အခန်း ၂၅
အနာကြီးရောဂါသည်ကို သနားပြီး ကုသပေး
မဿဲ ၈:၁-၄ မာကု ၁:၄၀-၄၅ လုကာ ၅:၁၂-၁၆
-
အနာကြီးရောဂါသည်ကို ကုသပေး
ယေရှုနဲ့ တပည့်လေးယောက်တို့ “ဂါလိလဲနယ် တစ်လျှောက်လုံးမှာ ရှိတဲ့ တရားဇရပ်တွေမှာ” ဟောပြောတဲ့အခါ ယေရှုရဲ့ အံ့ဖွယ်အမှုတွေနဲ့ ပတ်သက်တဲ့ သတင်းက အရပ်ရပ်ကို ပျံ့နှံ့သွားတယ်။ (မာကု ၁:၃၉) အနာကြီးရောဂါသည်တစ်ယောက် နေထိုင်တဲ့မြို့ကိုလည်း အဲဒီသတင်း ရောက်လာတယ်။ အဲဒီလူဟာ “တစ်ကိုယ်လုံး အနာကြီးရောဂါစွဲနေ” တယ်လို့ သမားတော်လုကာ ပြောတယ်။ (လုကာ ၅:၁၂) ရောဂါရင့်လာတာနဲ့အမျှ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တဖြည်းဖြည်း ပုံပျက်ပန်းပျက် ဖြစ်လာတယ်။
သူ့အခြေအနေ အတော်ဆိုးနေလို့ လူတွေနဲ့ ဝေးဝေးမှာ နေရတယ်။ ဒါ့အပြင် အနီးအနားမှာ လူတွေ ရှိနေတဲ့အခါ “မသန့်ရှင်းဘူး၊ မသန့်ရှင်းဘူး” လို့အော်ရတယ်။ သူ့နားကို လူတွေ မကပ်လာဖို့၊ ရောဂါမကူးစက်ဖို့ပဲ။ (ဝတ်ပြုရာ ၁၃:၄၅၊ ၄၆) ဒါပေမဲ့ အခု သူဘာလုပ်သလဲ။ ယေရှုဆီ လာဦးညွှတ်ပြီး “သခင်၊ ဆန္ဒရှိရင် ကျွန်တော့်ကို သန့်ရှင်းသွားအောင် လုပ်ပေးပါလား” လို့ အသနားခံတယ်။—မဿဲ ၈:၂။
ယေရှုအပေါ်ထားတဲ့ သူ့ယုံကြည်ခြင်း ဘယ်လောက်တောင် ပြင်းထန်လိုက်သလဲ။ ရောဂါဆိုး ခံစားနေရတဲ့ သူ့အခြေအနေကလည်း သိပ်သနားစရာကောင်းတယ်။ ဒီတော့ ယေရှု ဘာလုပ်ပေးသလဲ။ သင်သာ အဲဒီမှာရှိနေရင် ဘာလုပ်ပေးမလဲ။ ယေရှုက သူ့ကို သနားသွားတဲ့အတွက် လက်နဲ့လှမ်းကိုင်ပြီး “ဆန္ဒရှိတာပေါ့။ သန့်ရှင်းစေ” လို့ပြောလိုက်တယ်။ (မဿဲ ၈:၃) တချို့အတွက် ယုံရခက်နိုင်ပေမဲ့ သူ့ရဲ့အနာကြီးရောဂါ ချက်ချင်း ပျောက်သွားတယ်။
ယေရှုလို သနားကြင်နာတတ်ပြီး အရာရာကို စွမ်းဆောင်နိုင်တဲ့ဘုရင်မျိုး သင်လိုချင်သလား။ အနာကြီးရောဂါသည်ကို ဆက်ဆံပုံက ကမ္ဘာတစ်ခုလုံးကို ယေရှုအုပ်ချုပ်တဲ့အခါ ဒီကျမ်းစာကြိုဟောချက် ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်– “နိမ့်ကျသူတွေ၊ နွမ်းပါးသူတွေကို သနားလိမ့်မယ်။ ဆင်းရဲသားတွေရဲ့အသက်ကို ကယ်တင်လိမ့်မယ်။” (ဆာလံ ၇၂:၁၃) မှန်ပါတယ်၊ အဲဒီအခါကျရင် ယေရှုက ဆင်းရဲဒုက္ခ ခံစားနေရသူ အားလုံးကို သူ့စိတ်ဆန္ဒရှိတဲ့အတိုင်း ကူညီပေးပါလိမ့်မယ်။
အနာကြီးရောဂါသည်ကို မကုသပေးခင်ကတည်းက ယေရှုရဲ့ အမှုဆောင်လုပ်ငန်းကြောင့် လူတွေ သိပ်စိတ်လှုပ်ရှားနေကြတာ။ အခုလည်း ဒီအံ့ဖွယ်အမှုအကြောင်း ကြားရဦးမယ်။ ဒါပေမဲ့ ယေရှုက တစ်ဆင့်စကားတွေ ကြားပြီး သူ့ကို ယုံကြည်တာမျိုး မလိုချင်ဘူး။ “လမ်းမှာ သူ့အသံကို လူတွေကြားအောင်လုပ်မှာ မဟုတ်ဘူး” ဆိုတဲ့ ကျမ်းစာကြိုဟောချက်ကို သူသိထားတယ်။ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တာမျိုး သူမလုပ်ဘူး။ (ဟေရှာယ ၄၂:၁၊ ၂) ဒါကြောင့် အနာကြီးရောဂါသည်ကို “ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့။ ရောဂါပျောက်ပြီဆိုတဲ့ အထောက်အထားအဖြစ် ပုရောဟိတ်ဆီသွားပြီး ကိုယ်ကိုပြပါ။ မောရှေ ညွှန်ကြားထားတဲ့အတိုင်း အလှူကို ဆက်သပါ” လို့မှာတယ်။—မဿဲ ၈:၄။
ဒါပေမဲ့ အဲဒီလူက ၀မ်းသာလွန်းလို့ ဒီအကြောင်း မပြောဘဲ မနေနိုင်ဘူး။ သူထွက်သွားပြီး အဲဒီသတင်းကို လိုက်ပြောတဲ့အတွက် လူတွေ ပိုစိတ်ဝင်စားလာပြီး သိချင်လာကြတယ်။ ဒါကြောင့် ယေရှုက မြို့ထဲ ပေါ်ပေါ်ထင်ထင် မဝင်လာနိုင်ဘဲ မြို့ပြင် လူသူမရှိတဲ့နေရာတွေမှာ နေရတယ်။ ဒါပေမဲ့ အရပ်ရပ်က လူတွေဟာ တရားနာချင်လို့၊ ရောဂါပျောက်ချင်လို့ သူ့ဆီ တဖွဲဖွဲ ရောက်လာကြတယ်။