အခန်း ၂၆
ဝတ်ပြုရာခန်းမကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ကျွန်တော်တို့ ဘယ်လို ကူညီနိုင်သလဲ
ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမတိုင်း ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမည်ကို ခံယူထားတယ်။ ဒါကြောင့် ခန်းမ သန့်ရှင်းပြီး ကြည့်ကောင်းနေအောင် ထားဖို့၊ ကောင်းကောင်း ထိန်းသိမ်းဖို့ ကူညီရတာကို အခွင့်ထူးအဖြစ် ရှုမြင်ပြီး မြင့်မြတ်တဲ့ဝတ်ပြုရေးရဲ့ အရေးကြီးကဏ္ဍတစ်ခုအဖြစ် သဘောထားကြတယ်။ ဒီလုပ်ဆောင်မှုတွေမှာ အားလုံး ပါဝင်ကူညီပေးနိုင်ပါတယ်။
အစည်းအဝေးပြီးတဲ့နောက် သန့်ရှင်းရေးလုပ်ဖို့ ပါဝင်လုပ်အားပေးပါ။ အစည်းအဝေးပြီးတိုင်း ညီအစ်ကို၊ ညီအစ်မတွေက ခန်းမ သပ်သပ်ရပ်ရပ် ဖြစ်အောင် လိုအပ်သလို သန့်ရှင်းရေး ပြန်လုပ်ကြတယ်။ ပိုအသေးစိတ်ကျတဲ့ သန့်ရှင်းရေးကိုလည်း ပုံမှန်လုပ်ကြတယ်။ လုပ်ဆောင်မှုတွေကို အကြီးအကဲတစ်ဦး ဒါမှမဟုတ် အသင်းတော်အမှုထမ်းတစ်ဦးက ဦးဆောင်ပေးပြီး ပုံမှန်အားဖြင့် သတ်မှတ်ထားတဲ့ဇယားအတိုင်း လုပ်ဆောင်ကြတယ်။ ညီအစ်ကို/မတွေက လိုအပ်မှုအပေါ် မူတည်ပြီး တံမြက်စည်းလှည်း၊ ကြမ်းတိုက်၊ ဖုန်သုတ်၊ ခုံစီ၊ အိမ်သာ သန့်ရှင်းရေး၊ ပြတင်းပေါက်နဲ့ မှန်သုတ်၊ အမှိုက်သွန်၊ ခန်းမအပြင်ဘက် သန့်ရှင်းရေး၊ ခြံဝင်းသန့်ရှင်းရေးတွေမှာ ပါဝင်လုပ်အားပေးကြတယ်။ အနည်းဆုံး တစ်နှစ် တစ်ခါ ခန်းမတစ်ခုလုံးကို အသေးစိတ်သန့်ရှင်းရေး လုပ်ကြတယ်။ ဝတ်ပြုတဲ့နေရာကို လေးစားဖို့ ကလေးငယ်တွေကို သင်ပေးတဲ့အနေနဲ့ တချို့အလုပ်တွေမှာ သူတို့ကို ပါဝင်ကူညီစေကြတယ်။—ဒေသနာ ၅:၁။
လိုအပ်တဲ့ပြုပြင်မှုတွေ လုပ်တဲ့အခါ ပါဝင်လုပ်အားပေးကြတယ်။ ဝတ်ပြုရာခန်းမရဲ့ အတွင်းအပြင်ကို နှစ်စဉ် သေသေချာချာ စစ်ဆေးကြတယ်။ တွေ့ ရှိလာရာတွေပေါ် မူတည်ပြီး ပုံမှန် ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်တဲ့အတွက် ခန်းမအခြေအနေဟာ ကောင်းနေပြီး မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျော့ချနိုင်တယ်။ (၂ ရာ. ၂၄:၁၃။ ၃၄:၁၀) ဘုရားသခင်ကို ဝတ်ပြုတဲ့နေရာဟာ သန့်ရှင်းနေပြီး ကောင်းကောင်း ပြု ပြင်ထိန်းသိမ်းထားတဲ့နေရာ ဖြစ်သင့်ပါတယ်။ ဒီလုပ်ဆောင်မှုတွေမှာ ပါဝင်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ယေဟောဝါဘုရားကို ချစ်ကြောင်း၊ ဝတ်ပြုတဲ့နေရာကို လေးစားကြောင်း ပြကြတယ်။ (ဆာလံ ၁၂၂:၁) ဒီလိုလုပ်ဆောင်ခြင်းက ရပ်ကွက်မှာ ဘုရားသခင့်နာမည်ကို ချီးမွမ်းစရာ ဖြစ်စေတယ်။—၂ ကောရိန္သု ၆:၃။
-
ဝတ်ပြုရာနေရာတွေကို ကျွန်တော်တို့ ဘာကြောင့် ဂရုစိုက်ကြသလဲ။
-
ဝတ်ပြုရာခန်းမကို သန့်ရှင်းနေစေဖို့ ဘာအစီအစဉ်တွေ ရှိသလဲ။