အခန်း ဆယ့်သုံး
အမှားတွေကနေ သူ သင်ခန်းစာယူခဲ့
၁၊ ၂။ (က) ယောနရဲ့ အမှားကြောင့် သူနဲ့ သင်္ဘောသားတွေ ဘာကြုံနေရသလဲ။ (ခ) ယောနရဲ့ အဖြစ်အပျက်ကနေ ဘာတွေ သင်ယူနိုင်သလဲ။
ယောနဟာ ထိတ်လန့်စရာကောင်းတဲ့ အသံတွေကို ဆက်မကြားချင်တော့ဘူး။ ဒီအသံတွေက သင်္ဘော ရွက်တိုင်တွေ ကြားကနေ ထွက်လာတဲ့ ကြောက်လန့်စရာ လေတိုးသံ၊ လှိုင်းလုံးကြီးတွေက သင်္ဘော ကိုယ်ထည်ကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်တဲ့အခါ သစ်သားနံရံတွေ ပွတ်တိုက်မိပြီး ကျိုးကျိုးကြိတ်ကြိတ် မြည်တဲ့အသံတွေပဲ မဟုတ်ပါဘူး။ ယောနအတွက် ဒီအသံတွေထက် ပိုဆိုးတာက သင်္ဘော မနစ်မြုပ်ရအောင် အသည်းအသန် ကြိုးစားနေတဲ့ မာလိန်မှူးနဲ့ သင်္ဘောသားတွေရဲ့ အော်ဟစ်သံတွေပဲ။ အဲဒီလူတွေအားလုံး သူ့ကြောင့် အသက်ဆုံးရတော့မယ်။
၂ ဒီဆိုးဝါးတဲ့ အခြေအနေမျိုးကို ယောန ဘာကြောင့် ကြုံတွေ့နေရသလဲ။ ယေဟောဝါဘုရားအပေါ် ကြီးလေးတဲ့ အမှားတစ်ခု သူကျူးလွန်မိလို့ပဲ။ ဘာအမှားလဲ။ ယေဟောဝါဘုရားနဲ့ သူ့ရဲ့ဆက်ဆံရေး လုံးဝ ပြတ်သွားပြီလား။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကနေ သင်ယူစရာ အများကြီးရှိပါတယ်။ ဥပမာ၊ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိသူတွေတောင် အမှားတွေ လုပ်မိနိုင်တယ်၊ မှားပြီးနောက် ပြုပြင်နိုင်တယ်ဆိုတာ ယောနရဲ့ အဖြစ်အပျက်က သိနားလည်စေတယ်။
ဂါလိလဲနယ်က ပရောဖက်တစ်ယောက်
၃-၅။ (က) ယောနအကြောင်း စဉ်းစားလိုက်တဲ့အခါ လူတွေစိတ်ထဲ ဘာမြင်လာသလဲ။ (ခ) ယောနရဲ့ နောက်ခံနဲ့ ပတ်သက်ပြီး ဘာသိရသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။) (ဂ) ပရောဖက်အဖြစ် ယောန အမှုဆောင်ရတာ ဘာကြောင့် မလွယ်ကူသလဲ။
၃ ယောနအကြောင်း လူတွေ စဉ်းစားတဲ့အခါ သူနာခံမှု မရှိခဲ့တာ၊ ခေါင်းမာတာကိုပဲ မြင်ကြတယ်။ တကယ်တော့ သူ့မှာ အရည်အချင်းကောင်းတွေ အများကြီး ရှိပါတယ်။ ယောနဟာ ယေဟောဝါဘုရားရဲ့ ပရောဖက်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတာကို သတိရပါ။ အကယ်၍ သူဟာ သစ္စာမရှိသူ၊ မဖြောင့်မတ်သူ ဖြစ်မယ်ဆိုရင် ဒီတာဝန်ကြီးကို ထမ်းဆောင်ဖို့ သူ့ကို ယေဟောဝါဘုရား ရွေးမှာမဟုတ်ဘူး။
ယောနရဲ့ မကောင်းတဲ့ စရိုက်တွေအပြင် သူနဲ့ပတ်သက်ပြီး သိသင့်တာတွေ အများကြီးရှိ
၄ ယောနရဲ့ ဘဝနောက်ခံကို ကျမ်းစာမှာ အနည်းအကျဉ်း ဖော်ပြထားတယ်။ (၂ ဘုရင်များ ၁၄:၂၅ ကိုဖတ်ပါ။) နောက်အနှစ် ၈၀၀ လောက်မှာ ယေရှုခရစ် ကြီးပြင်းလာမယ့် နာဇရက်မြို့ကနေ နှစ်မိုင်ခွဲလောက်ပဲ ဝေးတဲ့ ဂါသေဖာမြို့ဟာ သူ့ရဲ့ ဇာတိမြို့ဖြစ်တယ်။ * ယောနဟာ အစ္စရေး ဆယ်နွယ်နိုင်ငံရဲ့ဘုရင် ဒုတိယမြောက် ယေရောဗောင်လက်ထက်မှာ ပရောဖက်တစ်ယောက်အဖြစ် အမှုဆောင်ခဲ့တယ်။ ဧလိယခေတ် ကုန်လွန်ခဲ့တာ ကြာပြီ။ ဧလိယကိုဆက်ခံသူ ဧလိရှဲလည်း ယေရောဗောင်ရဲ့ဖခင် နန်းစံချိန်အတွင်း ကွယ်လွန်သွားခဲ့ပြီ။ ဗာလ ဝတ်ပြုရေးကို ဖယ်ရှားဖို့ အဲဒီလူတွေကို ယေဟောဝါဘုရား အသုံးပြုခဲ့ပေမဲ့ အစ္စရေးလူတွေဟာ ထပ်ပြီး လမ်းလွဲနေကြပြန်ပြီ။ သူတို့ဟာ “ယေဟောဝါရှေ့မှာ မကောင်းတာကို . . . ဆက်လုပ်” တဲ့ဘုရင်ရဲ့ သြဇာအောက် ရောက်နေကြတယ်။ (၁ ဘု. ၁၄:၂၄) ဒါကြောင့် ပရောဖက်အဖြစ် ယောန အမှုဆောင်ရတာ အတော်လေး ခက်ခဲမှာပဲ။ ဒါတောင်မှ သူ သစ္စာရှိရှိ အမှုဆောင်ခဲ့ပါတယ်။
၅ တစ်နေ့မှာ ယောနရဲ့ ဘဝ အကြီးအကျယ် ပြောင်းလဲသွားတယ်။ ယေဟောဝါဘုရားက သူ့အတွက် တော်တော်ခက်တဲ့ တာဝန်တစ်ခုပေးတယ်။ ဘာတာဝန်လဲ။
“နိနဝေမြို့ကြီးဆီ သွားပါ”
၆။ ယောနကို ယေဟောဝါဘုရား ဘာတာဝန်ပေးသလဲ။ ဒီတာဝန်ဟာ ဘာကြောင့် အလွန်ခက်ပုံပေါက်သလဲ။
၆ ယေဟောဝါဘုရားက ယောနကို “နိနဝေမြို့ကြီးဆီ သွားပါ။ သူတို့ရဲ့ ဆိုးသွမ်းမှုကို ငါသတိထားမိတဲ့အတွက် သူတို့ကို တရားစီရင်မယ့်အကြောင်း ကြေညာပါ” လို့ပြောတယ်။ (ယောန ၁:၂) အဲဒီတာဝန်ဟာ အရမ်းခက်ခဲတဲ့တာဝန် ဖြစ်ပုံရတယ်။ နိနေဝေမြို့ဟာ အရှေ့ဘက် မိုင် ၅၀၀ လောက်မှာ တည်ရှိပြီး ကုန်းကြောင်းခရီးနဲ့ ခြေကျင်လျှောက်သွားရင် တစ်လလောက် ကြာမယ်။ ဒါပေမဲ့ ဒီခရီးကြမ်းဟာ ထမ်းဆောင်ရမယ့် တာဝန်နဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ဘူး။ နိနေဝေမြို့မှာနေတဲ့ အဆီးရီးယားလူတွေဟာ အလွန် ရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကျော်ကြားတယ်။ ယောနဟာ အဲဒီလူတွေကို ယေဟောဝါဘုရားရဲ့ တရားစီရင်ခြင်းသတင်း ကြေညာရမယ်။ ဘုရားသခင့် လူတွေတောင်မှ သူ့စကား နားမထောင်တာ ဒီတိတ္ထိတွေက သူပြောတာကို နားထောင်ပါ့မလား။ “လူသတ်တဲ့မြို့” လို့ နောက်ပိုင်းမှာ နာမည်ရလာတဲ့ နိနေဝေမြို့ကြီးမှာ ယေဟောဝါရဲ့ကျွန် တစ်ယောက်တည်း ဘာလုပ်နိုင်မှာလဲ။—နာ. ၃:၁၊ ၇။
၇၊ ၈။ (က) ယေဟောဝါဘုရားပေးတဲ့ တာဝန်ကို ရှောင်လွှဲဖို့ ယောန ဘယ်အထိ စိတ်ပိုင်းဖြတ်ထားသလဲ။ (ခ) ယောနကို သတ္တိမရှိတဲ့သူလို့ ဘာကြောင့် ကောက်ချက်မချသင့်သလဲ။
၇ ယောန အဲဒီလို တွေးမိမှာပဲ။ အတိအကျတော့ မသိနိုင်ပါဘူး။ သိရတာတစ်ခုကတော့ သူ ထွက်ပြေးသွားတယ်။ ယေဟောဝါဘုရားက ယောနကို အရှေ့ဘက် သွားခိုင်းတယ်။ ဒါပေမဲ့ အနောက်ဘက် ဝေးနိုင်သမျှ ဝေးဝေးကို သူ ထွက်သွားတယ်။ ယုပ္ပေလို့ခေါ်တဲ့ ဆိပ်ကမ်းမြို့ကို သူရောက်တဲ့အခါ တာရှိမြို့ကိုသွားမယ့် သင်္ဘောတစ်စင်းကို တွေ့တယ်။ တာရှိမြို့ဟာ စပိန်နိုင်ငံမှာ ရှိတယ်လို့ ကျမ်းပညာရှင်တချို့က ပြောကြတယ်။ အဲဒီလိုသာဆိုရင် ယောနဟာ နိနေဝေမြို့ကနေ ယောန ၁:၃ ကိုဖတ်ပါ။
မိုင်ပေါင်း ၂,၂၀၀ လောက်ဝေးတဲ့နေရာကို ဦးတည်သွားနေတာပဲ။ မြေထဲပင်လယ်လို့ ဒီနေ့ခေတ်မှာ ခေါ်ကြတဲ့ ပင်လယ်ကြီးရဲ့ အစွန်းတစ်ဖက်ကို သွားဖို့ တစ်နှစ်လောက် ကြာနိုင်တယ်။ ယောနဟာ ယေဟောဝါဘုရားပေးတဲ့ တာဝန်ကို လွှဲရှောင်ဖို့ အဲဒီလောက်အထိ စိတ်ပိုင်းဖြတ်ထားတယ်။—၈ အဲဒါကြောင့် ယောနကို သတ္တိမရှိတဲ့သူလို့ ပြောမလား။ အဲဒီလို ချက်ချင်း ကောက်ချက်မချသင့်ဘူး။ သူ ဘယ်လောက် သတ္တိရှိသလဲဆိုတာ သိလာရလိမ့်မယ်။ ဒါပေမဲ့ ယောနဟာ ကျွန်တော်တို့လိုပဲ အားနည်းချက်တွေကို တိုက်လှန်နေရတဲ့ မစုံလင်သူတစ်ယောက်ပါ။ (ဆာ. ၅၁:၅) ကြောက်စိတ် မဝင်ဖူးတဲ့သူ ရှိပါသလား။
၉။ ယေဟောဝါဘုရား ပေးတဲ့တာဝန်ကို တစ်ခါတလေ ဘယ်လို ယူမှတ်မိနိုင်သလဲ။ အဲဒီအခါ ဘယ်အမှန်တရားကို သတိရသင့်သလဲ။
၉ တစ်ခါတလေ ဘုရားသခင် တောင်းဆိုတာတွေဟာ အရမ်းခက်ပြီး မလုပ်နိုင်ပုံ ပေါက်နိုင်တယ်။ ခရစ်ယာန်တွေကို ခိုင်းထားတဲ့ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်း တာဝန်ကတောင် ခက်ခဲပုံရှိနိုင်တယ်။ (မ. ၂၄:၁၄) “ဘုရားသခင်အတွက် အရာအားလုံး ဖြစ်နိုင်တယ်” လို့ ယေရှု ပြောခဲ့တဲ့ အမှန်တရားကို အလွယ်တကူ မေ့သွားနိုင်တယ်။ (မာ. ၁၀:၂၇) အဲဒီအမှန်တရားကို ကျွန်တော်တို့ မေ့သွားတဲ့အခါ ယောနကို နားလည်ပေးနိုင်ပါလိမ့်မယ်။ ယောန ထွက်ပြေးခဲ့တဲ့အတွက် ဘာဆက်ဖြစ်သလဲ။
နာခံမှုမရှိတဲ့ ပရောဖက်ကို ယေဟောဝါဘုရား ဆုံးမ
၁၀၊ ၁၁။ (က) သင်္ဘောဟာ ဆိပ်ကမ်းက ထွက်ခွာသွားတဲ့အခါ ယောန ဘာစဉ်းစားမိနိုင်သလဲ။ (ခ) သင်္ဘောနဲ့ သင်္ဘောသားတွေ ဘာအန္တရာယ် ကြုံနေရသလဲ။
၁၀ ဖိုနီးရှား ကုန်တင်သင်္ဘောတစ်စင်း ဖြစ်နိုင်တဲ့ သင်္ဘောပေါ် ရောက်နေတဲ့ ယောနကို မြင်ယောင်ကြည့်နိုင်တယ်။ ဆိပ်ကမ်းကနေ သင်္ဘောထွက်ခွာနိုင်ဖို့ မာလိန်မှူးနဲ့ သင်္ဘောသားတွေ အလုပ်များနေတာကို သူကြည့်နေတယ်။ ဆိပ်ကမ်းဟာ မြင်ကွင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့အခါ သူသိပ်ကြောက်တဲ့ အန္တရာယ်ကနေ လွတ်ပြီလို့ ယောန စဉ်းစားမိမယ်။ ဒါပေမဲ့ ရာသီဥတု ရုတ်တရက် ပြောင်းသွားတယ်။
၁၁ ပင်လယ်ပြင်မှာ လေပြင်းမုန်တိုင်း တိုက်ခတ်လာပြီး အခုခေတ် သင်္ဘောတွေထက်တောင် ပိုကြီးတဲ့ လှိုင်းလုံးကြီးတွေဟာ သင်္ဘောကို အရှိန်ပြင်းပြင်းနဲ့ တဝုန်းဝုန်း ရိုက်ခတ်လာပါတော့တယ်။ ဧရာမလှိုင်းလုံးကြီးတွေ ကြားမှာ ယိမ်းထိုးနေတဲ့ သင်္ဘောဟာ ကျိုးပဲ့တော့မလို ဖြစ်နေတယ်။ နောက်ပိုင်းမှာ ယောနကိုယ်တိုင်ရေးတဲ့ “ယေဟောဝါက ပင်လယ်မှာ လေပြင်းတိုက်ခတ်စေ” တယ်ဆိုတာကို အဲဒီအချိန်မှာ သူ သိမသိ အသေအချာ မပြောနိုင်ဘူး။ သင်္ဘောသားတွေဟာ သူတို့ကိုးကွယ်တဲ့ ဘုရားတွေကို အော်ဟစ် အကူအညီတောင်းနေကြတာ သူမြင်ခဲ့ရတယ်။ အဲဒီဘုရားတွေဆီကနေ ဘာအကူအညီမှ ရနိုင်မှာ မဟုတ်ဘူးဆိုတာကို ယောနသိတယ်။ (ဝတ်. ၁၉:၄) “သင်္ဘော ပျက်လုမတတ် ဖြစ်လာတယ်” လို့ သူရေးတဲ့ မှတ်တမ်းက ဆိုတယ်။ (ယောန ၁:၄) ယောနကျတော့ သူရှောင်ပြေးခဲ့တဲ့ ဘုရားသခင်ဆီကို ဘယ်လိုလုပ်ပြီး ဆုတောင်းနိုင်ပါ့မလဲ။
၁၂။ (က) မုန်တိုင်း ကျနေချိန်မှာတောင် အိပ်နေနိုင်တယ်လို့ ယောနကို ဘာကြောင့် အပြစ်မတင်သင့်သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။) (ခ) မုန်တိုင်းဖြစ်ရတဲ့ အကြောင်းရင်းကို ယေဟောဝါဘုရား ဘယ်လို ဖော်ပြသလဲ။
၁၂ အဲဒီအချိန်မှာ ယောနဟာ ဘာအကူအညီမှ မပေးနိုင်လို့ သင်္ဘောကုန်းပတ် အောက်ကို * ဒီအခါ မာလိန်မှူးက ယောနကို တွေ့လိုက်တော့ သူ့ကိုလှုပ်နှိုးပြီး တခြားသူတွေလိုပဲ သူ့ရဲ့ဘုရားကို ဆုတောင်းဖို့ တိုက်တွန်းတယ်။ ဒီမုန်တိုင်းဟာ သဘာဝလွန် စွမ်းအားကြောင့် ဖြစ်တယ်ဆိုတာ သင်္ဘောသားတွေ ရိပ်မိကြလို့ ပြဿနာဖြစ်စေတဲ့ တရားခံကို သိနိုင်ဖို့ မဲချကြတယ်။ မဲချနေတဲ့အခါ တစ်ယောက်ပြီးတစ်ယောက် မဲမကျတဲ့အတွက် ယောနဟာ အတော်လေး ထိတ်လန့်နေမှာပဲ။ နောက်ဆုံးတော့ အမှန်တရား ပေါ်လာပါပြီ။ ယောနဆီမှာ မဲကျအောင် ယေဟောဝါ လုပ်ပြီး ယောနရဲ့ မနာခံမှုကြောင့် မုန်တိုင်းကျတယ်ဆိုတာ ဖော်ထုတ်ခဲ့တယ်။—ယောန ၁:၅-၇ ကိုဖတ်ပါ။
ဆင်းပြီး လဲလျောင်းနေရင်း အိပ်ပျော်သွားတယ်။၁၃။ (က) သင်္ဘောသားတွေကို ယောန ဘယ်လို ၀န်ခံလိုက်သလဲ။ (ခ) ဘာလုပ်ဖို့ သူတို့ကို ယောန တိုက်တွန်းလိုက်သလဲ။ ဘာကြောင့်လဲ။
၁၃ အဲဒီအချိန်ကျမှ ယောန အကြောင်းစုံကို ပြောပြတယ်။ သူဟာ အနန္တတန်ခိုးရှင် ယေဟောဝါဘုရားရဲ့ ကျေးကျွန်တစ်ယောက်ဖြစ်ကြောင်း၊ အဲဒီဘုရားကို သူပြစ်မှားပြီး ထွက်ပြေးလာခဲ့တဲ့အတွက် ဒီအန္တရာယ်ကြီးကို အားလုံး ရင်ဆိုင်နေရတာဖြစ်ကြောင်း သင်္ဘောသားတွေကို ပြောပြလိုက်တယ်။ သူတို့အားလုံးလည်း ထိတ်လန့်သွားပြီး မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြတာကို ယောနမြင်လိုက်တယ်။ သင်္ဘောမပျက်စီးဖို့၊ အသက်ချမ်းသာရဖို့ ဘာလုပ်သင့်သလဲလို့ ယောနကို မေးတော့ သူ ဘယ်လိုပြန်ဖြေသလဲ။ အေးစက်ပြီး လှိုင်းလေထန်နေတဲ့ ပင်လယ်ပြင်ထဲ သူနစ်မြုပ်သွားမယ့်ပုံကို မြင်ယောင်မိပြီး ယောန ကျောချမ်းသွားမှာပဲ။ ဒါပေမဲ့ သူ ကူညီပေးနိုင်မှန်းသိလျက်နဲ့ လူအတော်များများ ရေနစ်သေဆုံးသွားရမယ့် အဖြစ်ကို ဘယ်လိုလုပ် ကြည့်ရက်နိုင်ပါ့မလဲ။ ဒါကြောင့် “ကျွန်တော့်ကို ချီမပြီး ပင်လယ်ထဲသာ ပစ်ချလိုက်။ ဒါဆို လှိုင်းငြိမ်သွားမယ်။ ကျွန်တော့်ကြောင့် ဒီလို မုန်တိုင်းထန်နေတာ” လို့ ပြောလိုက်တယ်။—ယောန ၁:၁၂။
၁၄၊ ၁၅။ (က) ယောနရဲ့ ယုံကြည်ခြင်းကို ဘယ်လို အတုယူနိုင်သလဲ။ (ခ) ယောနပြောတာကို သင်္ဘောသားတွေ ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၁၄ သတ္တိမရှိသူတစ်ယောက်က အဲဒီလို ပြောမှာမဟုတ်ဘူး။ အသက်အန္တရာယ် ကြုံနေရပေမဲ့ ယောနဟာ သတ္တိရှိရှိ ကိုယ်ကျိုးစွန့်တာကို ယေဟောဝါဘုရား မြင်တဲ့အခါ တကယ်စိတ်ကြည်နူးမိမှာပဲ။ ဒီအချိန်မှာ ယောနရဲ့ ယုံကြည်ခြင်း ခိုင်ခံ့တယ်ဆိုတာကို တွေ့မြင်လိုက်ရတယ်။ ကျွန်တော်တို့လည်း ကိုယ့်အကျိုးထက် တခြားသူတွေရဲ့ အကျိုးကို ဦးစားပေးပြီး ယောနကို အတုယူနိုင်ပါတယ်။ (ယော. ၁၃:၃၄၊ ၃၅) တခြားသူတစ်ယောက်ဟာ ကာယရေး၊ စိတ်ဓာတ်ရေး၊ ဘုရားရေးရာဘက် အကူအညီ လိုအပ်နေတာကို မြင်တဲ့အခါ သူ့ကို ကူညီပေးဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်မလား။ အဲဒီလိုလုပ်တာက ယေဟောဝါဘုရားကို ပျော်ရွှင်စေပါတယ်။
၁၅ သင်္ဘောသားတွေလည်း သူ့ကို အတော်လေး လေးစားသွားပုံရတယ်။ ဒါကြောင့်လည်း အစပိုင်းမှာ ယောန ပြောတဲ့အတိုင်း မလုပ်ချင်ကြဘူး။ အဲဒီအစား မုန်တိုင်းကြားမှာ သင်္ဘောမပျက်အောင် သူတို့ အတတ်နိုင်ဆုံး ကြိုးစားကြပေမဲ့ မအောင်မြင်ဘူး။ မုန်တိုင်းက အရှိန်ပြင်းသည်ထက် ယောန ၁:၁၃-၁၅။
ပြင်းလာတယ်။ မတတ်သာတဲ့အဆုံး သင်္ဘောသားတွေဟာ သူတို့ကို ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ အော်ဟစ်တောင်းပန်ပြီး ယောနကို ပင်လယ်ထဲ ပစ်ချလိုက်ကြတယ်။—ယောနကို ဘုရားသခင် ကရုဏာပြပြီး ကယ်တင်ခဲ့
၁၆၊ ၁၇။ သင်္ဘောပေါ်ကနေ ပစ်ချခံရတဲ့အခါ ယောန ဘာတွေ ဖြစ်တယ်ဆိုတာ ပြောပြပါ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၁၆ လှိုင်းတွေ တဝုန်းဝုန်းမြည်နေတဲ့ ပင်လယ်ထဲ ယောန ကျသွားတယ်။ ရေပေါ်မှာ ပေါလောပေါ်နေဖို့ ကိုယ်ဖော့ထားရင်း သင်္ဘောကြီး တဖြည်းဖြည်း ဝေးသွားတာကို ရေမှုန်တွေကြားကနေ သူ ကြည့်နေမှာပဲ။ လှိုင်းလုံးကြီးတစ်ခုက သူ့ကို ရိုက်ချလိုက်တဲ့အခါ ရေထဲ နစ်မြုပ်သွားတော့တယ်။ ပင်လယ်ကြမ်းပြင်ဆီ တဖြည်းဖြည်း ကျနေရင်း သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပါလားလို့ စဉ်းစားနေမိမှာပဲ။
၁၇ အဲဒီအချိန်မှာ သူ ဘယ်လို ခံစားနေရတယ်ဆိုတာကို နောက်ပိုင်းမှာ ယောန ဖော်ပြခဲ့တယ်။ သူ့စိတ်ထဲမှာ ပုံရိပ်တွေ တဖျပ်ဖျပ် ပေါ်လာတယ်။ ဂျေရုဆလင်မြို့က ယေဟောဝါဘုရားရဲ့ လှပတဲ့ ဝတ်ပြုရာအိမ်တော်ကို ဘယ်တော့မှ တွေ့ခွင့်ရတော့မှာ မဟုတ်ဘူးလို့ စဉ်းစားပြီး အတော်လေး ဝမ်းနည်းနေမှာပဲ။ သူ့ကို ရေမှော်ပင်တွေ ရစ်ပတ်လိုက်တဲ့အခါ ပင်လယ်ကြမ်းပြင်ကို ရောက်နေပြီဆိုတာ သိလိုက်ရတယ်။ ဒီနေရာဟာ သူ့ရဲ့ သချိုင်းဖြစ်လာတော့မယ့်ပုံပဲ။—ယောန ၂:၂-၆ ကိုဖတ်ပါ။
၁၈၊ ၁၉။ နက်ရှိုင်းတဲ့ ပင်လယ်အောက် ရောက်သွားတဲ့အခါ ယောန ဘာဆက်ဖြစ်သလဲ။ ဘာအကောင်ကြီး ပေါ်လာသလဲ။ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၁၈ ဒါပေမဲ့ ကြည့်လိုက်ပါဦး။ အမဲရောင် အကောင်ကြီးတစ်ကောင် သူ့အနားကို တဖြည်းဖြည်း ကပ်လာတယ်။ သူ့အနားရောက်တဲ့အခါ ဆတ်ခနဲ ဟပ်လိုက်ပြီး သူ့ကို မျိုချလိုက်တယ်။
၁၉ သူ့ဘဝ ဒီမှာပဲ နိဂုံးချုပ်ရတော့မယ်။ ဒါပေမဲ့ အံ့သြစရာပဲ။ သူ အသက်ရှင်နေတုန်းပါလား။ စိစိညက်ညက် ကြေမွမသွားတဲ့အပြင် မွန်းကျပ်သလိုတောင် မခံစားရဘူး။ ဒါနဲ့ပဲ ယောနဟာ အံ့သြထိတ်လန့်နေရင်း သူ့ဘုရား ယေဟောဝါက “ငါးကြီးတစ်ကောင် စေလွှတ်ပြီး” သူ့ကို “မျိုချစေတယ်” ဆိုတာ သဘောပေါက်သွားတယ်။ *—ယော. ၁:၁၇။
၂၀။ ငါးကြီးဝမ်းဗိုက်ထဲမှာ ယောနတောင်းခဲ့တဲ့ ဆုတောင်းချက်ကနေ ဘာသင်ယူနိုင်သလဲ။
၂၀ မိနစ်တွေ၊ နာရီတွေ ကုန်လွန်သွားပြီ။ တစ်ခါမှ မကြုံဖူးတဲ့ ဒီအမှောင်မိုက်ဆုံးနေရာမှာ ယောန စဉ်းစားတွေးတောနိုင်ပြီး ယေဟောဝါဘုရားဆီ ဆုတောင်းလိုက်တယ်။ ယောနအခန်းကြီး ၂ မှာ မှတ်တမ်းတင်ထားတဲ့ ယောနရဲ့ ဆုတောင်းချက်ကနေ သူ့အကြောင်း အတော်လေး သိရတယ်။ ဒီဆုတောင်းချက်ထဲမှာ ဆာလံကျမ်းကို အကြိမ်ကြိမ် ကိုးကားထားတဲ့အတွက် ယောနဟာ ကျမ်းစာအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်မှန်း သိရတယ်။ အဲဒီအပြင် ချီးကျူးစရာကောင်းတဲ့ နောက်ထပ် အရည်အသွေးတစ်ခုကို တွေ့ရတယ်။ အဲဒါကတော့ ကျေးဇူးတင်စိတ်ပဲ။ သူ့ဆုတောင်းချက်ကို ယောန ဒီလို နိဂုံးချုပ်ခဲ့တယ်– “ကျွန်တော်ကတော့ ကျေးဇူးတော်ချီးမွမ်းပြီး ပူဇော်သက္ကာတွေ ဆက်သပါ့မယ်။ သစ္စာကတိ ပြုထားတဲ့အတိုင်း လုပ်ဆောင်ပါ့မယ်။ ကယ်တင်ခြင်းဟာ ယေဟောဝါဘုရားဆီကပဲ လာတာပါ။”—ယောန ၂:၉။
၂၁။ ကယ်တင်ခြင်းအကြောင်း ယောန ဘာသိနားလည်လာသလဲ။ ဘယ်အဖိုးတန် သင်ခန်းစာတစ်ခုကို သတိရသင့်သလဲ။
၂၁ ယေဟောဝါဘုရားဟာ ဘယ်သူ့ကိုမဆို၊ ဘယ်အချိန်မှာမဆို၊ ဘယ်နေရာမှာမဆို ကယ်တင်နိုင်တဲ့ အရှင်ဖြစ်တယ်ဆိုတာ ယောန သိမြင်ခဲ့တယ်။ “ငါးရဲ့ ဝမ်းဗိုက်ထဲမှာ” မှာ ဒုက္ခရောက်နေတဲ့ ဒီကျွန်ကို ဘုရားသခင် တွေ့မြင်ပြီး ကယ်တင်ခဲ့တယ်။ (ယောန ၁:၁၇) လူတစ်ယောက်ကို ငါးကြီးရဲ့ ဝမ်းဗိုက်ထဲမှာ သုံးရက်နဲ့ သုံးည အသက်ဆက်ရှင်စေနိုင်တာ ယေဟောဝါပဲ ရှိတယ်။ ယေဟောဝါဘုရားဟာ ကျွန်တော်တို့ရဲ့ “အသက်ပေးရှင် ဘုရားသခင်” ဖြစ်တယ်ဆိုတာ စိတ်စွဲမှတ်ထားသင့်တယ်။ (ဒံ. ၅:၂၃) ကျွန်တော်တို့ရဲ့ ထွက်သက်ဝင်သက်၊ ဖြစ်တည်မှု စတာတွေဟာ ဘုရားသခင်ကြောင့်ပဲ။ အဲဒါတွေအတွက် ဘုရားကို ကျေးဇူးတင်ကြပါ သလား။ ကျေးဇူးတင်တယ်ဆိုရင် ယေဟောဝါဘုရားရဲ့ စကားကို နားထောင်သင့်တယ် မဟုတ်လား။
၂၂၊ ၂၃။ (က) မကြာခင်မှာပဲ ယောနရဲ့ ကျေးဇူးသိတတ်တဲ့စိတ် ဘယ်လို စမ်းသပ်ခံခဲ့ရသလဲ။ (ခ) အမှားလုပ်မိတဲ့အခါ ယောနဆီကနေ ဘာသင်ယူနိုင်သလဲ။
၂၂ ယောနကော ဘယ်လိုလဲ။ ယေဟောဝါဘုရားစကား နားထောင်ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလား။ ဖော်ပြခဲ့ပါတယ်။ သုံးရက်သုံးညကြာတော့ ငါးကြီးဟာ “ယောနကို ကုန်းပေါ် အန်ချလိုက်တယ်။” (ယောန ၂:၁၀) စဉ်းစားကြည့်ပါဦး။ ယောနဟာ ကမ်းကို ကူးလာဖို့တောင် မလိုဘူး။ အဲဒီကမ်းခြေဟာ ဘယ်မှာပဲရှိနေပါစေ အိမ်အပြန်လမ်းကိုတော့ သူရှာရတယ်။ မကြာခင်မှာပဲ ကျေးဇူးသိတတ်တဲ့ သူ့စိတ်ဓာတ် စမ်းသပ်ခံလိုက်ရတယ်။ ယောန ၃:၁၊ ၂ မှာ ဒီလိုဆိုတယ်– “အဲဒီနောက် ယေဟောဝါက ယောနဆီ ဒုတိယအကြိမ် ရောက်လာပြီး၊ ‘ယောန၊ ထပါ။ နိနဝေမြို့ကြီးဆီ သွားပြီး ငါမှာထားတဲ့ သတင်းကို ကြေညာပါ’ လို့ပြောတယ်။” အခု ယောန ဘာလုပ်မလဲ။
၂၃ အချိန်မဆွဲဘဲ “ယောနလည်း ထပြီး ယေဟောဝါရဲ့ စကားကို နာခံတဲ့အနေနဲ့ နိနဝေမြို့ကို သွားတယ်” လို့ ဖတ်ရတယ်။ (ယောန ၃:၃) သူ့ရဲ့ အမှားတွေကနေ သင်ခန်းစာရခဲ့တာ ထင်ရှားပါတယ်။ ဒီကိစ္စမှာလည်း ယောနရဲ့ ယုံကြည်ခြင်းကို အတုယူသင့်တယ်။ ကျွန်တော်တို့အားလုံးမှာ အပြစ်ရှိတယ်၊ မှားတတ်ကြတယ်။ (ရော. ၃:၂၃) ဒါပေမဲ့ လက်လျှော့ အရှုံးပေးလိုက်မလား၊ ကိုယ့်အမှားတွေကနေ သင်ခန်းစာယူပြီး ဘုရားသခင်ကို နာခံမှုရှိရှိ အမှုဆောင်ကြမလား။
၂၄၊ ၂၅။ (က) ယောနရဲ့ ဘဝမှာ နောက်ဆုံး ဘာကောင်းချီး ရရှိခဲ့သလဲ။ (ခ) ယောနဟာ အနာဂတ်မှာ ဘာကောင်းချီးတွေ ရဖို့ ရှိသေးသလဲ။
၂၄ ယောနရဲ့ နာခံမှုကို ယေဟောဝါဘုရား ကောင်းချီးပေးခဲ့သလား။ ကောင်းချီးပေးခဲ့ပါတယ်။ တစ်ခုကတော့ သူစီးခဲ့တဲ့ သင်္ဘောပေါ်က သင်္ဘောသားတွေ အသက်ရှင် လွတ်မြောက်သွားကြောင်း ယောန သိလိုက်ရတယ်။ ယောနရဲ့ ကိုယ်ကျိုးစွန့်လုပ်ရပ်ကြောင့် ပင်လယ်လှိုင်းတွေ ချက်ချင်းငြိမ်သွားပြီး သင်္ဘောသားတွေဟာ “ယေဟောဝါကို အကြီးအကျယ် ကြောက်ရွံ့သွားတဲ့အတွက်” သူတို့ရဲ့ နတ်ဘုရားတွေအစား ယေဟောဝါဆီ ပူဇော်သက္ကာတွေ ဆက်သ ကြမှန်း သူသိလိုက်ရတယ်။—ယောန ၁:၁၅၊ ၁၆။
၂၅ နောက်ပိုင်းမှာ အဲဒီထက် ပိုထူးမြတ်တဲ့ ကောင်းချီးတစ်ခု ရခဲ့တယ်။ ယေရှုက သူသင်္ချိုင်းထဲမှာ နေရမယ့်အချိန်ကို ငါးကြီးဝမ်းထဲမှာ ယောန နေခဲ့ရတဲ့ အချိန်နဲ့ နှိုင်းယှဉ်ပြီး ပရောဖက်ပြုခဲ့တယ်။ (မဿဲ ၁၂:၃၈-၄၀ ကိုဖတ်ပါ။) ယောန ရှင်ပြန်ထမြောက်လာတဲ့အခါ အဲဒီကောင်းချီးအကြောင်း သိရရင် သိပ်ပျော်သွားမှာပဲ။ (ယော. ၅:၂၈၊ ၂၉) သင့်ကိုလည်း ယေဟောဝါဘုရား ကောင်းချီးပေးချင်ပါတယ်။ ယောနလိုပဲ ကိုယ့်အမှားတွေကနေ သင်ခန်းစာယူပြီး နာခံမှုရှိရှိ ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြမလား။
^ အပိုဒ်၊ 4 ယောနရဲ့ ဇာတိမြေဟာ ဂါလိလဲနယ်က မြို့တစ်မြို့ဖြစ်နေတာ မှတ်သားစရာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ယေရှုနဲ့ပတ်သက်ပြီး ဖာရိရှဲတွေက “ဂါလိလဲနယ်ကနေ ပရောဖက်တစ်ယောက်မှ မပေါ်ထွန်းဘူး” ဆိုပြီး မောက်မောက်မာမာ ပြောခဲ့လို့ပါ။ (ယော. ၇:၅၂) မထင်ပေါ်တဲ့ ဂါလိလဲနယ်ကနေ ပရောဖက်တစ်ယောက်မှ မပေါ်ထွန်းခဲ့ဘူး၊ ပေါ်ထွန်းမှာလည်း မဟုတ်ဘူးလို့ ဖာရိရှဲတွေက မဆင်မခြင် သိမ်းရုံးပြောလိုက်တာလို့ ဘာသာပြန်သူတွေနဲ့ သုတေသီတွေက ဆိုကြတယ်။ ဖာရိရှဲတွေ အဲဒီလိုပြောလိုက်တာက သမိုင်းနဲ့ ပရောဖက်ပြုချက်တွေကိုပါ တမင်တကာ လျစ်လျူရှုလိုက်တာ ဖြစ်တယ်။—ဟေရှာ. ၉:၁၊ ၂။
^ အပိုဒ်၊ 12 ယောန ဘယ်လောက် အိပ်မောကျနေတယ်ဆိုတာ အလေးပေးတဲ့အနေနဲ့ ဟောက်သံတောင် ကြားနေရတယ်လို့ စက်ပ်တွားဂျင့်ကျမ်းက ဆိုတယ်။ ဒီလို အိပ်မောကျသွားတဲ့အတွက် ယောနဟာ အခြေအနေကို လျစ်လျူရှုနိုင်လွန်းတယ်လို့ ကောက်ချက်ချမိရင် စိတ်ဓာတ်ကျနေတဲ့အခါ အိပ်ချင်စိတ်ကို တစ်ခါတလေ မထိန်းချုပ်နိုင်တာကို အမှတ်ရသင့်တယ်။ ဂေသရှေမန် ဥယျာဉ်မှာ ယေရှု အကြီးအကျယ် စိတ်သောက ရောက်နေတဲ့အခါ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ဟာ “ဝမ်းနည်းလွန်းလို့ နွမ်းလျပြီး အိပ်ပျော်နေ” ကြတယ်။—လု. ၂၂:၄၅။
^ အပိုဒ်၊ 19 “ငါး” ဆိုတဲ့ ဟီဘရူးစကားလုံးကို ဂရိဘာသာစကားနဲ့ “ဧရာမ ပင်လယ်သတ္တဝါကြီး” ဒါမှမဟုတ် “ဧရာမ ငါးကြီး” လို့ပြန်ဆိုကြတယ်။ ဒီငါးကြီးရဲ့ အမျိုးအစားကို တိတိကျကျ မသတ်မှတ်နိုင်ပေမဲ့ မြေထဲပင်လယ်မှာ လူတစ်ကိုယ်လုံး မျိုချနိုင်လောက်အောင်ကြီးတဲ့ ငါးမန်းတွေကို တွေ့နိုင်တယ်။ တခြားနေရာတွေမှာလည်း အဲဒီထက်ကြီးတဲ့ ငါးမန်းတွေရှိတယ်။ ဝေလငါးမန်းဟာ ၄၅ ပေ ဒါမှမဟုတ် အဲဒီထက်မက ရှည်နိုင်တယ်။