အခန်း ၉
မိသားစု ပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်သလဲ
၁။ မိသားစုပျော်ရွှင်မှုအတွက် တရားဝင်လက်ထပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
ပျော်ရွှင်တဲ့ဘုရားသခင် ယေဟောဝါဆီကလာတဲ့ သတင်းကောင်းတစ်ခုကတော့ မိသားစုတွေကို ပျော်ရွှင်စေချင်တယ်ဆိုတဲ့ အချက်ပါပဲ။ (၁ တိမောသေ ၁:၁၁) အိမ်ထောင်ကို အစပြုပေးခဲ့တဲ့ပုဂ္ဂိုလ်က ဘုရားသခင်ပါ။ မိသားစု ပျော်ရွှင်ဖို့ဆိုရင် တရားဝင်လက်ထပ်ဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက မိဘနဲ့ သားသမီးတွေကို ချစ်ခင်ပျော်ရွှင်စေလို့ပါပဲ။ ခရစ်ယာန်တွေဟာ တရားဝင် လက်ထပ်ခြင်းနဲ့ပတ်သက်တဲ့ ဒေသန္တရ ဥပဒေတွေကို လေးစားကြရမယ်။—လုကာ ၂:၁၊ ၄၊ ၅ ကိုဖတ်ပါ။
အိမ်ထောင်မင်္ဂလာကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ။ ဘုရားသခင်က အိမ်ထောင် မင်္ဂလာကို ရာသက်ပန်ဖြစ်စေချင်တယ်။ ဘုရားသခင်က ဇနီးမောင်နှံတွေ အချင်းချင်း သစ္စာရှိစေချင်တယ်။ (ဟီဘရူး ၁၃:၄) ကွာရှင်းတာကို မုန်းတီးတယ်။ (မာလခိ ၂:၁၆) အိမ်ထောင်ရေးဖောက်ပြန်မှသာ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုခွင့်ရှိပါတယ်။—မဿဲ ၁၉:၃-၆၊ ၉ ကိုဖတ်ပါ။
၂။ ဇနီးမောင်နှံအချင်းချင်း ဘယ်လို ပြောဆိုပြုမူရမလဲ။
ယေဟောဝါဘုရားဟာ အမျိုးသားနဲ့အမျိုးသမီးကို အိမ်ထောင်မှာ အပြန်အလှန် ထောက်မဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်ဆင်းခဲ့တာဖြစ်တယ်။ (ကမ္ဘာဦး ၂:၁၈) အိမ်ထောင်ဦးစီးဖြစ်တဲ့ ခင်ပွန်းသည်ဟာ မိသားစု စားဝတ်နေရေးအတွက် ထောက်ပံ့ပေးရမယ့်အပြင် ဘုရားသခင်အကြောင်း သွန်သင်ပေး ရာမှာလည်း ဦးဆောင်ရမယ်။ ကိုယ့်ဇနီးကို ကိုယ်ကျိုးစွန့်မေတ္တာပြဖို့လည်း လိုတယ်။ ဇနီးမောင်နှံအချင်းချင်း အပြန်အလှန် ချစ်မြတ်နိုးပြီး လေးစားရပါမယ်။ ဇနီးမောင်နှံအားလုံး အပြစ်ကင်းတဲ့သူတွေ မဟုတ်ကြတဲ့အတွက် ခွင့်လွှတ်တတ်ဖို့ သင်ယူရမယ်၊ ဒါမှသာ အိမ်ထောင်သာယာမယ်။—ဧဖက် ၄:၃၁၊ ၃၂။ ၅:၂၂-၂၅၊ ၃၃။ ၁ ပေတရု ၃:၇ တို့ကိုဖတ်ပါ။
၃။ အိမ်ထောင်ရေး မသာယာတာနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို စွန့်ပစ်သင့်သလား။
အိမ်ထောင်မှာ ပြဿနာတွေ ကြုံနေရပြီဆိုရင် ဇနီးမောင်နှံအချင်းချင်း မေတ္တာနဲ့ ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။ (၁ ကောရိန္သု ၁၃:၄၊ ၅) အိမ်ထောင်သည်တွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို အကြောင်းပြပြီး ခွဲနေတာမျိုးကို သမ္မာကျမ်းစာမှာ မထောက်ခံထားပါဘူး။—၁ ကောရိန္သု ၇:၁၀-၁၃ ကိုဖတ်ပါ။
၄။ သားသမီးတို့၊ သင်တို့ကို ဘုရားသခင် ဘယ်လို ဖြစ်စေချင်သလဲ။
ဘုရားသခင်က သားသမီးတွေကို ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် လူငယ်ဘဝမှာ ဘယ်လိုပျော်မွေ့ရမယ်ဆိုတာ အကောင်းဆုံးအကြံဉာဏ်တွေ ပေးထားပါတယ်။ ဒါ့အပြင် ဘုရားသခင်က မိဘတွေရဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေ ကနေတစ်ဆင့် သင်တို့ကို အကျိုးရယူစေချင်တယ်။ (ကောလောသဲ ၃:၂၀) ပြီးတော့ သင့်ကို ဖန်ဆင်းတဲ့အရှင်နဲ့ သားတော် ယေရှုတို့ရဲ့အလိုတော် ထမ်းဆောင်ခြင်းကနေ ရွှင်လန်းမှုခံစားစေချင်တယ်။—ဒေသနာ ၁၁:၉–၁၂:၁။ မဿဲ ၁၉:၁၃-၁၅။ ၂၁:၁၅-၁၆ တို့ကိုဖတ်ပါ။
၅။ မိဘတို့၊ သားသမီးတွေ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။
သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် မိဘများ ကြိုးစားလုပ်ဆောင်ကြရမယ်။ (၁ တိမောသေ ၅:၈) ဒါပေမဲ့ သားသမီးတွေ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ဘုရားသခင်ကို ချစ်မြတ်နိုးဖို့၊ ဘုရားသခင်အကြောင်း သင်ယူလေ့လာဖို့ သွန်သင်ပေးရမယ်။ (ဧဖက် ၆:၄) ဘုရားသခင်ကို ချစ်မြတ်နိုးကြောင်း အလုပ်နဲ့သက်သေပြတာက သင့်ကလေးရဲ့ စိတ်နှလုံးထဲ တစ်သက်လုံး စွဲမှတ်သွားစေနိုင်ပါတယ်။ သင့်ကလေး အပြုသဘောနဲ့ စဉ်းစား တွေးခေါ်တတ်လာအောင် သမ္မာကျမ်းစာကို အခြေခံပြီး သွန်သင်ပေးပါ။—တရားဟောရာ ၆:၄-၇။ ပညာအလိမ္မာ ၂၂:၆ တို့ကိုဖတ်ပါ။
ကလေးတွေကို ချီးမွမ်းပေးပြီး အားပေးတာက အကျိုးရှိစေပါတယ်။ ကလေးတွေကို ဆုံးမပဲ့ပြင်ဖို့၊ တည့်မတ်ပေးဖို့လည်း လိုအပ်တယ်။ အဲဒါက သူတို့လေးတွေရဲ့ ပျော်ရွှင်မှုကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေကနေ ကာကွယ်ပေးရာရောက်ပါတယ်။ (ပညာအလိမ္မာ ၂၂:၁၅) ဒါပေမဲ့ ကြမ်းကြမ်းတမ်းတမ်း ဆုံးမတာမျိုး ဘယ်တော့မှ မလုပ်သင့်ပါဘူး။—ကောလောသဲ ၃:၂၁ ကိုဖတ်ပါ။
မိဘတွေနဲ့ သားသမီးတွေအတွက် အထူးသဖြင့် အကူအညီဖြစ်စေတဲ့ ကျမ်းစာ အခြေပြု စာပေအတော်များများကို ယေဟောဝါသက်သေတွေ ထုတ်ဝေထားပါတယ်။—ဆာလံ ၁၉:၇၊ ၁၁ ကိုဖတ်ပါ။