မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂

ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လို လုပ်နိုင်မလဲ

ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လို လုပ်နိုင်မလဲ

၁။ ဆုတောင်းချက်​အားလုံး​ကို ဘုရား​သခင် နားထောင်ပါ​သလား။

ဘုရား​သခင်​ဟာ မိမိ​နဲ့​ရင်းနှီးမှု​ရရှိအောင် ဆုတောင်း​ပါ​လို့ လူမျိုးအပေါင်း​က လူတွေ​ကို ဖိတ်ခေါ်​နေပါတယ်။ (ဆာလံ ၆၅:၂) ဒါပေမဲ့ ဆုတောင်းချက်​အားလုံး​ကိုတော့ နားမထောင်​ပေး​ဘူး။ ဥပမာ၊ ဇနီးသည်​ကို မတရားပြုမူ​တဲ့ ခင်ပွန်းသည်​ရဲ့ ဆုတောင်းချက်ကို နားထောင်​မှာ မဟုတ်ဘူး။ (၁ ပေတရု ၃:၇) မကောင်းမှု​တွေကို ထပ်ခါတလဲ​လဲ ပြုလုပ်​တဲ့ အစ္စရေး​လူတွေ​ရဲ့ ဆုတောင်းချက်​တွေကို ဘုရား​သခင် နားမထောင်​ခဲ့ဘူး။ ကြီးလေး​တဲ့​အပြစ် ပြုမိ​ပေ​မဲ့ နောင်တ​ယူ​တဲ့​သူရဲ့ ဆုတောင်းချက်ကို​တော့ နားထောင်ပေး​မှာ​ဖြစ်တယ်။ ဆုတောင်းခြင်း​ဟာ အခွင့်ထူး​ဖြစ်ပါတယ်။​—ဟေရှာယ ၁:၁၅။ ၅၅:၇ ကိုဖတ်ပါ။

ဆုတောင်းချက်​အားလုံး​ကို ဘုရား​သခင် နားထောင်ပါ​သလား ဗီဒီယိုကိုကြည့်ပါ။

၂။ ဘယ်လို ဆုတောင်း​သင့်သလဲ။

စစ်မှန်တဲ့​ဘုရား ယေဟောဝါ​ဆီ​ကိုပဲ ဆုတောင်း​ကြ​ရမယ်။ (မဿဲ ၄:၁၀။ ၆:၉) ကျွန်တော်တို့ဟာ မစုံလင်​ကြတဲ့​အပြင် ကျွန်တော်တို့​အပြစ်​အတွက် ယေရှု အသေခံပေး​သွားတာ​ကြောင့် ယေရှုရဲ့​နာမည်​နဲ့ ဆုတောင်း​သင့်တယ်။ (ယောဟန် ၁၄:၆) အလွတ်ကျက်​ထားတဲ့၊ ရေးမှတ်​ထားတဲ့ ဆုတောင်း​စာ​တွေကို ထပ်ခါတလဲ​လဲ ရွတ်ဆို​ဆုတောင်း​တာကို​တော့ ဘုရား​သခင် မနှစ်သက်​ဘူး။ ကိုယ်ပိုင်​စကားနဲ့ လှိုက်လှိုက်လှဲလှဲ ရင်ဖွင့်​ဆုတောင်း​တာကို​ပဲ နှစ်သက်​ပါတယ်။​—မဿဲ ၆:၇။ ဖိလိပ္ပိ ၄:၆၊ ၇ တို့ကိုဖတ်ပါ။

ဘုရား​သခင်​ဟာ အသံတိတ်​ဆုတောင်း​တာကို​တောင် ကြား​နိုင်ပါတယ်။ (၁ ရှမွေလ ၁:၁၂၊ ၁၃) ဘုရား​သခင်​ဆီ အချိန်​အခါ​မရွေး ဆုတောင်း​နိုင်တယ်။ ဥပမာ၊ အိပ်ရာထချိန်၊ အိပ်ရာဝင်ချိန်၊ ထမင်း​စားချိန်​နဲ့ ပြဿနာတွေ ကြုံတွေ့​နေရတဲ့ အချိန်တွေ​မှာ​ဖြစ်တယ်။​—ဆာလံ ၅၅:၂၂။ မဿဲ ၁၅:၃၆ တို့ကိုဖတ်ပါ။

၃။ ခရစ်ယာန်စစ်​တွေ ဘာကြောင့် စုဆုံ​စည်းဝေး​ကြ​တာလဲ။

ဘုရား​သခင်​နဲ့ ရင်းနှီး​အောင်လုပ်ဖို့​ဆိုတာ မလွယ်​ပါဘူး။ အကြောင်းကတော့ ဘုရား​သခင်​ကို မယုံကြည်​တဲ့​သူတွေ၊ ကမ္ဘာ​ကို ငြိမ်းချမ်းသာယာ​အောင် ပြုလုပ်ပေး​မယ်​ဆိုတဲ့ ဘုရားသခင့်​ကတိ​တွေကို သရော်​တဲ့​သူတွေ​ကြားမှာ နေထိုင်​နေရ​လို့​ပါ။ (၂ တိမောသေ ၃:၁၊ ၄။ ၂ ပေတရု ၃:၃၊ ၁၃) ဒါကြောင့် ယုံကြည်သူ အချင်းချင်း စုဆုံ​စည်းဝေး​ပြီး အပြန်အလှန် ခွန်အားရ​ယူဖို့ လိုအပ်​ပါတယ်။​—ဟီဘရူး ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

ဘုရား​သခင်​ကို ချစ်တဲ့​သူတွေနဲ့ မိတ်ဆွေဖွဲ့​မယ်ဆိုရင် ကိုယ်တော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိနိုင်ပါတယ်။ ယေဟောဝါ​သက်သေ​တွေရဲ့ ဝတ်ပြုစည်းဝေး​ပွဲ​တွေမှာ အချင်းချင်း​ရဲ့ ယုံကြည်ခြင်း​ကို တွေ့မြင်ခြင်း​က​နေ အကျိုးရယူ​နိုင်တဲ့ အခွင့်အရေး​တွေ​ရှိ​ပါတယ်။​—ရောမ ၁:၁၁၊ ၁၂ ကိုဖတ်ပါ။

၄။ ဘုရား​သခင်​နဲ့ ရင်းနှီး​အောင် ဘယ်လို​လုပ်​နိုင်မလဲ။

ကျမ်းစာက​နေ သင်ယူ​သိရှိ​ခဲ့ရာ​တွေကို တွေးတော​ဆင်ခြင်ခြင်း​အားဖြင့် ဘုရား​သခင်​နဲ့ ရင်းနှီး​နိုင်ပါတယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု​တွေ၊ အကြံပြုချက်​တွေနဲ့ ကတိ​တွေကို​ လေးလေးနက်နက် စဉ်းစား​ဆင်ခြင်​ပါ။ ဆုတောင်းပြီး တွေးတော​ဆင်ခြင်​မယ်ဆိုရင် ဘုရားသခင့်​မေတ္တာနဲ့ ဉာဏ်ပညာ​ကို တန်ဖိုးထား​တတ်လာ​မှာ​ဖြစ်တယ်။​—ယောရှု ၁:၈။ ဆာလံ ၁:၁-၃ တို့ကိုဖတ်ပါ။

ဘုရား​သခင်​ကို ယုံကြည်ကိုးစား​မှသာ ဘုရား​နဲ့​ရင်းနှီး​လာနိုင်​မယ်။ ဒါပေမဲ့ ယုံကြည်​ခြင်းက မြေ​သြဇာ​ထည့်ပေး​ဖို့လို​တဲ့ အပင်​တစ်ပင်​နဲ့​တူ​ပါတယ်။ ယုံကြည်​ထားရာ​တွေကို ပြန်​ကျိုးကြောင်းဆင်ခြင်​ခြင်းအားဖြင့် ကိုယ့်​ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံ​အောင် အဆက်မပြတ် ပြုလုပ်ပေး​နေဖို့ လိုတယ်။​—မဿဲ ၄:၄။ ဟီဘရူး ၁၁:၁၊  တို့ကိုဖတ်ပါ။

၅။ ဘုရား​သခင်​နဲ့​ရင်းနှီးခြင်း​က သင့်ကို ဘယ်လို​အကျိုးပြု​မ​လဲ။

ယေဟောဝါ​ဘုရား​ဟာ မိမိ​ကို​ချစ်တဲ့​သူတွေ​ကို ဂရုစိုက်​တယ်။ သူတို့ရဲ့​ယုံကြည်ခြင်း​နဲ့ ထာဝရ​အသက်​မျှော်လင့်ချက်​ကို ပျက်ပြား​စေနိုင်​မယ့် အရာ​မှန်သမျှ​က​နေ ကာကွယ်​ပေးတယ်။ (ဆာလံ ၉၁:၁၊ ၂၊ ၇-၁၀) ကျွန်တော်တို့ရဲ့​ကျန်းမာရေး​ကို ထိခိုက်​ပြီး ပျော်ရွှင်မှု​ကို ပျောက်ဆုံး​စေမယ့် ဘဝလမ်းစဉ်​ကို မလိုက်လျှောက်​ဖို့ ဘုရား​သခင် သတိပေး​တယ်။ အကောင်းဆုံး​ဘဝလမ်းစဉ်​ကိုလည်း သွန်သင်​ပေးတယ်။​—ဆာလံ ၇၃:၂၇၊ ၂၈။ ယာကုပ် ၄:၄၊  တို့ကိုဖတ်ပါ။