရလဒ်ကောင်းတွေရခဲ့တယ်။