အခန်း ၁၅
အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ
ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှာ လခစား ခရစ်ယာန် ဓမ္မဆရာအတန်းအစားဆိုတာ မရှိဘူး။ အဲဒီအစား ခရစ်ယာန်အသင်းတော် စတည်ထောင်တုန်းကလိုပဲ “အသင်းတော်ကို ထိန်းကျောင်း” ဖို့ အရည်အချင်းပြည့်မီတဲ့ ကြီးကြပ်မှူးတွေကို ခန့်အပ်ထားတယ်။ (တမန်တော် ၂၀:၂၈) ဘုရားရေးရာ အရည်အသွေးရှိတဲ့ ဒီအကြီးအကဲတွေက အသင်းတော်ကို ဦးဆောင် ထိန်းကျောင်းတဲ့အခါ “တာဝန်အရလုပ်တာမျိုး မဟုတ်ဘဲ ဘုရားသခင်ရှေ့မှာ စိတ်ပါလက်ပါ လုပ်ဆောင်ကြ” တယ်။ “မသမာတဲ့နည်းနဲ့ အမြတ်ထုတ်ချင်လို့ မဟုတ်ဘဲ စေတနာစိတ်နဲ့ လုပ်ဆောင်ကြ” တယ်။ (၁ ပေတရု ၅:၁-၃) ကျွန်တော်တို့အတွက် သူတို့ ဘာလုပ်ဆောင်ပေးကြသလဲ။
ကျွန်တော်တို့ကို ဂရုစိုက်၊ ကာကွယ်ပေးကြတယ်။ အကြီးအကဲတွေက ကျမ်းစာလမ်းညွှန်ချက်တွေ ပေးကြတယ်။ ယေဟောဝါဘုရားနဲ့ ဆက်နီးကပ်နေအောင် ကူညီပေးကြတယ်။ ဒီအရေးကြီးတဲ့တာဝန်ကို ဘုရားသခင် အပ်နှင်းထားကြောင်း သိထားကြတဲ့အတွက် ဘုရားလူမျိုးကို စိုးမိုးခြယ်လှယ်တာမျိုး မလုပ်ဘဲ ကျွန်တော်တို့ရဲ့ ကောင်းကျိုးနဲ့ ပျော်ရွှင်မှုကို တိုးများစေကြတယ်။ (၂ ကောရိန္သု ၁:၂၄) သိုးထိန်းတစ်ဦးက သိုးတစ်ကောင်ချင်းစီကို ကြိုးစား ဂရုစိုက်သလို အကြီးအကဲတွေကလည်း အသင်းသားတစ်ယောက်စီကို သိအောင် ကြိုးစားကြတယ်။—ပညာ. ၂၇:၂၃။
ဘုရားသခင့်အလိုတော် ဆောင်နိုင်ပုံကို သင်ပေးကြတယ်။ အကြီးအကဲတွေက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့ ပတ်စဉ် ပတ်တိုင်း အသင်းတော် အစည်းအဝေးတွေကို ဦးဆောင် ကျင်းပပေးကြတယ်။ (တမန်တော် ၁၅:၃၂) ကိုယ့်ကိုယ်ကိုယ် ပေးဆက်ထားတဲ့ ဒီအကြီးအကဲတွေက ဟောပြောခြင်းလုပ်ငန်းမှာလည်း ဦးဆောင်ပေးကြတယ်။ အမှုဆောင်လုပ်ငန်း အမျိုးမျိုးမှာ ကျွန်တော်တို့နဲ့အတူ လုပ်ဆောင်ပြီး လေ့ကျင့်ပေးကြတယ်။
ကျွန်တော်တို့တစ်ယောက်စီကို အားပေးတယ်။ ဒေသခံ အကြီးအကဲတွေက ကျွန်တော်တို့တစ်ဦးစီကို ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်းနေအောင် ကူညီပေးဖို့ အိမ်ကို လာပြီးပဲဖြစ်ဖြစ်၊ ဝတ်ပြုရာ ခန်းမမှာပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ စကားပြောဆိုကြတယ်။ ကျမ်းစာနဲ့ နှစ်သိမ့်ပေးကြတယ်။ —ယာကုပ် ၅:၁၄၊ ၁၅။
ကမ္ဘာတစ်ဝန်းမှာ အကြီးအကဲအများစုမှာ အသင်းတော်တာဝန်တွေအပြင် လောကအလုပ်တွေ၊ အချိန်နဲ့ အာရုံစိုက်မှု လိုအပ်တဲ့ မိသားစုတာဝန်တွေလည်း ရှိကြတယ်။ အလုပ်ကြိုးစားတဲ့ ဒီညီအစ်ကိုတွေဟာ ကျွန်တော်တို့ရဲ့ လေးစားမှုကို ရထိုက်ပါတယ်။—၁ သက်သာလောနိတ် ၅:၁၂၊ ၁၃။
-
အသင်းတော်အကြီးအကဲတွေရဲ့ တာဝန်ဟာ ဘာလဲ။
-
အကြီးအကဲတွေက ကျွန်တော်တို့တစ်ဦးစီရဲ့ လိုအပ်ရာကို ဂရုစိုက်ကြောင်း ဘယ်လိုနည်းတွေနဲ့ ပြကြသလဲ။