အခန်း ၂၅
ဝတ်ပြုရာခန်းမတွေကို ဘာကြောင့် ဆောက်ရသလဲ။ ဘယ်လို ဆောက်ကြသလဲ
ကျွန်တော်တို့ရဲ့ ဝတ်ပြုရာခန်းမတွေကို နိုင်ငံတော်ခန်းမလို့လည်း ခေါ်ကြတယ်။ အကြောင်းကတော့ အဲဒီမှာဆွေးနွေးတဲ့ အဓိကကျမ်းစာသွန်သင်ချက်က ယေရှု အဓိကထားဟောပြောခဲ့တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဖြစ်လို့ပါပဲ။—လုကာ ၈:၁။
ဒေသအတွင်း စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ဗဟိုအနေနဲ့ သုံးဖို့ဖြစ်တယ်။ ဒီနေရာကိုအခြေပြုပြီး သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ကြတယ်။ (မဿဲ ၂၄:၁၄) ဝတ်ပြုရာခန်းမတွေက အရွယ်အစားနဲ့ ပုံစံကွဲပြားပေမဲ့လည်း အလွန်အကျွံ မွမ်းမံထားတာမျိုး၊ မလိုအပ်ဘဲ ကြီးလွန်းတာမျိုးတွေ မရှိဘူး။ ကမ္ဘာတစ်ဝန်းမှာ ခန်းမများစွာကို အသင်းတော် တစ်ခုထက်မက မျှသုံးကြတယ်။ တိုးများလာတဲ့ကြေညာသူတွေ၊ အသင်းတော်တွေအတွက် သိပ်မကြာသေးခင် နှစ်တွေအတွင်း (ပျမ်းမျှ တစ်ရက် ငါးလုံးနှုန်းနဲ့) ခန်းမပေါင်း သောင်းချီ ဆောက်လုပ်ခဲ့တယ်။ ဒါတွေကို ဘယ်လိုနည်းနဲ့ လုပ်နိုင်ကြသလဲ။—မဿဲ ၁၉:၂၆။
ဝတ်ပြုရာခန်းမဆောက်လုပ်ရေးအစီအစဉ်အတွက်လှူတဲ့ အလှူငွေတွေနဲ့ ဆောက်လုပ်ကြတယ်။ အဲဒီအလှူငွေတွေကို ဌာနခွဲရုံးကို ပို့ပေးတယ်။ ဒီငွေတွေကို ဝတ်ပြုရာခန်းမ ဆောက်လုပ်၊ ပြုပြင်လိုတဲ့အသင်းတော်တွေက ရယူနိုင်တယ်။
နောက်ခံအမျိုးမျိုးရှိတဲ့ လုပ်ခမယူတဲ့ စေတနာ့ဝန်ထမ်းတွေက ဆောက်လုပ်ပေးကြတယ်။ နိုင်ငံများစွာမှာ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးအုပ်စုတွေကို ဖွဲ့စည်းထားတယ်။ ဆောက်လုပ်ရေးလုပ်သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပါဝင်တဲ့ အဲဒီအဖွဲ့တွေက နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ရေးမှာ ဒေသခံအသင်းတော်တွေကိုကူညီဖို့ နိုင်ငံအတွင်း တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့တာ ဝေးလံခေါင်ဖျားဒေသတွေအထိ ရောက်ကြတယ်။ သတ်မှတ်ထားတဲ့ ဒေသအတွင်း ဝတ်ပြုရာခန်းမဆောက်လုပ်ရေးနဲ့ အကြီးစားပြုပြင်ရေးကို ကြီးကြပ်ဖို့အတွက် တချို့ နိုင်ငံတွေမှာ အရည်အချင်းရှိတဲ့ သက်သေခံတွေကို ခန့်အပ်ထားတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တိုင်းမှာ အလုပ်ကျွမ်းကျင်တဲ့ စေတနာ့ဝန်ထမ်းတွေ ရှိပေမဲ့ ဒေသခံအသင်းတော်က အဓိကလုပ်အား ဖြစ်ပါတယ်။ ဒီအလုပ်အားလုံး ဖြစ်မြောက်နေရတာက ယေဟောဝါရဲ့ စွမ်းအားတော်နဲ့ ဘုရားလူမျိုးရဲ့ စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ဖြစ်တယ်။—ဆာလံ ၁၂၇:၁။ ကောလောသဲ ၃:၂၃။
-
ကျွန်တော်တို့ရဲ့ ဝတ်ပြုရာခန်းမတွေကို နိုင်ငံတော်ခန်းမလို့ ဘာကြောင့် ခေါ်သလဲ။
-
ကမ္ဘာတစ်ဝန်းက ဝတ်ပြုရာခန်းမတွေကို ဘယ်လိုနည်းနဲ့ ဆောက်လုပ်နိုင်ကြတာလဲ။