အခန်း ၁၂
ကျွန်တော်တို့ရဲ့ နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို ဘယ်လို စီစဉ်လုပ်ဆောင်နေသလဲ
ယေရှုက မသေဆုံးမီ ရက်အနည်းငယ်အလိုမှာ ဒီလိုပြောခဲ့တယ်– “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံးရောက်လာလိမ့်မယ်။” (မဿဲ ၂၄:၁၄) ဒီကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်း ပြီးစီးအောင်မြင်ဖို့ ဘယ်လို လုပ်ဆောင်နိုင်မလဲ။ ယေရှု မြေကြီးပေါ် ရှိစဉ် လုပ်ဆောင်ခဲ့တဲ့နည်းအတိုင်း လုပ်ဆောင်ခြင်းအားဖြင့်ပါပဲ။—လုကာ ၈:၁။
လူတွေရဲ့အိမ်တွေမှာ သွားပြီး ဟောပြောဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ ယေရှုက တပည့်တွေကို တစ်အိမ်မှတစ်အိမ် သွားပြီး သတင်းကောင်း ဟောပြောဖို့ လေ့ကျင့်ပေးခဲ့တယ်။ (မဿဲ ၁၀:၁၁-၁၃။ တမန်တော် ၅:၄၂။ ၂၀:၂၀) ပထမရာစု သတင်းကောင်းဟောပြောသူတွေအတွက် ဟောပြောရမယ့်ရပ်ကွက်တွေကို သတ်မှတ်ပေးခဲ့တယ်။ (မဿဲ ၁၀:၅၊ ၆။ ၂ ကောရိန္သု ၁၀:၁၃) အဲဒီလိုပါပဲ၊ ဒီနေ့ ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ကောင်းစွာ စီစဉ်ထားပြီး အသင်းတော်တိုင်းအတွက် ဟောပြောရမယ့်ရပ်ကွက်တွေကို သတ်မှတ်ထားတယ်။ ဒါက “လူတွေကို ဟောပြောပြီး စေ့စေ့စပ်စပ် သက်သေခံ” ကြဆိုတဲ့ ယေရှုရဲ့အမိန့်ကို လုပ်ဆောင်နိုင်စေတယ်။—တမန်တော် ၁၀:၄၂။
လူတွေကို တွေ့နိုင်တဲ့ ဘယ်နေရာမှာမဆို ဟောပြောဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ယေရှုက ကမ်းနား၊ အများသုံးရေတွင်း စတဲ့ လူတွေရှိတဲ့နေရာတွေမှာ ဟောပြောခြင်းအားဖြင့်လည်း ပုံသက်သေပြခဲ့တယ်။ (မာကု ၄:၁။ ယောဟန် ၄:၅-၁၅) ကျွန်တော်တို့လည်း တယ်လီဖုန်းနဲ့ဖြစ်ဖြစ်၊ လမ်းပေါ်မှာ၊ စီးပွားရေးရပ်ကွက်တွေမှာ၊ ပန်းခြံမှာဖြစ်ဖြစ် တွေ့ရတဲ့လူတွေကို သမ္မာကျမ်းစာအကြောင်း ပြောပြကြတယ်။ အိမ်နီးချင်းတွေ၊ အလုပ်ဖော်တွေ၊ ကျောင်းနေဖက်တွေနဲ့ ဆွေမျိုးတွေကိုလည်း အခွင့်အရေးရတိုင်း သက်သေခံကြတယ်။ ဒီလိုကြိုးစားလုပ်ဆောင်မှုတွေကြောင့် “ကယ်တင်ခြင်းသတင်းကောင်း” ကို ကမ္ဘာတစ်၀န်းက သန်းနဲ့ချီတဲ့သူတွေ ကြားသိခွင့်ရကြတယ်။—ဆာလံ ၉၆:၂။
ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းအကြောင်း၊ ဒီသတင်းကောင်းက အနာဂတ်နဲ့ ဘယ်လို သက်ဆိုင်တယ်ဆိုတဲ့အကြောင်း ပြောပြချင်တဲ့သူတစ်ယောက်ယောက်ကို စဉ်းစားမိသလား။ ဒီမျှော်လင့်ချက်ပေးတဲ့သတင်းကို ကိုယ့်အတွက်ပဲ သိမ်းမထားပါနဲ့။ သူတို့တစ်တွေကို အမြန်ဆုံး ဝေမျှပေးပါ။
-
ဘယ် “သတင်းကောင်း” ကို ဟောပြောကြရမလဲ။
-
ယေဟောဝါသက်သေတွေက ယေရှုရဲ့ဟောပြောခြင်းနည်းလမ်းကို ဘယ်လို တုပကြသလဲ။